
ရန်ကုန် ဇူလိုင် ၂၀
၂၀၂၂ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၄) စတုတ္ထနေ့အဖြစ် ဧရာဝတီအသင်းနှင့် ရန်ကုန်အသင်းတို့ ဇူလိုင် ၂၀ ရက်က သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားရာ ဧရာဝတီအသင်းက သုံးဂိုးပြတ်အနိုင်ရရှိခဲ့သည်။
ပေးဂိုးမရှိ၊ သုံးပွဲဆက်အနိုင်ရလဒ်ဖြင့် ဇယားထိပ်ပိုင်းတွင် ရပ်တည်နေသည့် ရန်ကုန်အသင်း၏ မှတ်တမ်း ကောင်းမှာ ဧရာဝတီအသင်းနှင့် တွေ့ဆုံရာတွင် ချိုးဖျက်ခံရပြီး ပထမဆုံးဂိုးပေးရမှုနှင့်အတူ ယခုရာသီ၏ ပထမဆုံးရှုံးပွဲနှင့်ပါ ရင်ဆိုင်ခဲ့ရသည်။
ဧရာဝတီအသင်းသည် ရာသီအစ ပထမဆုံးပွဲတွင် အရေးနိမ့်ခဲ့သော် လည်း နောက်ဆုံးသုံးပွဲဆက် အနိုင်ရခဲ့ပြီး ဇယားထိပ်ပိုင်းသို့ တက်လှမ်းနိုင်ခဲ့သည်။
ဧရာဝတီအသင်းသည် ပွဲ ထွက်လူစာရင်းကို အပြောင်းအလဲ ပြုလုပ်ခဲ့သော်လည်း တိုက်စစ်ပိုင်း တွင်မူ ရန်ကျော်ထွေး၊ ကောင်း မြတ်သူနှင့် ရာဇာအောင်တို့ကို ဆက်လက် အသုံးပြုခဲ့သည်။ ရန်ကုန်အသင်းမှာမူ ပုံမှန် ပွဲထွက်နေသည့် ကစားသမား အများစုဖြင့် ဆက်လက်ယှဉ်ပြိုင် ခဲ့သော်လည်း ယခုပွဲတွင်မူ ပုံစံ ကောင်းပြသနိုင်ရန် ရုန်းကန်ခဲ့ရသည်။
ဧရာဝတီအသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့် ကစားရာ ၄ မိနစ်မှာပင် ကောင်းမြတ်သူက အဖွင့်ဂိုး သွင်းယူခဲ့သည်။ ဂိုးရပြီးနောက်ပိုင်း တွင် ဧရာဝတီအသင်း ပွဲကို ထိန်းချုပ်နိုင်ခဲ့ပြီး ကောင်းမြတ်သူ ကပင် ၁၈၊ ၂၇ မိနစ်တွင် နှစ်ဂိုး ထပ်မံသွင်းယူခဲ့သဖြင့် ဟက်ထရစ် ရရှိခဲ့သည်။
ရန်ကုန်အသင်းသည် ချေပ ဂိုးရရန် ကြိုးပမ်းခဲ့သော်လည်း တိုက်စစ်ကစားပုံမှာ ယခင်ပွဲများ လောက် ထိရောက်မှု မရှိသလို ရရှိသည့် အခွင့်အရေးများကို လည်း အသုံးမချနိုင်ခဲ့သဖြင့် ချေပဂိုးနှင့် ဝေးခဲ့ရသည်။ ဒုတိယ ပိုင်းတွင် ဧရာဝတီအသင်းက အနိုင်ရလဒ်ကို ထိန်းကစားသွား ပြီး ရန်ကုန်အသင်း တိုက်စစ်ကို အကောင်းဆုံး ဟန့်တားကာ ပေးဂိုးမရှိ အနိုင်ရရှိခဲ့သည်။ လေးပွဲစီ ကစားအပြီးတွင် ဧရာဝတီနှင့် ရန်ကုန်အသင်းတို့က သုံးပွဲနိုင်၊ တစ်ပွဲရှုံးဖြင့် ရမှတ် ကိုးမှတ်စီ ရရှိထားသည်။
ရန်ကုန်အသင်းသည် ယခုပွဲ ရှုံးပွဲကြောင့် ဇယားထိပ်ဆုံးမှ လက်ရှိချန်ပီယံ ရှမ်းယူနိုက် တက်ကို အမှတ်တူဖြင့် ဆက်လက် ဖိအားပေးနိုင်မည့် အခွင့်အရေး လက်လွှတ်ခဲ့ရသည်။
ပွဲစဉ် (၄) နောက်ဆုံးနေ့ကို ဇူလိုင် ၂၁ ရက် (ယနေ့) ညနေ ၃ နာရီတွင် ဆက်လက်ကျင်းပ မည်ဖြစ်ပြီး မြဝတီအသင်းနှင့် ရခိုင်အသင်း ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
ရဲရင့်လွင်
ဓာတ်ပုံ-MNL