Type

ဆောင်းပါး
=======
ရှေ့နေနှင့် ဘာသာ သာသနာ
================
ဦးဟန်ညွန့် (ဥပဒေ)
နိဒါန်း
“ဆရာ”
“ဗျာ”
“ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ”
“ရှေ့နေနှင့် ဘာသာ သာသနာပါတဲ့”
“ဘာကိုရေးချင်တာလဲ ဆရာ”
“ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်တဲ့ ကျွန်တော့်အနေနဲ့ ဘာသာ သာသနာအကြောင်း လေ့လာဆည်းပူးရင်း ရည်ညွှန်းကိုးကားချင်တဲ့ စာအုပ်အကြောင်းပါ။ ”
“ဘာစာအုပ်လဲ ဆရာ”
“စာရေးဆရာမကြီး လူထုဒေါ်အမာရေးတဲ့ သာသနာ ရောင်ဝါ နေသို့ထွန်းပါစေ ဆိုတဲ့ စာအုပ်ပါ”
“စိတ်ဝင်စားပါတယ် ဆရာ”
“ဖတ်ကြည့်ကြရအောင်”
ဗုဒ္ဓဘာသာဝင်
ကျွန်တော်သည် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပါသည်။ သို့သော် ဗုဒ္ဓဘာသာအကြောင်း သိပ်မသိပါ။ လေ့လာမှု နည်းသည်။ ဥပဒေဝန်ထမ်းတစ်ဦးမို့ ဥပဒေစာအုပ်တွေကိုပဲ စုဆောင်းသည်။ အဖတ်များသည်။ အိမ်တွင်းစာကြည့် တိုက်မှာ ဘာသာရေးစာအုပ်နည်းသည်။ တချို့ဘာသာရေး စာအုပ်တွေမှာလည်း ဖတ်ကြည့်တော့ ကျွန်တော် နားမလည်။ ပါဠိဘာသာတွေနှင့် များသည်။ ထိုအခါ…..။
လူထုဒေါ်အမာ
စာရေးဆရာမကြီး လူထုဒေါ်အမာကို ကျွန်တော် ချစ်ကြည်လေးစားသည်။ မန္တလေးမှာ အထက်တန်း ကျောင်းသားဘဝ (၁၉၆၄)ထဲက အန်တီမာကို တွေ့ဖူး သည်။ လူထုသတင်းစာမှာ အန်တီမာရေးသော ဆောင်းပါး တွေက ကျွန်တော် အသည်းစွဲ။ မန္တလေးကလည်း တန်ခိုးကြီး ဘုရား မဟာမုနိဘုရားကြီးနှင့်တကွ ထင်ရှားသော ဘုရားတွေစုံသည်။ ဗုဒ္ဓဘာသာ ပွဲလမ်းသဘင်တွေက လည်းပေါသည်။ ဘာသာ သာသနာထွန်းကားသောမြို့။ ယဉ်ကျေးသော မန္တလေးမှာ လူဖြစ်ခဲ့ရသော ကျွန်တော် ဂုဏ်ယူသည်။ ဘာသာသာသနာလေ့လာစရာ၊ နာယူစရာ တွေ စုံလင်ပေသည်။
သာသနာရောင်ဝါ နေသို့ ထွန်းပါစေ
စာရေးဆရာမကြီး လူထုဒေါ်အမာရေးသားပြုစုသော စာအုပ်အမည် အပြည့်အစုံမှာ “သာသနာရောင်ဝါ နေသို့ ထွန်းပါစေ” ဖြစ်သည်။ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လတွင် ပထမ အကြိမ်အဖြစ် လူထုကြီးပွားရေးစာအုပ်တိုက်က ထုတ်ဝေ သည်။ စံပြုစာအုပ်အဖြစ် တင်ပြလိုပါသည်။
မာတိကာ
