ထိုင်းနိုင်ငံသည် မြန်မာရွှေ့ပြောင်းအလုပ်သမား အများဆုံး သွားရောက် အလုပ်လုပ်ကိုင်နေကြသည့် အိမ်နီးချင်းနိုင်ငံဖြစ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုမြင့်တက်လာသည့် ကာလ အတွင်း နှစ်နှစ်ကျော်ခန့်ကြာမြင့်အောင် အလုပ်သမားများ စေလွှတ်မှုကို ရပ်နားထားခဲ့ရသည်။ နှစ်နိုင်ငံနားလည်မှု စာချွန် လွှာ MoU စနစ်ဖြင့် ထိုင်းသို့ လုပ်သားစေလွှတ်မှုကို ယခုနှစ်မေလ အတွင်း ပြန်လည်ခွင့်ပြုခဲ့ရာ ယခုအခါ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အကျိုးဆောင်အေဂျင်စီများ၏ လုပ်သားပို့ဆောင်မှုများ အရှိန်ရလျက်ရှိသည်။
ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများ ဖြင့် တရားဝင်သွားရောက်လုပ်ကိုင်နိုင်သည့်တိုင်အောင် တရား မဝင် ပို့ဆောင်သူများ၊ ပွဲစားများနှင့် ချိတ်ဆက်ပြီး တစ်ဖက်နိုင်ငံ သို့ ခိုးဝင်မှုများကြောင့် တစ်ဖက်နိုင်ငံတွင် ဖမ်းဆီးခံနေရသည့် သတင်းများကိုလည်း မကြာခဏတွေ့မြင်နေရသည်။ အကယ်၍ ဖမ်းဆီးမခံရပါကလည်း လူကုန်ကူးခံရခြင်း၊ လိမ်လည်ခံရခြင်း၊ တရားမဝင်ပို့ဆောင်သူ၊ ပွဲစားက အဝေးပြေးလမ်းတစ်နေရာရာ၊ တောတွင်း စသည်တို့၌ စွန့်ပစ်ထွက်ပြေးခြင်း၊ အလုပ်လုပ်ကိုင် ရာ၌လည်း လုပ်ခငွေကြေးနှင့် အခွင့်အရေးတို့ အပြည့်အဝမရခြင်း၊ ဥပဒေ၏ အကာအကွယ်ကိုမရရှိခြင်း စသည်ဖြင့် ဆုံးရှုံးနစ်နာမှု များစွာတို့ ကြုံတွေ့ရနိုင်သည်။
ထိုင်းနိုင်ငံသို့ တရားဝင် MoU လမ်းကြောင်းမှ သွားရောက် အလုပ်လုပ်ကိုင်ရာတွင် ထိုင်းအလုပ်ရှင်၏ အလုပ်ခေါ်စာကို ထိုင်းအလုပ်သမားရုံး၊ မြန်မာအလုပ်သမား သံအရာရှိတို့က စစ်ဆေးထောက်ခံခြင်း၊ မြန်မာအစိုးရက အလုပ်သမားခေါ်စာကို အတည်ပြုလက်ခံပြီး အလုပ်သမားရွေးချယ်၊ ဆေးစစ်၊ နိုင်ငံကူး လက်မှတ်ပြုလုပ်ခြင်း၊ အလုပ်ရှင်အလုပ်သမားစာချုပ်ကို အလုပ် သမားအရာရှိရှေ့၌ ချုပ်ဆိုခြင်း၊ အလုပ်သမားအမည်စာရင်းကို မြန်မာအစိုးရက အတည်ပြုလက်ခံခြင်း၊ အလုပ်သမားအမည် စာရင်းကို ထိုင်းအလုပ်သမားရုံးသို့ ပေးပို့ခြင်းနှင့် ထိုင်းဘက်က ပြည်ဝင်ခွင့်ဗီဇာနှင့် အလုပ်လုပ်ကိုင်ခွင့် ပါမစ်ပေးခြင်း၊ မြန်မာ ဘက်တွင် အီး-စမတ်ကတ်လုပ်ပြီး နယ်စပ်သို့ ထွက်ခွာခြင်း၊ ယင်းနောက် ထိုင်းနယ်စပ်မြို့သို့ရောက်ရှိပြီး ပြည်ဝင်ခွင့် ဗီဇာနှင့် အလုပ်လုပ်ခွင့် (Work Permit) တို့ ရရှိခြင်းနှင့် အလုပ်လုပ်ရမည့် စက်ရုံသို့ ရောက်ရှိခြင်းဟူသော လုပ်ငန်းအဆင့်ဆင့်ဖြင့် သွားရောက်ကြရခြင်းဖြစ်ရာ လွန်စွာသေချာခိုင်မာသည်။
ပြည်ပသို့ တရားဝင်သွားရောက် အလုပ်လုပ်ကိုင်သည့်နည်းတူ မိသားစုလွှဲပို့ငွေများကို တရားဝင်လွှဲပို့ရေးကလည်း ဆိုက်ရောက် ရာနိုင်ငံရှိ တရားဝင်ပုဂ္ဂလိက မြန်မာဘဏ်များမှတစ်ဆင့် လွှဲပို့ ကြရန်လိုသည်။ တရားမဝင် ဟွန်ဒီလုပ်ကိုင်သူများက အလုပ်လုပ် သည့် နေရာထိ ငွေလာကောက်ပေးခြင်း၊ ယခုလွှဲ ယခုရောက် ဝန်ဆောင်ပေးခြင်း စသည်တို့ရှိသော်လည်း လုပ်ငန်းလိုင်စင်၊ လိပ်စာအတည်တကျတို့မရှိသလို တရားမဝင်ခြင်းကြောင့် အခိုင် အမာယုံကြည်၍မရ။ အချိန်မရွေး အကြောင်းကြောင်းတို့ဖြင့် မိမိလွှဲငွေတို့ ဆုံးရှုံးနိုင်သည်ဖြစ်ရာ ထိုင်းဗဟိုဘဏ်က တရားဝင် ခွင့်ပြုပေးထားသည့် ရွှေဘဏ်၊ ကမ္ဘောဇဘဏ်၊ မြန်မာနိုင်ငံသား များဘဏ်၊ မြန်မာမိုဘိုင်းလ် ငွေကြေးဝန်ဆောင်မှု ကုမ္ပဏီလီမိတက် စသည့် ပုဂ္ဂလိကဘဏ်များနှင့် ချိတ်ဆက်ကာ မိသားစုထံ လွှဲပို့ ငွေများကို လုံခြုံစိတ်ချစွာပေးပို့ကြရေး အကျိုးမျှော်ကာ နှိုးဆော် တိုက်တွန်းလိုက်ရပါကြောင်း။ ။