မြန်မာအသင်းယှဉ်ပြိုင်မည့် AFF Cup 2022 ပြိုင်ပွဲ အုပ်စုမဲခွဲပွဲ သြဂုတ် ၃၀ ရက်တွင် ပြုလုပ်မည်

 

ရန်ကုန်  ဩဂုတ်   ၁၀


အာဆီယံ   ဘောလုံးအဖွဲ့ချုပ်က ကျင်းပမည့်  AFF Cup 2022 ပြိုင်ပွဲ အုပ်စုမဲခွဲပွဲ      အခမ်းအနားကို သြဂုတ် ၃၀ ရက်တွင် ပြုလုပ်သွား မည်ဖြစ်သည်။ အာဆီယံဘောလုံး အဖွဲ့ချုပ်သည် ထိုင်းနိုင်ငံ၌ ပြုလုပ် မည့် AFF ကောင်စီအစည်းအဝေး နှင့်အတူ ယင်းပြိုင်ပွဲ အုပ်စုမဲခွဲပွဲ ကိုပါ ပြုလုပ်သွားမည်ဖြစ်သည်။

 


တိုက်ဂါး       ဖလားပြိုင်ပွဲ၊ အာဆီယံ       ချန်ပီယံရှစ်ပြိုင်ပွဲ၊ အာဆီယံ   ဆူဇူကီးဖလားပြိုင်ပွဲ အမည်များဖြင့်    ပြုလုပ်ခဲ့သည့် ယခုပြိုင်ပွဲကို ၂၀၂၂ ခုနှစ်မှစတင် ကာ   စပွန်ဆာအသစ်ဖြစ်သော Mitsubishi  Electric  ပံ့ပိုးမှုဖြင့် AFF Mitsubishi Electric Cup 2022 ပြိုင်ပွဲအမည်ဖြင့် ပြုလုပ်သွားမည်ဖြစ်သည်။ အာဆီယံဘောလုံးအဖွဲ့ ချုပ်သည် ယခုနှစ်ပြိုင်ပွဲကို ၂၀၁၈ ခုနှစ်က ကျင်းပ သည့် ပြိုင်ပွဲပုံစံအတိုင်း ပြန်လည်ကျင်းပမည်ဖြစ်ပြီး ငါးသင်း  နှစ်အုပ်စုခွဲ၍ အုပ်စုလေးပွဲကို အိမ်ကွင်း နှစ်ပွဲ၊ အဝေးကွင်းနှစ်ပွဲ၊ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စနစ်ဖြင့် ကျင်းပမည် ဖြစ်သည်။  အာဆီယံဘောလုံးအဖွဲ့ချုပ်၏  သတင်း ထုတ်ပြန်ချက်အရ   အရှေ့တောင်အာရှ  ၁၁  သင်း အနက် အဆင့်ရပ်တည်ချက် အမြင့်ဆုံး ကိုးသင်းမှာ နောက်ဆုံးအဆင့်မှ        စတင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အနိမ့်ဆုံးနှစ်သင်းမှာ ခြေစစ်ပွဲကစားပြီး အနိုင်ရသည့် တစ်သင်းသာ    ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။ နောက်ဆုံးကျင်းပသည့် ၂၀၂၀ ပြိုင်ပွဲတွင် ဗိုလ်စွဲ ခဲ့သည့် ထိုင်းအသင်းအပါအဝင် ဗီယက်နမ်၊ အင်ဒို နီးရှား၊   မလေးရှား၊  စင်ကာပူ၊  မြန်မာ၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနှင့် လာအိုအသင်း စုစုပေါင်း ကိုးသင်း မှာ နောက်ဆုံးအဆင့်မှ တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်ပြီး တီမောနှင့် ဘရူနိုင်းအသင်းတို့မှာ ခြေစစ်ပွဲ ကစားရမည်ဖြစ်သည်။  ပြိုင်ပွဲကို ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပမည်ဖြစ်ပြီး အုပ်စုမဲခွဲပွဲပြုလုပ်မည့်ရက်တွင် ကျင်းပမည့်ကာလကိုပါ တစ်ပေါင်းတည်း ထုတ်ပြန် သွားမည်ဖြစ်သည်။

 


AFF Cup ပြိုင်ပွဲကို ယခုနှစ်တွင် (၁၄)ကြိမ်မြောက် ကျင်းပမည်ဖြစ်ပြီး ကျင်းပပြီးစီးခဲ့သည့် (၁၃)ကြိမ်တွင် ထိုင်းအသင်းက ခြောက်ကြိမ်၊ စင်ကာပူအသင်းက လေးကြိမ်၊ ဗီယက်နမ်အသင်းက နှစ်ကြိမ်၊ မလေးရှား အသင်းက တစ်ကြိမ် ဗိုလ်စွဲထားသည်။

 

မြန်မာအသင်း သည် ၂၀၀၄ နှင့် ၂၀၁၆ ပြိုင်ပွဲတို့တွင် ဆီမီးဖိုင်နယ်သို့ အမြင့်ဆုံး တက်ရောက်ဖူးပြီး နောက်ဆုံးကျင်းပသည့် ၂၀၂၀    ပြိုင်ပွဲတွင်အုပ်စုမှ  ထွက်ခဲ့ရသည်။  မြန်မာ အသင်းသည်   ၂၀၂၀  ပြိုင်ပွဲတွင်  ထိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တီမောတို့နှင့် တစ်အုပ်စုတည်း ကျရောက် ခဲ့ပြီး တစ်ပွဲနိုင်၊ သုံးပွဲရှုံး၊ ရမှတ် သုံးမှတ်ဖြင့် အုပ်စုမှ ထွက်ခဲ့ရခြင်းဖြစ်သည်။ ၂၀၂၀ ပြိုင်ပွဲကို ပုံမှန်အရ ၂၀၂၀ နှစ်ကုန်ပိုင်းတွင် ကျင်းပရမည်ဖြစ်သော်လည်း ကိုဗစ်-၁၉   ရောဂါကြောင့်  ၂၀၂၁  နှစ်ကုန်ပိုင်းသို့ ပြောင်းလဲကျင်းပခဲ့ရသည်။


ရဲရင့်လွင်