
ရန်ကုန် ဩဂုတ် ၁၇
၂၀၂၂ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၈) စတုတ္ထနေ့အဖြစ် ရတနာပုံနှင့် မြဝတီအသင်းတို့ သြဂုတ် ၁၇ ရက်က သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားရာ ရတနာပုံ အသင်းက မြဝတီအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
ယခုရာသီတွင် ရလဒ်ကောင်း များ ဆက်တိုက်ရပြီး ဇယား ထိပ်ပိုင်းရောက်ရှိနေသည့် မြဝတီ အသင်းသည် ယခုပွဲတွင် ရတနာပုံ အသင်းကို အရေးနိမ့်ပြီး ဒုတိယနေရာမှ ဖယ်ပေးခဲ့ရသည်။ မြဝတီအသင်းသည် ယခုရာသီ တတိယမြောက်အရှုံးနှင့်အတူ တတိယနေရာသို့ ရောက်ရှိသွားခြင်းဖြစ် သည်။ ရတနာပုံအသင်းသည် ပြည့်ဖြိုးသူ (ဂိုး)၊ အောင်ဝဏ္ဏစိုး၊ ဇော်ရဲထွန်း၊ မျိုးကိုထွန်း၊ သက်နိုင်၊ ရဲရင့်အောင်တို့ဖြင့် ပွဲထွက်ခဲ့သလို လှိုင်းဘိုဘိုပြန်ပါလာသဖြင့် ကွင်းလယ်ကစားပုံ ပိုကောင်းလာသည်။ မြဝတီအသင်းမှာလည်း ထွန်းနန္ဒဦး (ဂိုး)၊ ဝေယံဦး၊ ကောင်းစည်သူ၊ အောင်သူ၊ သက်ပိုင်ကိုတို့ဖြင့် ပွဲထွက်ခဲ့သည်။ နှစ်သင်းစလုံး အနိုင် ရရှိရေးအတွက် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး ရတနာပုံအသင်း အနေဖြင့် ဂိုးစတင်ရရှိခဲ့သလို ဒုတိယပိုင်းအစတွင်လည်း အနိုင်သေချာ စေမည့် ဒုတိယဂိုးထပ်မံသွင်းယူနိုင်သဖြင့် အမှတ်ပြည့်ရခဲ့ခြင်းဖြစ်သည်။ ရတနာပုံအသင်းအတွက် ၂၇ မိနစ်တွင် သက်နိုင်က အဖွင့်ဂိုးသွင်းယူ ခဲ့သည်။ ဒုတိယပိုင်းတွင် နှစ်သင်းစလုံး ဂိုးရရန် ကြိုးပမ်းခဲ့ပြီး ၅၆ မိနစ် တွင် ရဲရင့်အောင်က ရတနာပုံအသင်းအတွက် ဒုတိယဂိုးသွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် မြဝတီအသင်းက ချေပဂိုးရရန် ကြိုးပမ်းလာသော် လည်း ရတနာပုံခံစစ်က အမှားအယွင်းမရှိ ကစားပြီး ပေးဂိုးမရှိဘဲ နိုင်ပွဲ ရယူနိုင်ခဲ့သည်။ ယခုပွဲအပြီးတွင် ရတနာပုံအသင်းက ရှစ်ပွဲကစား ရမှတ် ၁၁ မှတ်၊ မြဝတီအသင်းက ရှစ်ပွဲကစား ရမှတ် ၁၅ မှတ် ရရှိထားသည်။ပွဲစဉ် (၈) နောက်ဆုံးနေ့ကို သြဂုတ် ၁၈ ရက် (ယနေ့) ဆက်လက်ကျင်းပမည် ဖြစ်ပြီး ရခိုင်ယူနိုက်တက်အသင်းနှင့် GFA အသင်း ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-MNL