စာရေးဆရာမကြီး လူထုဒေါ်အမာ ရေးသားပြုစုသော စာအုပ်တွင် ထုတ်ဝေသူရဲ့ အမှာစာ၊ ပီနံနှင့်မဟာစည် သာသနာ၊ တရုတ်ပြည်ရောက် ဗုဒ္ဓသာသနာ၊ နိုင်ငံခြားမှာ ဗုဒ္ဓသာသနာ၊ အာဖရိကတိုက်ကြီးပေါ်မှာ စတင်ထွန်းလင်း လာနိုင်ရာတဲ့ ထေရဝါဒ ဗုဒ္ဓရောင်ခြည်၊ ဗုဒ္ဓရောင်ခြည် အာဖရိကတိုက်ကြီးပေါ်မှာ စတင်ထွန်းလင်းပြီ၊ အာဖရိက တိုက်ကြီးပေါ်က ထေရဝါဒဗုဒ္ဓရောင်ခြည်၊ တောင် အာဖရိကမှာ ပွင့်လင်းတဲ့ဗုဒ္ဓသာသနာ၊ အာဖရိကတိုက် ရောက် ဗုဒ္ဓသာသနာ၊ မြင်တော်မူစေချင်စမ်းပါဘိ၊ မန်လည်ဆရာတော်ဘုရာကြီးသို့ ကန်တော့ပန်း၊ ရှေးဖြစ် ဟောင်း အောက်မေ့ဖွယ်၊ အရပ်နဲ့အရိပ်၊ ကျွန်မတို့ ကိုးကွယ်တဲ့ဘုန်းကြီး၊ သာဓုခေါ်ပါရစေဦးမြင့်ဆွေ၊ အတူ မရှိတဲ့ အမျိုးသမီးကြီး၊ သတိနဲ့လှူတဲ့အလှူ၊ သာသနာ ရောင်ဝါနေသို့ထွန်းပါစေ၊ တောင်ထိပ်ကြာပေါက်၊ ထွက် ပေါက်၊ စိုရာမှစိမ်း၊ ကျေးဇူးများလှတဲ့အလှူ၊ သတိရှိတဲ့ ပုဂ္ဂိုလ်များ၊ ကဆုန်ညောင်ရေပွဲ၊ ဘုရားဖူးသွားချင်သေးဆဲ၊ တည်ထောင်သွားကြသူများကို သတိရလိုက်ပါဘိတယ်၊ ရောင်ဝါနေသို့ ထွန်းပါစေ၊ ဆရာဒကာ အကျိုးပေး ကောင်း ကြလို့၊ နံ့သာမြိုင်စခန်းက အလှူဖိတ်စာကြီးရတော့၊ ကျွန်မတို့ငယ်ငယ်တုန်းက၊ ကျွန်မသိတဲ့ ရွှေကျင်၊ မျက်မမြင် ဆရာတော် ဦးဉေ ယျ၏ ၅၈ နှစ် မွေးနေ့တွင် ရေးခဲ့သောစာတို့ ပါဝင်သည်။
ထုတ်ဝေသူရဲ့ အမှာစာ
အမေလူထုဒေါ်အမာ မဂ္ဂဇင်းတွေထဲမှာ ရေးခဲ့တဲ့ ဗုဒ္ဓ ဘာသာ သာသနာနဲ့ဆိုင်ရာ ဆောင်းပါးလေးတွေကို စုစည်းပြီး စာအုပ်ကလေးတစ်အုပ်လုပ်ပြီး ထုတ်ဝေလိုက် ပါတယ်။ ဗုဒ္ဓသာသနာရောင်ခြည် ကျယ်ပြန့်စွာ ထွန်းလင်း စေလိုတဲ့ စေတနာနဲ့ အမေရေးသားခဲ့တဲ့ စာများပါ။
ဒီစာအုပ်ထဲမှာ နိုင်ငံခြားတိုင်းပြည်များဖြစ်တဲ့ မလေးရှား၊ တရုတ်၊ ဩစတြေးလျ၊ အာဖရိကတိုက်တွေမှာ သာသနာ ပြုနေကြတဲ့ ဆရာတော်၊ သံဃာတော်များ၊ လူပုဂ္ဂိုလ် အသင်းအဖွဲ့များရဲ့ သာသနာပြုလုပ်ငန်းများအကြောင်းရယ်၊ ရွှေမျက်မှန်ဆရာတော် ဦးဝိဇယ၊ ရွှေကျင်သာသနာပိုင် သက်တော်ရှည်စံကင်းဆရာတော်ကြီး၊လယ်တီဆရာတော် ဘုရားကြီး၊ မန်လည်ဆရာတော်ဘုရားကြီး၊ ရွှေစေတီ ဆရာတော်ဘုရားကြီး၊ ညောင်လေးပင်တောရ ဆရာတော် ကြီး ဦးအရိယတို့ပါဝင်တဲ့ ဆရာတော်ကြီးတွေအကြောင်း နဲ့ ကျောင်းအမ မဦးဇွန်းတို့အကြောင်းတွေ ပါဝင်ပါတယ်။
