လာမည့် ဩဂုတ်လ ၁ ရက်နေ့မှစ၍ နိုင်ငံတစ်ဝန်းရှိ တိုင်းဒေသ ကြီး တရားလွှတ်တော်များ၊ ပြည်နယ်တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ တရားရုံးများ၊ ခရိုင်တရားရုံးများနှင့် မြို့နယ်တရားရုံးများ တွင် စွဲဆိုထားသည့် တရားမမှုများနှင့်စပ်လျဉ်း၍ တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်ကို ကျင့်သုံးမည်ဖြစ် ကြောင်း ပြည်ထောင်စုတရားသူကြီးချုပ်ရုံးက အသိပေးထုတ်ပြန် ထားသည်။ အဆိုပါစနစ်၏ စမ်းသပ်အစီအစဉ်များကို ၂၀၁၉ ခုနှစ် မတ်လ ၁ ရက်နေ့မှစ၍ နှစ်အလိုက်တိုးချဲ့ဆောင်ရွက်ခဲ့ရာ တွင် ရလဒ်ကောင်းများ ရရှိခဲ့ခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ရှိသည့် တရားရုံးအားလုံး၌ စနစ်တစ်ရပ်အဖြစ် အကောင်အထည် ဖော်သွားရန် အသိပေးထုတ်ပြန်ခြင်းပင်ဖြစ်သည်။
တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်ဟူသည် တရားရုံး၌ စွဲဆိုပြီးဖြစ်သော တရားမမှုအား အမှုသည်တို့၏ ဆန္ဒအရဖြစ်စေ၊ သတ်မှတ်ချက်အရဖြစ်စေ၊ တရားရုံးရှိ စေ့စပ် ဖြေရှင်းရေးဌာန၌ အမှုသည်များကိုယ်တိုင်ပါဝင်ပြီး စေ့စပ်ဖြေရှင်း ရာတွင် တရားရုံးက တာဝန်ပေးအပ်သည့် စေ့စပ်ဖြေရှင်းရေး အရာရှိတစ်ဦးက အမှုသည်များကြားတွင် ကြားဝင်ကူညီ ဆောင်ရွက်၍ အငြင်းပွားမှုကို ဖြေရှင်းပေးခြင်းဖြစ်သည်။ ရုံးခန်း တစ်ခုအတွင်း စေ့စပ်ဖြေရှင်းရေးအရာရှိနှင့် တရားလို၊ တရားပြိုင် တို့ သုံးပွင့်ဆိုင် မျက်နှာချင်းဆိုင်ထိုင်၍ ဖြေရှင်းကြခြင်းဖြစ်သည်။ တရားမမှုများတွင် အမွေမှုကဲ့သို့သော မိသားစုဆိုင်ရာ အငြင်းပွား မှုများ၊ ငွေရေးကြေးရေးအငြင်းပွားမှု၊ အရောင်းအဝယ်ကိစ္စ အငြင်းပွားမှုများကဲ့သို့သော စေ့စပ်ညှိနှိုင်းဖြေရှင်းနိုင်သည့် အမှုများတွင် အမှုစစ်ဆေးမှုမပြုမီ စေ့စပ်ဖြေရှင်းသည့်အဆင့်တွင် နှစ်ဦးနှစ်ဖက်သဘောတူ ပြေလည်မှုရရှိပါက ကာယကံရှင်များ အနေဖြင့် အချိန်ကုန်၊ ငွေကုန် လူပန်းရသည့်အဖြစ်များမှ လွတ်ကင်းနိုင်မည်ဖြစ်သလို တရားရုံးများတွင်လည်း နှစ်ရှည် လများ ကြန့်ကြာနေတတ်သည့် တရားမမှုအရေအတွက်တို့ လျော့ကျသွားမည်ဖြစ်သည်။ မိသားစုဆိုင်ရာ၊ ငွေကြေးဆိုင်ရာ၊ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အငြင်းပွားမှုမျိုးမဟုတ်သော် လည်း အမှုသည်တို့အနေဖြင့် ဆန္ဒအလျောက် စေ့စပ်ဖြေရှင်းရေး ဆောင်ရွက်လိုပါကြောင်း တရားရုံးတွင် တင်ပြလာပါကလည်း အမှုစစ်တရားသူကြီးက ယင်းအမှုကို သတ်မှတ်ချက်နှင့်အညီ စေ့စပ်ဖြေရှင်းရေးဌာနသို့ လွှဲပြောင်းပေးအပ်ပြီး စေ့စပ်ဖြေရှင်း နိုင်ကြသည်။
တရားမမှုများတွင် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်း ရေးစနစ် ဆောင်ရွက်ရာတွင် နှစ်ဖက်ပြိုင်ဆိုင်ကြသည့် အမှုသည် များကြားမှ ကြားဝင်ကူညီဆောင်ရွက်ပေးရသည့် စေ့စပ်ဖြေရှင်း ရေးအရာရှိများ၏ စွမ်းဆောင်ရည်နှင့် အခန်းကဏ္ဍတို့မှာ လွန်စွာ အရေးပါသည်။ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်ခြင်း၊ ဖြောင့်မတ်တည်ကြည်ခြင်း၊ တရားခွင်ရှေ့မှောက် ရောက်ရှိလာ သည့် ပြည်သူတို့၏ ယုံကြည်ကိုးစားမှုကို ရယူနိုင်ခြင်းတို့ဖြင့် တရားရုံးများ၏ ဂုဏ်သိက္ခာကို မြင့်မားစွာ မြှင့်တင်နိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။