ကျောင်းနေအရွယ် ကလေးအားလုံး KG+9 အထိ သင်ကြား နိုင်ရေးအတွက် နိုင်ငံတော်က ဆောင်ရွက်လျက်ရှိသည်။ KG+9 ဆိုသည်မှာ အခြေခံပညာအလယ်တန်းအဆင့်အထိ သင်ယူ ပြီးမြောက်ရေးဖြစ်ပြီး အနည်းဆုံး ယင်းအဆင့်အထိ အောင်မြင် ပြီးမှသာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုလက်မှုအစရှိသည့် အသက်မွေးဝမ်းကျောင်းပညာရပ်များ ပြောင်းလဲသင်ယူလိုက သင်ယူနိုင်ကြရန်ဖြစ်သည်။ လက်ရှိအခြေအနေတွင် မိမိတို့ နိုင်ငံ ၌ သူငယ်တန်းသို့ စတင်ဝင်ရောက်လာသူ ၁၀၀ လျှင် ၅၀ လျော့လျော့မျှသာ အလယ်တန်းပညာရေး အောင်မြင်ပြီးမြောက် ကြသည်ကို တွေ့ရပြီး တစ်ဝက်ကျော်ကျော်မှာ အောက်ပိုင်း အတန်း အဆင့်ဆင့်တို့တွင် ကျောင်းထွက်သွားကြခြင်း ဖြစ်သည်။
“ကျေးလက်နေကလေးငယ်များ၏ ပညာရေးသည် အားနည်း လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားမြှင့်တင်ရေးအတွက် ပညာရေး၊ ကျန်းမာရေးကဏ္ဍများ မြှင့်တင်၍ ကြိုးပမ်းဆောင်ရွက်ပေးကြ ရမည်ဖြစ်ကြောင်း၊ ပညာသင်ကြားရေးတွင် မူလတန်းပညာရေး ကို မသင်မနေရအဖြစ် အခြေခံဥပဒေ၌ ပြဋ္ဌာန်းထားကြောင်း၊ ပြောင်းလဲလာသော ခေတ်အခြေအနေနှင့် နည်းပညာလိုအပ်ချက် အရ KG+9 အထိ မသင်မနေရအဖြစ် သတ်မှတ်၍ ပညာရေးကို မြှင့်တင်ပေးရန်အတွက် မိမိတို့တာဝန်ယူချိန်ကာလအတွင်း ဆောင်ရွက်နေကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၂) တွင် ပြောကြားခဲ့ရာ ကျေးလက်နေကျောင်းနေအရွယ်ကလေး အများစုအပါအဝင် နိုင်ငံတစ်ဝန်းလုံးရှိ ကလေးအားလုံး အခြေခံ ပညာ အလယ်တန်းပညာရေး အောင်မြင်ပြီးဆုံးသည်အထိ မဖြစ် မနေ ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်သည်။
သူငယ်တန်းမှ စတင်ဝင်ရောက်လာသည့် ကျောင်းသူ ကျောင်းသားကလေးငယ်အားလုံး အခြေခံပညာအလယ်တန်း သင်ယူပြီးဆုံးသည်အထိ စာသင်နှစ်များအားလုံးတွင် ကလေးများ နေ့စဉ်ကျောင်းမှန်မှန်တက်ရေး၊ တစ်တန်းပြီးတစ်တန်း တန်းစဉ် မှန်မှန်ကူးပြောင်းနိုင်ရေးတို့အတွက် မိဘများ၊ ကျောင်းသူ ကျောင်းသားများ၊ ဆရာ ဆရာမများက အဓိကဆောင်ရွက်ကြရ မည်ဖြစ်သော်လည်း အချို့သောအခြေအနေများတွင် ရပ်ရွာ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ ကျောင်းအကျိုးတော်ဆောင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ စသည်ဖြင့် ဘက်ပေါင်းစုံမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြမှ သာလျှင် မိသားစုအခက်အခဲများ၊ လူမှုအကျပ်အတည်းများ စသည့် အကြောင်းအမျိုးမျိုးကြောင့် အခြေခံပညာ တစ်ပိုင်း တစ်စ အနည်းငယ်မျှနှင့် ကျောင်းထွက်ကြရသည့်ဖြစ်ရပ်များ လျော့နည်းသွားမည်ဖြစ်သည်။
၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ မိမိတို့နိုင်ငံတွင် ပညာသင်ကြားတတ်မြောက်မှုအခြေအနေမှာ နိမ့်ကျလျက်ရှိပြီး လုံးဝကျောင်းမနေဖူးသူများ၊ မူလတန်းပညာ တစ်ဝက်တစ်ပျက်၊ အလယ်တန်းပညာ တစ်ဝက်တစ်ပျက် စသည့်ပမာဏကြီးမားစွာ ရှိနေခြင်းက နိုင်ငံ၏အနာဂတ်အတွက် ကောင်းသည့် လက္ခဏာ မဟုတ်ခြင်းကြောင့် ပညာရေးမြှင့်တင်မှုကို မဖြစ်မနေဆောင်ရွက် ကြရမည်ဖြစ်သည်။ အမျိုးသားပညာရေးမြှင့်တင်ရန်မှာ အစိုးရ၏ မူဝါဒချမှတ်အကောင်အထည်ဖော်မှုနှင့်အတူ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည့် အမျိုးသားရေးတာဝန်တစ်ရပ် ပင်ဖြစ်ပါကြောင်း။ ။