ပီနံနှင့် မဟာစည်သာသနာ
ဗုဒ္ဓသာသနာတော် ကျယ်ကျယ်ပြန့်ပြန့်ထွန်းလင်းရေးအတွက် မဟာစည် သာသနာ့ရိပ်သာမှာရှိတဲ့ ဗုဒ္ဓသာသန နုဂ္ဂဟအဖွဲ့ကြီးက သာသနာပြုများ နိုင်ငံခြားတိုင်းပြည် တချို့ကို လွှတ်တာများ ရှိပါတယ်။ သူတို့ ဗုဒ္ဓဘာသာကို ဘာကြောင့် စိတ်ဝင်စားပါသလဲ။(စာ-၁)
ကျွန်တော်ကြိုက်နှစ်သက်သောစာစုများကို အောက်ပါ အတိုင်း တင်ပြပါရစေ-
တရုတ်ပြည်ရောက် ဗုဒ္ဓသာသနာ
ဗုဒ္ဓသာသနာ တရုတ်ပြည်ထဲ စရောက်တဲ့ ခုနှစ် သက္ကရာဇ်နှင့်ပတ်သက်ပြီး ပညာရှင်တွေအားလုံးရဲ့ တစ်ညီတည်းပေးတဲ့ အဖြေကတော့ ယနေ့အထိ မရရှိသေး ဘူး။ နို့ပေမဲ့ ပေကျင့် တက္ကသိုလ် ဒဿနိကဗေဒပါမောက္ခရဲ့ အယူအဆကို ပြောရရင်တော့ တရုတ်ပြည်ထဲကို ဗုဒ္ဓ သာသနာ ခရစ်မပေါ်မီ ၂ နှစ် အလိုမှာ စတင်ဝင်ရောက် လာတယ်လို့ ယုံကြည်ပါတယ်။ အဲဒီအချိန်က တရုတ်ပြည် မှာ အနောက်ဟန့်မင်းဆက်က ဝူတိမင်းတရား ထီးနန်းစိုးစံနေတဲ့အချိန်ပါ။(စာ-၈)
တရုတ်ပြည်မှာ ဗုဒ္ဓသာသနာ ဒီလိုအကြာကြီး ထွန်းလင်းနိုင်တဲ့ အကြောင်းရင်းကို ဖွေရှာလိုက်တဲ့အခါ ဗုဒ္ဓယဉ်ကျေးမှုကို တရုတ်တို့ရဲ့ ရှိရင်းစွဲ ရိုးရာ အမျိုးသား ယဉ်ကျေးမှုက လက်ခံနိုင်လို့၊ လက်ခံနိုင်ရုံမက ပေါင်းစည်း နိုင် ရောစပ်နိုင်တာကြောင့် ဖြစ်တယ်ဆိုတာ တွေ့ရပါ တယ်။ (စာ-၁၁)
နိုင်ငံခြားမှာ ဗုဒ္ဓသာသနာ
တရားအားထုတ်တဲ့ ယောဂီများက ဩစတြေးလျနိုင်ငံ တိုင်းရင်းသားတွေ များပါတယ်။ တခြားနိုင်ငံများက လာရောက်နေထိုင်ကြတဲ့ သူတွေလည်းပါတော့ လူမျိုး ပေါင်းစုံပါပဲ။(စာ-၂၄)
အာဖရိကတိုက်ကြီးပေါ်မှာ စတင်ထွန်းလင်းလာ နိုင်ရာတဲ့ ထေရဝါဒ ဗုဒ္ဓရောင်ခြည် (၂)
အာဖရိကတိုက်ကြီးပေါ်ကို ထေရဝါဒဗုဒ္ဓသာသနာရဲ့ ရောင်ခြည်တော် စတင်ရောက်ရှိ သွားတာ ၁၉၉၅ ခုနှစ်က လို့ပဲ ပြောရမှာပါ။(စာ-၃၆)
ကင်ညာနိုင်ငံမှာမွေးတဲ့ အသက် (၄၀)လောက်ရှိတဲ့ အိန္ဒိယအမျိုးသမီးတစ်ဦးကတော့ ဆရာတော်ရဲ့တရားကို အလွန်စိတ်ဝင်တစား အားထုတ်တယ်။ ပြီးတော့ သူက ဗုဒ္ဓဘာသာတရားကို သူ့မူလဘာသာတရားကို စွန့်ပယ်ပြီး ပြောင်းလဲကိုးကွယ်လိုတာကြာလှပါပြီ။ ဒါပေမဲ့ ခင်ပွန်း သည်က ဗုဒ္ဓဘာသာဝင်မဟုတ်တော့ တိတ်တိတ်ပုန်း ကျိတ်ပြီးငိုခဲ့ရတာ အကြိမ်များလှပါပြီ၊ စိတ်ဆင်းရဲလှပါပြီ၊ စိတ်ချမ်းသာအောင် ဆရာတော်က အကြံပေးပါလို့ လျှောက်ပါသတဲ့။
