မြန်မာ့အလင်းအယ်ဒီတာအာဘော်
နာမည်ကျော် အဆိုတော်ကြီးတစ်ဦးက မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်ထက်က ဖျော်ဖြေပွဲတစ်ခုတွင် ကိုဗစ်နှင့် ပတ်သက်သည့် အခြေခံကာကွယ်ရေးတို့ကို ရှင်းပြရင်း အမှိုက်များကို မီးမရှို့ဖို့ကို ထည့်သွင်းပြောဆိုသွားခဲ့သည်။ အများပြည်သူနေထိုင်ရာ ရပ်ကွက်များတွင် အမှိုက်မီးရှို့ကြခြင်းဖြင့် လေကောင်း လေသန့်မရ၊ မီးခိုးငွေ့နှင့် ကာဗွန်ဒိုင်အောက်ဆိုက်ကိုရှူရ စသည့် အန္တရာယ်တို့ကား ဆိုးရွားလှပါသည်။ ယခုလို ကိုဗစ်ရောဂါနှင့် ရင်ဆိုင်နေရသည့်အချိန်က ပိုမိုဆိုးရွား ဒုက္ခဖြစ်စေသည်ကို နားလည်ကြဖို့လိုပါသည်။ ကိုဗစ်-၁၉ ရောဂါ၏ အဓိကအကျ ဆုံးသော ပြဿနာမှာ ဗိုင်းရပ်စ်ရောဂါပိုးက အသက်ရှူ လမ်းကြောင်းတစ်လျှောက်ကို အန္တရာယ်ပေးခြင်း ဖြစ်ပါသည်။
ကိုဗစ်ရောဂါပိုးကူးစက်ပြီးသည့်နောက် ပိုး၏ တိုက်ခိုက်ခြင်း ခံရသည့်အခါ အပြင်းထန်ဆုံးဝေဒနာမှာ ခန္ဓာကိုယ်တွင်း အောက်ဆီဂျင် နည်းပါးလာခြင်းဖြစ်သည်။ ကိုယ်တွင်း၌ အောက်ဆီဂျင်မြင့်မားရေးအတွက် အောက်ဆီဂျင် ဖြည့်ဆည်း ပေးခြင်းဖြင့် လည်းကောင်း၊ အကူအသက်ရှူစက်ဖြင့်သော် လည်းကောင်း လူနာအသက်ရှူမှု ပုံမှန်ပြန်လည်ဖြစ်လာရေးကို ကုသရသည်။
ထို့ကြောင့် ကိုဗစ်ရောဂါကာလတွင် လူတို့၏ လေကောင်း လေသန့် ရှူရှိုက်နိုင်ရေး၊ ခန္ဓာကိုယ်တွင်း၌ အောက်ဆီဂျင် အချိုးအစား မြင့်မားနေရေးက အရေးကြီး၏။ ပြည်သူတို့ လေကောင်းလေသန့်ရှူကြဖို့ လိုအပ်နေသည့် ယခုလိုအချိန်တွင် အမှိုက်မီးရှို့ငွေ့ကို ရှူနေရသည်က ဆိုးရွားလှပါသည်။
အမှိုက်များမီးမရှို့ရဟူသည့် ဥပဒေက ရှိပြီးဖြစ်၏။ ခြံဝင်းနှင့် နေသူအများစုက ဤဥပဒေကို မသိ၍လော၊ သို့တည်းမဟုတ် သိပင်သိသော်ငြားလည်း အလေးအနက် သဘောမထား၍လော မဆိုနိုင်။ အမှိုက်ပစ်ရန် မကြိုးစားဘဲ ခြံဝင်းထဲက သစ်ရွက်ခြောက် သစ်ရွက်ဆွေးများ၊ အစစသော အမှိုက်များကိုပုံ၍ မီးရှို့လေ့ရှိကြ ၏။ အမှိုက်ပစ်ရန် နေရာမရှိ၊ စည်ပင်အမှိုက်ကားက သစ်ရွက် အမှိုက် လက်မခံ စသည့်အကြောင်းအမျိုးမျိုးဖြင့် ခြံဝင်းထဲရှိ အမှိုက်များ သစ်ရွက်သစ်ကိုင်းခြောက်များကို မီးရှို့ကြသည်ဆိုခြင်း မှာ သာမန်လုပ်ရိုးလုပ်စဉ်ပင် ဖြစ်၍နေပြီ။
