
ရန်ကုန် ဩဂုတ် ၃၁
စက်တင်ဘာတွင် ကျင်းပမည့် ၂၀၂၃ အာရှဖလား ယူ-၂၀ ခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင် နေသည့် မြန်မာ ယူ-၁၉ အသင်း နှင့် ကျင်းပပြီးစီးခဲ့သည့် ၂၀၂၂ တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ-၁၉ ဘောလုံးပြိုင်ပွဲမှ ခြေစွမ်း ပြနိုင်သည့် ကစားသမားများဖြင့် ဖွဲ့စည်းထားသည့် တိုင်းဒေသကြီး/ပြည်နယ် ယူ-၁၉ အသင်းတို့၏ ဒုတိယခြေစမ်းပွဲကို သြဂုတ် ၃၁ ရက်က သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပရာ မြန်မာ ယူ-၁၉ လက်ရွေးစင်အသင်းက သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိသည်။
မြန်မာ ယူ-၁၉ အသင်းသည် ပထမပွဲတွင်ကစားခဲ့သည့် ပွဲထွက် လူစာရင်းကို အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ယှဉ်ပြိုင်ခဲ့သည်။ ပထမပိုင်းတွင် တစ်ဂိုးစီသရေကျ နေသော်လည်း ဒုတိယပိုင်းတွင် ဂိုးများထပ်သွင်းခဲ့သည့် မြန်မာ ယူ-၁၉ အသင်းက အနိုင်ရခဲ့ခြင်း ဖြစ်သည်။
မြန်မာ ယူ-၁၉ အသင်း အတွက် ဂိုးများကို မိနစ် ၃၀ တွင် မိုးဆွေ၊ မိနစ် ၅၀ တွင် ဥက္ကာနိုင်၊ ၇၆ မိနစ်တွင် သိန်းဇော်သီဟတို့က သွင်းယူခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ် ယူ-၁၉ အသင်းအတွက် ချေပဂိုးတစ်ဂိုးကို ၄၅+၁ မိနစ်တွင် စောစီရဖိုးက သွင်းယူခဲ့သည်။
မြန်မာ ယူ-၁၉ အသင်းသည် ၂၀၂၃ အာရှဖလား ယူ-၂၀ ခြေစစ်ပွဲ အကြိုပြင်ဆင်မှုအဖြစ် ယခုခြေစမ်းပွဲများ ကစားခြင်း ဖြစ်ပြီး ပထမခြေစမ်းပွဲတွင် နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
မြန်မာ ယူ-၁၉ လက်ရွေးစင် အသင်းနှင့် တိုင်းဒေသကြီး/ပြည်နယ် ယူ-၁၉ အသင်းတို့သည် သြဂုတ် ၂၉ ရက်တွင် ပထမခြေစမ်း ပွဲကစားပြီးနောက် ယနေ့တွင် ဒုတိယ ခြေစမ်းပွဲကစားခြင်းဖြစ် ပြီး မြန်မာ ယူ-၁၉ အသင်းက နှစ်ပွဲစလုံး အနိုင်ရခဲ့သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-MFF