အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ အစီအစဉ်အရ ဩဂုတ်လ တတိယပတ်သည် ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်ဖြစ်သည်။ အာဟာရဓာတ် ဟူသည် သက်ရှိသတ္တဝါတိုင်း အသက်ရှင်သန် ကျန်းမာရေး အတွက် လိုအပ်သော ဩဇာဓာတ်ပင်ဖြစ်သည်။ ခန္ဓာကိုယ်ဖွံ့ဖြိုး ရေး၊ လှုပ်ရှားသွားလာနိုင်ရေး၊ မျိုးဆက်ပွားရေး၊ ခွန်အားနှင့် ရောဂါဘယ ကာကွယ်ရေးအတွက် လိုအပ်သည့်အာဟာရကို အစားအစာများ စားသုံးရာမှ ရရှိခြင်းဖြစ်သည်။
ခန္ဓာကိုယ်အတွက် လိုအပ်သည့် အာဟာရရရှိရန် အစားအစာ ကို ဝဝလင်လင်လုံလောက်စွာ မစားရလျှင်ဖြစ်စေ၊ စားသည့် အစာမှ အာဟာရလုံလောက်စွာ မရရှိလျှင်ဖြစ်စေ အာဟာရ ချို့တဲ့မှုဖြစ်ပေါ်လာသည်။ မကြိုက်သည့်အစားအစာဖြစ်၍ မစား ခြင်း၊ ကြိုက်သည့်အစားအစာ အနည်းငယ်မျှကိုသာ စားနေခြင်း၊ အစာရှောင်ခြင်း စသည်တို့ကြောင့် အစားအစာကို အမယ်စုံအောင် မစားဖြစ်သည့်အခါ အာဟာရဓာတ်တစ်ခုခု ချို့တဲ့ခြင်းတို့လည်း ဖြစ်စေသည်။ ထို့ပြင် အာဟာရဓာတ်စုံလင်အောင် ချက်ပြုတ် စားသောက်တတ်သည့် ဗဟုသုတနည်းပါးမှုကြောင့်လည်း အာဟာရချို့တဲ့နိုင်သည်။ မိမိတို့နိုင်ငံတွင် ပုညှက်နေသည့် ကလေး ၂၆ ဒသမ ၇ ရာခိုင်နှုန်းရှိနေကြောင်း၊ ကျောင်းနေအရွယ် ကလေးများ၏ သုံးပုံနှစ်ပုံသည် သွေးအားနည်းနေပြီး ယင်းအနက် ၄၅ ရာခိုင်နှုန်းသည် မိန်းကလေးများဖြစ်ကြောင်း စသည့် ကိန်းဂဏန်းများက အာဟာရဖွံ့ဖြိုးရေး မြှင့်တင်မှုနှင့် ပညာပေး လုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြဆိုနေခြင်းပင်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကိုယ်ဝန်ဆောင်စဉ်နှင့် မွေးဖွားစဉ်မိခင် သေဆုံးမှုနှုန်းသည် တစ်သိန်းလျှင် ၂၈၂ ဦးရှိခြင်းကြောင့် အရှေ့ တောင်အာရှဒေသတွင် ဒုတိယအမြင့်မားဆုံးဖြစ်ပြီး အရှေ့တောင် အာရှဒေသ၏ ကိုယ်ဝန်ဆောင်နှင့် မွေးဖွားစဉ် မိခင်ပျမ်းမျှ သေဆုံးမှုနှုန်း တစ်သိန်းလျှင် ၁၄၀ ထက် နှစ်ဆကျော်လွန် နေသည်။ ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးဖွားမိခင်ကျန်းမာရေးစောင့်ရှောက်မှုတွင် မိခင်များ အာဟာရပြည့်ဝရေးမှာ အထူး အရေးပါသည်။ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်တို့အာဟာရ ချို့တဲ့ပါက မိခင်ရောကလေးပါ ကျန်းမာရေးထိခိုက်နိုင်ပြီး တစ်ခါ တစ်ရံတွင် သေဆုံးသည်အထိ ဖြစ်နိုင်သည်။
ကိုယ်ဝန်ဆောင်မိခင်အချို့ ကလေးထွားမည်စိုးသဖြင့် ဟူသော အကြောင်းပြချက်ဖြင့် အစားလျှော့ခြင်း၊ ရှောင်ခြင်းတို့ မှာ မှားယွင်းပြီး သာမန်အချိန်ထက် တစ်နပ်ပို၍ စားရန်နှင့် အာဟာရဓာတ် အစုံအလင်ပါဝင်အောင် နေ့စဉ်စားသုံးရန် ပညာရှင်များက တိုက်တွန်းထားသည်။ ဖောလစ်အက်စစ်၊ ကယ်လ်စီယမ်၊ သံဓာတ်၊ ဗီတာမင်ဒီ၊ စီ၊ ဘီဝမ်း၊ ဘီတူး၊ ဘီတွဲလ်၊ ဇင့်ဓာတ်ပါ ဆေးဝါးတို့ကို ဆရာဝန်များ၏ လမ်းညွှန်ချက်ဖြင့် သောက်ရန်လည်း လိုအပ်သည်။ နို့တိုက်မိခင်သည်လည်း မိမိ အတွက်ရော ကလေးအတွက်ပါ အာဟာရဓာတ် လုံလောက်စွာ ရရှိစေရန် အစားကိုပိုစားရန်နှင့် အစားမရှောင်ရန်၊ မီးဖွားပြီး တစ်လအတွင်း အင်အားပြည့် ဗီတာမင်အေ ယူနစ် နှစ်သိန်းပါ ဆေးလုံးတစ်လုံး တစ်ကြိမ်သောက်ရန်နှင့် မီးဖွားပြီး သုံးလအထိ ဗီတာမင်ဘီဝမ်းအားဆေး နေ့စဉ်သောက်ရန်လည်း ညွှန်ကြား ထားသည်။
ကလေးငယ်များ ကျန်းမာပျော်ရွှင် ရောဂါကင်းစင်စေရန် အတွက် မိခင်များ ကိုယ်ဝန်ဆောင်ကာလနှင့် မီးဖွားပြီး နို့တိုက် မိခင်ကာလတို့မှာပါ အာဟာရပြည့်ဝရန် လိုအပ်သည်။ အာဟာရ ပြည့်ဝစွာရရှိစေရန်အတွက် အစားအစာအုပ်စု သုံးစုကို နေ့စဉ် မျှတစွာ စားသုံးနိုင်ရန်နှင့် မိမိတို့ဝင်ငွေနှင့် ကိုက်ညီသော အာဟာရပြည့်အစားအစာများကို ကျန်းမာရေးအသိသုတဖြင့် စားသောက်ကြရေး အသိပေးနှိုးဆော်အပ်ပါကြောင်း။ ။