ရပ်ကွက်တာဝန်ခံများက အိမ်ခြံများတွင်းက အမှိုက်များ ကို စနစ်တကျ စွန့်ပစ်နိုင်ရေးကို ပြင်ဆင်ကူညီပေးသင့်ပြီ။ သက်ဆိုင်ရာ မြို့နယ်က ပြည်သူ့ကိုယ်စားလှယ်များကတစ်ဆင့် ညှိနှိုင်းဆောင်ရွက်သင့်ပြီ။ ယင်းသို့ ဥပဒေကို ကျော်လွန်ချိုးဖောက် နေသည့်အဖြစ်မျိုးကို အလေးအနက် စဉ်းစားသင့်ကြပြီ။ ယခု ကဲ့သို့သော ဥပဒေကို မသိကျိူးကျွန်ပြုကာ သို့မဟုတ် ဥပဒေကို ချိုးဖောက်ကာ အဆင်ပြေရာ မိမိအလိုအတိုင်း ပြုလုပ်နေကြ သည်တို့ များလာနေသည်က မသင့်လျော်တော့ပြီ။ ယင်းသို့ ဥပဒေ စည်းမျဉ်းများကို လွယ်လွယ်ချိုးဖောက်မှုများ များပြားလာသည့် အခါ မြန်မာ့လူမှုအသိုင်းအဝိုင်းတွင် ဥပဒေစည်းမျဉ်းကို ကျော်လွန် လုပ်ဆောင်ဆိုသည်တို့မှာ မထူးဆန်းလှသော မြင်ကွင်းများပင် ဖြစ်နေချေပြီ။
ဆိုင်ကယ်ဦးထုပ် မဆောင်းသည့်သူများ၊ ဆိုင်ကယ်တစ်စီး ကို သုံးယောက်၊ လေးယောက် စုစီးကြခြင်းများ၊ ကားလမ်းကို ကြုံသည့်နေရာက ဖြတ်ကူးနေခြင်းများ၊ ကွမ်းတံတွေးတပျစ်ပျစ် ကားလမ်းပေါ်၊ လူသွားလမ်းပေါ် ထွေးချင်သလို ထွေးနေကြခြင်း များတို့မှသည် ယခုအခါ လမ်းများပေါ်တွင် နှာခေါင်းစည်း မတပ်ဆင်ဘဲ ဥဒဟို သွားနေကြခြင်းများ၊ လူစုလူဝေးများ ပြုလုပ် နေကြခြင်းများတို့အထိ ဖြစ်လာနေကြသည်။
စည်းမျဉ်းဥပဒေများ ထုတ်ပြန်သည်ဆိုခြင်းမှာ လူမှုအသိုက် အမြုံတွင်းက လူတို့ကို အကာအကွယ်ပေးရေးဟူသည့် မြင့်မား သည့် ရည်ရွယ်ချက်ရှိပါသည်။ ထိုစည်းမျဉ်းတို့ကို ချိုးဖောက်သည် ဆိုခြင်းမှာ လူမှုအဖွဲ့အစည်းတစ်ခုလုံးကို စိတ်ချလုံခြုံမှုဝန်းကျင်မှ ဘေးအန္တရာယ်ရှိရာသို့ တွန်းပို့ရာရောက်ပါသည်။
ထုတ်ပြန်ပြဋ္ဌာန်းထားသည့် ဥပဒေစည်းမျဉ်းများကို ပြည်သူ လူထုက လိုက်နာကြရန်လိုအပ်သကဲ့သို့ ရပ်ကွက်အလိုက် မြို့နယ် အလိုက် တာဝန်ရှိကြသူအသီးသီးတို့ကလည်း ကြပ်ကြပ်မတ်မတ် အလေးဂရုပြုကြသင့်ပါကြောင်း။ ။