စာရိတ္တ၊ ယဉ်ကျေးမှုနှင့် လူမှုရေးရာတို့၏ အခြေခံ

 

မျက်မှောက်ခေတ်ကို  ပညာခေတ်ဟု  ဆိုကြသည်။   အံ့မခန်း လောက်စရာ အရှိန်အဟုန်ဖြင့် တိုးတက်လာသည့် အတတ်ပညာ၊ နည်းပညာများကြောင့် အချို့သော ပညာရပ်နယ်ပယ်များတွင် လူသားတို့က အနန္တတန်ခိုးတော်ရှင်ကိုပင် အန်တုလာသည့်နှယ် ဖြစ်သည်ဟုပင်  တင်စားကြသည်။  သို့ရာတွင်   လူသားတို့၏ စိတ်ပိုင်းဆိုင်ရာလုံခြုံမှု၊ ငြိမ်းချမ်းမှု၊ ကိုယ်အမူအရာ၊ နှုတ်အမူအရာ ယဉ်ကျေးမှု၊ လူ့ကျင့်ဝတ်နှင့် စာရိတ္တတို့ လိုက်နာစောင့်ထိန်းမှု အစရှိသည်တို့ပါဝင်သော နာမ်ပိုင်းဆိုင်ရာဘက်တွင်မူ လူသား တို့၏ ကမ္ဘာကြီးသည် ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်မလာဘဲ  ဆုတ်ယုတ်ကျဆင်းသွားခဲ့သလားဟူ၍ပင် စောကြောဖွယ်ရာတို့ ရှိနေသည်။   အမေရိကန်ကဲ့သို့သော  ကမ္ဘာ့ထိပ်တန်း  ခေတ်မီ နိုင်ငံကြီးတွင်ပင် ကလေးအရွယ်မှစကာ ဘာသာရေးအခြေပြု ယဉ်ကျေးလိမ္မာသင်ခန်းစာမျိုး သင်ကြားပေးရန် စဉ်းစားလာရ ကြောင်း သတင်းမျိုးကို တွေ့ရှိလာရသည်။

 


မြန်မာ့ပညာရေးသမိုင်းတွင်        ကိုလိုနီခေတ်မတိုင်မီက ဘုန်းကြီးကျောင်းပညာရေးစနစ်ဖြစ်သည်။ ၎င်းပညာရေးစနစ် သည် လောကဓာတ်ပညာဟုဆိုသော သိပ္ပံပညာ၊ နည်းပညာရပ်တို့ မပါသော်လည်း စာပေတတ်မြောက်ရန်၊ အကျင့်သီလနှင့် စာရိတ္တ တို့ ကောင်းမွန်ရန်၊ ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးသော အမူအရာတို့ ယဉ်ကျေးသိမ်မွေ့ရန် ငယ်စဉ်ဘဝမှာပင် သင်ကြားပေးနိုင်သည့် အတွက် မြန်မာ့ယဉ်ကျေးမှု၊ မြန်မာတို့၏ အတွေးအခေါ်အယူအဆ နှင့် ကျင့်ဝတ်သီလဆိုင်ရာတို့တွင် ဗုဒ္ဓဘာသာအဆုံးအမအခြေခံတို့ စိမ့်ဝင်နေခြင်းဖြစ်သည်။

 


“ဤသို့ ပထမ၊ နမော,ကကို၊ စ၍သင်ပြီး၊ သင်ပုန်းကြီးလုံး၊ သုံးဆယ့်သုံး၌၊ နှလုံးပိုက်၍၊ ခြိုက်ခြိုက်အားရ၊ တတ်ပြီးမှတည့်၊ မင်္ဂလသုတ်၊   ဆယ့်သုံးပုဒ်ကို၊  အားထုတ်လုံ့လ၊  မကြာရခင်၊ ဓိပ္ပာယ်ငင်၍၊ သိမြင်စိမ့်ကြောင်း . . .” ဟူသော ပုတ္တောဝါဒ ဆုံးမစာအရ    မြန်မာစာအရေးအဖတ်၏   အခြေခံအကျဆုံး ဖြစ်သော   သင်ပုန်းကြီး   သင်ယူတတ်မြောက်ပြီးသည့်အခါ မင်္ဂလသုတ်ကို သင်ယူခဲ့ကြရသည်ဟု သိရသည်။ ဗုဒ္ဓဘာသာဝင် တို့   ရွတ်ဖတ်ကြသည့်  ပရိတ်ကြီး ၁၁ သုတ်တွင် ပါဝင်သည့် မင်္ဂလသုတ်သည် သိနားလည်ရုံ၊ ရွတ်ဖတ်ရုံမျှသာမကဘဲ လိုက်နာ ကျင့်သုံးခြင်းအားဖြင့် စီးပွားချမ်းသာသည့်အကျိုးကို ယခုဘဝ ၌ပင်   ရရှိနိုင်ဟူသည့်  ယုံကြည်ချက်ဖြင့်  ရိုသေလေးမြတ်စွာ သင်ယူခဲ့ကြခြင်းဖြစ်သည်။ ဆရာကြီး ဒဂုန်နတ်ရှင်၏ ရှေးခေတ် ပညာ သင်ကြားပုံတစ်စေ့တစ်စောင်း ဆောင်းပါး၌ မင်္ဂလသုတ်  တက်သော အခမ်းအနားမြင်ကွင်းအကြောင်း ရေးသားခဲ့ရာတွင် “ထိုမင်္ဂလသုတ်အခမ်းအနားကို မြင်ကြရသော ကျောင်းသားများ နှင့် ကျောင်းသားမိဘအချို့မှာ လွန်စွာစိတ်အားတက်ကြွနေပုံ ရပါသည်။ မင်္ဂလသုတ်တက်ရသော ကျောင်းသားအဖို့မှာ လွန်စွာ မျက်နှာပွင့်နေပါသည်။           သင်ပုန်းကြီးမကုန်သေးသော ကျောင်းသားများမှာ  မင်္ဂလသုတ်ကို  တက်ချင်ဇောဖြင့်  စာကို ကြိုးစားကြပါသည်။”ဟူ၍ ထည့်သွင်းရေးသားခဲ့သည်။ 

 


ယခုအခါ “ကျောင်းသားလူငယ်များ စာရိတ္တမြင့်မားရေး အတွက် ပြည်သူ့နီတိနှင့် ၃၈ ဖြာမင်္ဂလာကို သင်ကြားပေးလျက် ရှိပြီး ဒီမိုကရေစီအနှစ်သာရကိုလည်း သိရှိအောင် သင်ကြားပေး သွားရမည်ဖြစ်ကြောင်း”    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်က  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစည်းအဝေး  (၆/၂၀၂၂) တွင် အမှာစကားပြောကြား ရာ၌   ထည့်သွင်းပြောကြားခဲ့ရာ   လူငယ်လူရွယ်များနှင့်တကွ နိုင်ငံ၏    အနာဂတ်အတွက်  လွန်စွာအရေးပါသည့်အလျောက် အလေးအနက်   ထိထိရောက်ရောက်  သင်ကြားသင်ယူမှု   ပြုနိုင် ကြစေလိုပါကြောင်း။        ။