ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်များ တွေ့ရှိမှုနှုန်း ပြန်လည်မြင့်တက်လာရာ ပြည်တွင်းကူးစက်မှုများက အဓိက ဖြစ်နေသည်။ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်သည် ယခင် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲများထက် များစွာပိုမိုလျင်မြန်ကူးစက် နိုင်သည့်အခြေအနေတွင် ပြည်သူလူထုအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများကို ကျင့်သုံးမှုလွန်စွာ လျော့နည်း သွားခြင်းက ပြည်တွင်းကူးစက်မှု ပြန်လည်မြင့်တက်လာစေသည့် အကြောင်းရင်းဖြစ်ဖွယ်ရှိသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ကာကွယ်ရေးအတွက် လူစု လူဝေး၊ လူအများရှိနေသည့်နေရာ၊ လူတစ်ဦးနှင့်တစ်ဦး နီးကပ်စွာ ရှိနေရသည့်နေရာများတွင် ပါးစပ်နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရန်၊ ဖျားနာ၊ ချောင်းဆိုး၊ နှာစေး၊ လည်ချောင်းနာ စသည့် ရောဂါသံသယလက္ခဏာများဖြစ်ပေါ်ပါက ပါးစပ်နှာခေါင်းစည်း တပ်ထားရန်နှင့် နီးစပ်ရာ ကျန်းမာရေးဌာနသို့ သတင်းပို့ရန်၊ ရုံးဌာနလုပ်ငန်းခွင်များတွင် ကိုဗစ်-၁၉ ကာကွယ်ရေး စည်းမျဉ်း စည်းကမ်းများကို တိကျစွာလိုက်နာရန်၊ ကိုဗစ်-၁၉ ကာကွယ်ဆေး နှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံရန် အချက်များကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားရာ အလေးအနက် ထား၍ လိုက်နာကျင့်သုံးခြင်းအားဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုနှုန်း ပြန်လည်ကျဆင်းသွားနိုင်မည် ဖြစ်သည်။
ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်သည် ကူးစက်မှုလွန်စွာ လျင်မြန်ပြီး လက်ရှိ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးများကို ကျော်လွန်နိုင်သော်လည်း ရောဂါပြင်းထန်မှု လျော့နည်းခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးသူများတွင် ကူးစက်မှု၊ ရောဂါဝေဒနာ ပြင်းထန်မှု၊ သေဆုံးမှုလျှော့ချပေးနိုင်ခြင်း စသောအချက်များ ကြောင့် ယခင်လှိုင်းများနှင့် နှိုင်းယှဉ်ပါက ရိုက်ခတ်မှု သက်သာ ဖွယ်ရှိသည်။ မည်သို့ပင်ဆိုစေ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ပြည်တွင်းကူးစက်မှု မြင့်တက်လျက်ရှိနေခြင်းက ကောင်းသည့် လက္ခဏာမဟုတ်သည့်အလျောက် ရောဂါကူးစက် ပျံ့နှံ့မှု ပြန်လည်လျော့နည်း ကျဆင်းသွားစေရေးအတွက် လူတိုင်းက ရောဂါကူးစက်ပြန့်ပွားမှု လျော့ကျစေရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြရမည်ဖြစ်သည်။
ကိုဗစ်-၁၉ ကပ်ရောဂါသည် ကမ္ဘာအနှံ့အပြားတွင်ရော အိမ်နီးချင်းနိုင်ငံများနှင့် ပြည်တွင်း၌ပါ ကူးစက်ပျံ့နှံ့မှုများ ရှိနေဆဲ ဖြစ်ပြီး အချို့နိုင်ငံများတွင် ဖြစ်ပွားမှုများ များပြားလျက်ရှိကြောင်း နိုင်ငံတကာသတင်းများတွင် တွေ့ရှိနိုင်သည်။ ယခုအခါ မိမိတို့ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်မှု အနေဖြင့် အသက် ၅ နှစ်နှင့်အထက် ကျောင်းနေအရွယ်ကလေး များအထိ ထိုးနှံပေးလျက်ရှိသကဲ့သို့ အသက် ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေးထိုးနှံပြီးစီးသူများတွင်လည်း ထိုးနှံပြီးစီးမှုကာလ ခြောက်လရှိနေပါက ထပ်ဆောင်းထိုးနှံမှုများ ဆောင်ရွက်ပေး လျက်ရှိသည်။ ကိုဗစ်-၁၉ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများ တိကျစွာလိုက်နာခြင်း၊ ကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ် ဆေးများ မပျက်မကွက် ထိုးနှံခြင်းတို့ဖြင့် ကိုဗစ်-၁၉ မျိုးရိုးဗီဇ ပြောင်း အိုမီခရွန်ကူးစက်ပျံ့နှံ့မှု လျော့ကျရေး ဆောင်ရွက်နိုင်ကြ ပါစေကြောင်း။ ။