
ရန်ကုန် ဩဂုတ် ၁၃
မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံ ခြောက်နိုင်ငံ ပြိုင်ပွဲကြီးကို ဩဂုတ် ၁၄ ရက်(ယနေ့)တွင် ကျင်းပ သွားမည်ဖြစ်ပြီး အဆိုပါ ပြိုင်ပွဲကြီးတွင် မြန်မာ၊ ကမ္ဘောဒီးယား၊ နယူးဇီလန်၊ အာဂျင်တီးနား၊ ထိုင်း၊ အီရန်နိုင်ငံတို့မှ အားကစားသမားများက ယှဉ်ပြိုင်ထိုး သတ်ကြမည်ဖြစ်ကြောင်း ယနေ့နံနက်က စင်ထရယ် ဟိုတယ်၌ ပြုလုပ်သည့် ယှဉ်ပြိုင်ထိုးမည့် အားကစား သမားများအား ဆေးစစ်၊ ဝိတ်တန်းချိန်ပြုလုပ်သည့် ပွဲမှ သိရသည်။
“ဒီပြိုင်ပွဲက မြန်မာ့ရိုးရာလက်ဝှေ့ကို ကမ္ဘာနဲ့ ပိုပြီးတော့သိအောင် ချိတ်ဆက်ပေးတဲ့ ပြိုင်ပွဲတစ်ခု ပါ။ ကျွန်တော်တို့မှာ အေးဂျင့်တွေ ရှိပါ တယ်။ အဲဒီ အေးဂျင့်တွေနဲ့ ကျွန်တော်တို့ ညှိရပါ တယ်။
ပြီးရင် ကစားသမားတွေရဲ့ ထိုးသတ်ခဲ့တဲ့ဗီဒီယိုတွေကို ပြန်ကြည့်ရပါတယ်။ ပြန်ကြည့်ပြီးတော့မှ လက်ရည် တူတဲ့သူနဲ့ ရွေးတာပါ။ ဘာလို့ ခွန်ခန်မာချန်ပီယံကိုခေါ်ထားလဲဆိုတော့ လာမယ့်ရှေ့နှစ်မေလမှာ ကမ္ဘောဒီးယားမှာ ဆီးဂိမ်းလုပ်လို့ရှိရင် ခွန်ခန်မာပါ ပါတယ်။ ခွန်ခန်မာဆိုတာက ကမ္ဘောဒီးယားလိုပြောတာ။ မြန်မာလိုဆိုရင်တော့ လက်ဝှေ့ပေါ့။ မွေဆိုတာ လည်း ထိုင်းလိုပြောထားတာ။ မြန်မာလိုလက်ဝှေ့ ပါပဲ။ ဒါအရှေ့တောင်အာရှ ၁၀ နိုင်ငံရဲ့ ရိုးရာလက်ဝှေ့ ကတော့ ခပ်ဆင်ဆင်ပါပဲ။ ဒါကြောင့် ကျွန်တော်တို့က ခွန်ခန်မာချန်ပီယံကို ဒီနှစ်ခေါ်ထိုးတယ်ဆိုတာက ကျွန်တော်တို့ဘက်က ထိုးမယ့်ကလေးကလည်း ဆီးဂိမ်းအတွက်ရွေးထားတဲ့ ကလေးဖြစ်နေတဲ့ အတွက် ခွန်ခန်မာ တိုက်ခိုက်ရေးသမားတွေက ဘယ်လိုအချက်တွေမှာ အားသာတယ်၊ ဘယ်လို အချက်တွေမှာ အားနည်းတယ်ဆိုတာ သိအောင် လို့ ဒီပွဲမှာ ဖိတ်ခေါ်တာဖြစ်ပါတယ်။ ကျွန်တော် တို့ တွဲဆိုင်းခြောက်ဆိုင်းကို အကောင်းဆုံး ရွေးချယ်ပါတယ်။ တွဲဆိုင်းငါးဆိုင်းကတော့ မြန်မာ့ ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲဖြစ်ပြီး နောက်ဆုံး တွဲဆိုင်းကတော့ ဆီးဂိမ်းအတွက် အမျိုးသမီးကစား သမားရွေးချယ်တဲ့ပွဲဖြစ်ပါတယ်။ ပွဲတွေက သိပ်မလုပ် ဖြစ်တဲ့အတွက် ကျင်းပတဲ့ပွဲတွေမှာ ထည့်ထည့်ပေး ရတယ်။ ဒီဆီးဂိမ်းအတွက် လူရွေးပွဲတွေလုပ်ရတာ ဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ် အလုပ်အမှုဆောင်ဦးဝဏ္ဏက ပြောသည်။
အဆိုပါပြိုင်ပွဲ ၆၀ ကီလိုတန်းတွင် စကိုင်း နက်ရွှေအောင်လံရှင် စောဘဟိန်း(မြန်မာ)နှင့်ခွန်ခမာ ချန်ပီယံသီရက်(ကမ္ဘောဒီးယား)၊ ၆၃ ဒသမ ၅ ကီလို တန်းတွင် စကိုင်းနက်ရွှေအောင်လံ ရှင်အဲမွီ(မြန်မာ)နှင့် နယူးဇီလန်ကစ်ဘောက်ဆင်ချန်ပီယံ ဂျိတ်အော် လီဗာ(နယူးဇီလန်)၊ ၆၇ ကီလိုတန်းတွင် စကိုင်းနက် ရွှေအောင်လံရှင် မင်းထက်အောင်(မြန်မာ)နှင့် ကစ်ဘောက်ဆင် ချန်ပီယံအလံရောနီ(အာဂျင် တီးနား)၊ ၇၀ ကီလိုတန်းတွင် ပထမတန်းချန်ပီယံ နှင့် ဒဂုံအောင်လံရှင် စိုးလင်းဦး(မြန်မာ)နှင့်မွေထိုင်း လက်ဝှေ့ချန်ပီယံ ဝီဂျစ်(ထိုင်း) တို့ ထိုးသတ်မည် ဖြစ်သည်။ ၈၀ ကီလိုတန်းတွင် မြန်မာလက်ဝှေ့ အလွတ်တန်းချန်ပီယံထွန်းထွန်းမင်း (မြန်မာ)နှင့် မွေထိုင်းချန်ပီယံ ဟန်တိုလီမာနီ(အီရန်)တို့ ယှဉ်ပြိုင် ထိုးသတ်မည်ဖြစ်ပြီး အထူးအမျိုးသမီး စိန်ခေါ်ပွဲ အဖြစ် အဖွဲ့ချုပ်လက်ရွေးစင် မေသဇင်ထူးနှင့် သံသာငြိမ့်(AMT2)တို့ ထိုးသတ်မည်ဖြစ်ကြောင်း သိရ သည်။ မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံ ပြိုင်ပွဲကြီး ကို ဩဂုတ် ၁၄ ရက်မွန်းလွဲ ၂ နာရီတွင် သိမ်ဖြူရိုးရာ လက်ဝှေ့ခန်းမ၌ ကျင်းပမည်ဖြစ်ပြီး “ SKYNET Sports-4 ”နှင့် “SKYNET Sports-HD” ရုပ်သံ လိုင်းများတွင် တိုက်ရိုက် Live ထုတ်လွှင့် ပြသသွား မည်ဖြစ်သည်။
အာကာစိုး