ဗုဒ္ဓဘာသာဝင်အစစ်ဖြစ်ပါပြီ
ရန်ကုန်ချမ်းမြေ့ဆရာတော်က လူတစ်ယောက် ဗုဒ္ဓ ဘာသာဝင် ဖြစ်ချင်လာတယ်ဆိုရင် ဘာအခမ်းအနားမှ လုပ်စရာမလိုဘူး၊ ဘယ်သူ့ဆီကိုမှ ဘာဝန်ခံချက်မှလည်း လုပ်စရာမလိုဘူး။ ဘုရား တရား သံဃာကို ကိုယ့်စိတ်ထဲ ကိုယ့်ဘာသာ ယုံကြည်နေရင်၊ ဘုရားတရားတော်များကို လက်ခံကျင့်သုံးနေရင် အလိုလို ဗုဒ္ဓဘာသာဖြစ်သွားနိုင် တာပဲ။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ ဆိုတဲ့ သရဏဂုံကိုတော့ သတိရတိုင်းရွတ် ဆိုရင် အကျိုးများပါတယ်။ ဘုရား အဆုံးအမကို လက်ခံ ကျင့်သုံးနေဖို့ပဲ လိုတာပါ။ ဒါဆိုရင် ဗုဒ္ဓဘာသာဝင် အစစ်ဖြစ်ပါပြီလို့ ပြောပြခဲ့သတဲ့။(စာ-၄၂)
အတူမရှိတဲ့ အမျိုးသမီးကြီး
သထုံမြို့ မြသပိတ်တောင်ခြေက ဘိုးဘွားရိပ်သာဟာ စိန်ရတုပွဲကျင်းပတော့မယ်ဆိုတော့ ဒီရိပ်သာကြီးကို ဖွင့်လှစ်ပေးခဲ့တဲ့ အာဇာနည်မိခင်ကြီး ကျောင်းအမ ဒေါ်ဦးဇွန်းကို ထူးထူးလည်လည် အောက်မေ့တသ သတိရ မိပါတယ်။
ဘိုးဘွားရိပ်သာဆိုတဲ့ လူဆင်းရဲ လူအိုလူမင်းများရဲ့ ခိုလှုံရာနေရာမျိုးကို သူများနိုင်ငံတွေမှာကတော့ အစိုးရက သော်လည်းကောင်း၊ သာသနာပြုလိုတဲ့ ဘာသာရေးအသင်း အဖွဲ့တွေမျိုးကသော်လည်းကောင်း ဖွင့်လှစ်ကြတာပါ။ ကျွန်မတို့ မြန်မာ့အမျိုးသမီးကြီး ဒေါ်ဦးဇွန်းလို ပုဂ္ဂလိက တစ်ဦးတစ်ယောက်တည်းအနေနဲ့ ဖွင့်လှစ်တယ်လို့ မရှိပါဘူး။ ကျောင်းအမကြီး ဒေါ်ဦးဇွန်းကတော့ သူတစ်ဦး တစ်ယောက်တည်းအနေနဲ့ သူပိုင်ပစ္စည်းဥစ္စာတွေနဲ့ ရိပ်သာတွေအများကြီး ဖွင့်သွားသူပါ။ မြန်မာပြည်မှာ ဒေါ်ဦးဇွန်းကတော့ မင်းကွန်း၊ သထုံ၊ ပေါင်းတည်၊ ရန်ကုန် နှင့် ပခုက္ကူမြို့တွေမှာသူတစ်ဦးတည်းက လူအိုရုံ၊ ဘိုးဘွား ရိပ်သာတွေ ဖွင့်လှစ်ပြုစုသွားခဲ့ပါတယ်။(စာ-၁၃၅)
တခြားနိုင်ငံများသို့
၁၉၉၉ ခုနှစ်ထဲတုန်းက ဘော့ဆွာနာနိုင်ငံက တက္ကသိုလ် တစ်ခုက ဆရာတော် ဦးဓမ္မရက္ခိတ ကိုပင့်လို့ ဆရာတော် ကြွရပြီး အဲဒီမှာ ဗုဒ္ဓဘာသာတရားတော်အကြောင်း ဟောပြောပြီး ဘော့ဆွာနာမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်များနဲ့ မြန်မာမိသားစုများအတွက် ရက်တိုဝိပဿနာစခန်းဖွင့်ပေးခဲ့ရပါတယ်။ အဲဒီကအပြန်မှာတော့ ထိုင်း၊ မလေးရှား၊ စင်ကာပူ သုံးနိုင်ငံသာသနာပြုခရီး ကြွရပါသေးတယ်။ (စာ-၉၇)
