ဒေသအစွဲဖြင့် သွေးခွဲရေး ယုတ်မာညစ်ထေးသည့်လုပ်ရပ်

 

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်တွင် စက်မှု ဇုန်ပေါင်း  ၂၉  ခုရှိပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများဖြင့် လည်ပတ်လျက်ရှိသော စက်ရုံထောင်ပေါင်းများစွာတို့က နိုင်ငံ တစ်ဝန်းလုံးမှ လူငယ်လူရွယ်များအတွက် အလုပ်အကိုင်အခွင့် အလမ်းများပင်ဖြစ်သည့်အလျောက် တိုင်းဒေသကြီးနှင့်ပြည်နယ် များမှ လာရောက်အလုပ်လုပ်ကိုင်နေကြသူများလည်း များစွာ ရှိသည်။ လှိုင်သာယာသည် စက်မှုမြို့ဟု ဆိုရလောက်အောင်ပင် လှိုင်သာယာစက်မှုဇုန်  အမှတ်(၁) ၊  အမှတ်(၂) ၊   အမှတ်(၃)၊ အမှတ် (၄) ၊ အမှတ်(၆) ၊ အမှတ် (၇)နှင့် လှိုင်သာယာစက်မှုဇုန် အမှတ်(၅)၊ ရွှေလင်ပန်းစက်မှုဇုန် စသည့်စက်မှုဇုန်များတည်ရှိပြီး အနယ်နယ်အရပ်ရပ်မှ အမျိုးသမီး၊ အမျိုးသား အလုပ်သမားများ သိန်းနှင့်ချီ၍ အလုပ်လုပ်ကိုင်နေကြခြင်းဖြစ်သည်။

 


ပြီးခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်း လှိုင်သာယာ စက်မှုဇုန်မှ စက်ရုံအချို့က နိုင်ငံသားစိစစ်ရေးကတ်(၅/)၊ (၈/)၊ (၉/) ကိုင်ဆောင်သည့် လုပ်သားများအား အကြောင်းမဲ့ အလုပ်မှ ရပ်နားခြင်း၊ တာဝန်မပေးခြင်း၊ ခွဲခြားဆက်ဆံခြင်းများ ပြုလုပ် နေကြောင်း စသည်တို့ကို ပြည်ပလက်ဝေခံသတင်းဌာနအချို့က သတင်းအဖြစ် ထုတ်လွှင့်ဖော်ပြလာခဲ့သည်။ နိုင်ငံသားစိစစ်ရေး ကတ်တွင် ဖော်ပြသည့် (၅/) သည် စစ်ကိုင်းတိုင်းဒေသကြီး၊ (၈/) သည် မကွေးတိုင်းဒေသကြီးနှင့် (၉/) သည် မန္တလေးတိုင်းဒေသကြီး တို့ကို ရည်ညွှန်းထားခြင်းဖြစ်ပြီး လတ်တလောအခြေအနေတွင် အဆိုပါတိုင်းဒေသကြီးများအတွင်းရှိ ဒေသအချို့၌ မတည်မငြိမ် ဖြစ်ပွားနေခြင်းကို   အကြောင်းပြု၍   စက်ရုံတွင်  လာရောက် အလုပ်လုပ်ကိုင်နေသည့်       အလုပ်သမားများကို   အစိုးရ၏  နောက်ကွယ်မှ ညွှန်ကြားချက်အရ ဖိနှိပ်မှုများပြုလုပ်နေသယောင် သတင်းထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။

 


မိမိတို့နိုင်ငံတွင် တည်ငြိမ်အေးချမ်းမှုပျက်ပြားရေး၊ တိုင်းပြည် ပြိုကွဲပျက်စီးရေးကို တစိုက်မတ်မတ်ပြုလုပ်နေကြသည့် ပြည်ပ အင်အားစုများနှင့် ၎င်းတို့၏လက်ဝေခံ ပုဆိန်ရိုးများက မိမိတို့ နိုင်ငံ၏ တိုင်းရင်းသားပြည်သူများအကြား လူမျိုးရေးအခြေခံကာ သွေးခွဲသပ်လျှိုမှုများ ပြုလုပ်ခဲ့ကြသလို ယခုလုပ်ရပ်မှာ ဒေသကို အခြေခံ၍ ဒေသစွဲဖြင့် အကွဲအပြဲဖြစ်အောင် ယုတ်မာပက်စက်စွာ ထပ်မံဖန်တီးလာကြခြင်းလည်းဖြစ်သည်။ တစ်ဆက်တည်းမှာပင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများကို အနှောင့်အယှက်ဖြစ်ပေါ် စေခြင်း၊ လုပ်ငန်းခွင်များတွင် မတည်မငြိမ်မှုများ ဖြစ်ပေါ်စေခြင်း ဖြင့်    ကုန်ထုတ်လုပ်မှုနှင့်   နိုင်ငံ၏စီးပွားရေး  ကျဆင်းစေရန်၊ ပြည်သူလူထုအတွင်း  အခက်အခဲများ  ဖြစ်ပေါ်စေရန်  လှုံ့ဆော် နေကြခြင်းပင်ဖြစ်သည်။

 


ကချင်၊  ကယား၊  ကရင်၊ ချင်း၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ မွန်၊ ရခိုင်၊ ရန်ကုန်၊ ရှမ်း၊ ဧရာဝတီဟူသော (၁/) မှသည် (၁၄/)အထိ တိုင်းဒေသကြီး(၇) ခုနှင့် ပြည်နယ် (၇)ခုတို့မှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏   အဆင့်အတန်းတူညီသည့် နယ်မြေအစိတ်အပိုင်းများဖြစ်သကဲ့သို့ နိုင်ငံသားတိုင်း ဥပဒေအရာ တွင်   တန်းတူညီမျှ  အခွင့်အရေးရရှိကြသည်။  နိုင်ငံသားတိုင်း ဝန်ထမ်းတာဝန် ထမ်းဆောင်ရာတွင်ဖြစ်စေ၊ အလုပ်လုပ်ကိုင်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း၊ စီးပွားရေးလုပ်ခြင်း၊ အတတ်ပညာ ဖြင့် အသက်မွေးခြင်းတို့တွင်ဖြစ်စေ တူညီသော အခွင့်အလမ်းများ ကို  အခြေခံဥပဒေအရ  ရရှိပြီးဖြစ်ရာ  မသမာသူတို့၏  ဝါဒဖြန့် အဖျက်အမှောင့်ပြုလုပ်မှုတို့ကို    သတိပြု၍   ဝိုင်းဝန်းဆန့်ကျင် ရှုတ်ချကြရပါမည့်အကြောင်း။        ။