ဘိုးဘွားပူဇော်ပွဲ
ဂျပန်ပြည်မှာကျင်းပတဲ့ ရိုးရာမြန်မာပွဲတွေကိုလည်း နိုင်ငံခြား ဗုဒ္ဓဘာသာဝင်တွေ တက်ရောက်လေ့ရှိပါသည်။ မြန်မာနှစ်ဆန်း ၁ ရက်နေ့ပွဲ၊ သီတင်းကျွတ်လပြည့်နေ့ပွဲ တွေမှာပေါ့၊ မြန်မာနှစ်ဆန်း ၁ရက်နေ့မှာ ဘိုးဘွားတွေကို ပူဇော်တဲ့ပွဲလုပ်ပါတယ်။ အဲဒီပွဲကို သူတို့က တအံ့တသြနဲ့ သဘောကျနေကြတယ်လေ။ ပထမဘိုးဘွားတွေကို ကန် တော့တယ်။ ဘိုးဘွားတွေက ဆုတောင်းမေတ္တာပို့ပါတယ်။ (စာ-၁၀၇)
အနှစ်ချုပ်
“မန္တလေး မြတောင်တိုက်၊ မုံရွာမြို့ မဟာဇောတိက စာသင်တိုက်၊ မဟာစည် ရတနာပုံ သာသနာ့ရိပ်သာ၊ ဝါခင်း ကုန်းဘုရား ဣစ္ဆသယကျောင်းတိုက်များအကြောင်း လည်း ပါဝင်ပါတယ်။ စစ်ကိုင်းတောင်ရိုးမှာ သီတင်းသုံး နေတဲ့ ဆရာတော် သံဃာတော်တွေနဲ့ သီလရှင် သီတင်း သည်တွေအတွက် သီတဂူရေအလှူတော်အဖွဲ့ရဲ့ စွမ်းဆောင် ချက်များနဲ့ အခမဲ့ကုသပေးတဲ့ ဝါးချက်ဆေးရုံအကြောင်း တွေကိုလည်း ဦးစီးဦးဆောင်ဆရာတော်ကြီးများနဲ့ ဒကာ ဒကာမများ ဘယ်လိုပူးပေါင်း ကြိုးပမ်းဆောင်ရွက်ခဲ့ကြ တယ်ဆိုတာ ကြည်ညိုသဒ္ဓါစိတ်ပွားအောင် ရေးခဲ့တာကို လည်း ဖတ်ရမှာ ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ ဒီနေ့ခေတ် လူငယ်တွေနဲ့ ဗုဒ္ဓဘာသာအကြောင်း လေ့လာနေသူတွေ ဖတ်ရမှတ်ရမယ့်စာအုပ်မျိုးဖြစ်လိမ့်မယ်လို့ ယုံကြည်ပါ တယ်” ဟု ထုတ်ဝေသူက ရေးသားခဲ့သည်။
ဘာသာ သာသနာ
ဘာသာ သာသနာဆိုင်ရာစာပေများကို စိတ်ဝင်စားမှ သာ၊ တကယ်ကြည်ညိုလိုက်စားမှသာ၊ တကယ်ဖတ်ရှု လေ့လာမှသာ၊ ဘာသာ သာသနာအကြောင်းကို သိရှိ နားလည်နိုင်ကြမည်။ ဗုဒ္ဓဘာသာ၏ အနှစ်သာရများကို ကျင့်ကြံပွားများနိုင်ကြမည်ဟု ကျွန်တော် ခံယူယုံကြည်မိ ပါသည်။
နိဂုံး
စာရေးဆရာမကြီး လူထုဒေါ်အမာ၏ “သာသနာ ရောင်ဝါ နေသို့ထွန်းပါစေ” စာအုပ်ကို ဖတ်ရှုပြီးနောက် ဘာသာ သာသနာကို ပိုမိုကြည်ညိုပွားများ စွမ်းအားမြင့် စေခဲ့သည်မှာ အမှန်ပင်ဖြစ်ပါကြောင်း . . . ။ ။
- Log in to post comments