အမျိုးသားကျောင်း ရာပြည့်အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါး

Type
၁

ဆောင်းပါး

======

 

အမျိုးသားကျောင်း ရာပြည့်အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါး

=================================

 

ဒေါက်တာနီလာသိန်း

(လင်းရောင်သစ်)

=========

(ယမန်နေ့မှအဆက်)

တကယ်တော့ အုပ်ချုပ်သူ အင်္ဂလိပ်ရဲ့ အလိုတော်ရိ ရေနံဝန်နဲ့ သူ့ရဲ့တပည့်လက်သားတွေရဲ့ သြဇာကို တွန်းလှန်ဖြိုဖျက်ပြီး အမျိုးသားကျောင်းပေါ်လာဖို့ ကြိုးစားရတာ မလွယ်ကူလှပါဘူး။ တစ်ဆက်တည်းမှာပဲ သပိတ်မှောက်ကျောင်းသားတွေ ကျောင်းတက်နိုင်ကြဖို့ လိုအပ်တဲ့ကျောင်းနဲ့ အဆောက်အအုံမြေနေရာ၊ လိုအပ်တဲ့ ကျောင်းသုံးပရိဘောဂတွေ၊ သင်ကြားပေးမယ့် ဆရာ ဆရာမတွေနဲ့ လစာငွေကြေးတွေ အဲဒါတွေအတွက် တစ်မြို့လုံး ပါဝင်ရုန်းကန်ခဲ့ကြရတယ်။ ကျောင်းကော်မတီ တွေဖွဲ့စည်း၊ အစည်းအဝေးတွေခေါ်ယူပြီး တာဝန်ခံ ကျောင်းအုပ်နဲ့ ဆရာတွေဟာ ပထမဦးဆုံး စေတနာ့ ဝန်ထမ်းအနေနဲ့ သင်ကြားပေးခဲ့ကြတယ်။

ပထမဦးစွာ မြို့မမြောက်ရပ်ကွက်မှာရှိတဲ့ ဦးထွန်းရှင်ရဲ့ နှစ်ထပ်တိုက်မှာ စတင်ခဲ့တယ်။ ဒုတိယ အနေနဲ့ ဦးထွန်းရှင်တိုက်ရဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ဒေါ်သက်စုရဲ့ မြေကွက်လပ်မှာ အဆောင်ဆောက်တယ်၊ အဆောင်ဆောက်နေစဉ်မှာ ရွာသစ်ရပ် မန္တလေးကျောင်း တိုက်ရဲ့ အောက်ထပ်မှာ ဖွင့်လှစ်ရပါတယ်။ နောက်ဆုံး မှာတော့ ရွှေကြာငုံရပ်က ဦးလူကြီးရဲ့အိမ်ရှေ့ မြေကွက် လပ်မှာ ဆောက်လုပ်ဖွင့်လှစ်ခဲ့တယ်။ ရွှေကြာငုံရပ်ရဲ့ တောင်ကုန်းမြင့်မြင့်ပေါ်မှာ နှစ်ထပ်တိုက်ခံကျောင်း ဆောင်ကြီးအဖြစ် ပေါ်ထွန်းလာခဲ့တယ်။ လှေကားကြီး နှစ်စင်းရှိပြီး အရှေ့ဘက် တစ်စင်း၊ အနောက်ဘက်တစ်စင်း မျက်နှာချင်းဆိုင်ရှိနေကာ မှန်ပြတင်းတံခါးပေါက်တွေနဲ့ သပ်ရပ်လှပတယ်။

၁၉၂၀ ပြည့်နှစ်ကစပြီး အစဉ်အဆက် တာဝန်ယူခဲ့တဲ့ ကျောင်းအုပ်ကြီးတွေက ဦးအေးမောင်၊ ဦးစိုးဝင်း၊ ဦးဘဦး၊ ဦးပု၊ ဦးကျော်ဇံတို့ဖြစ်ကြပြီး ဆရာကြီး ဦးအောင်ကိုး၊ ဦးသံဗျင်တို့ကလည်း တာဝန်ခံဆရာကြီးတွေ ဖြစ်ခဲ့တယ်။ စစ်ပြီးခေတ်မှာတော့ မူလတန်းကျောင်းအဖြစ် ပြောင်းလဲ သွားခဲ့ပြီး အမက (၈) ဗိုလ်ချုပ်အထိမ်းအမှတ်ကျောင်းရယ် လို့ အမည်နာမတွင်ခဲ့တယ်။ မူလတန်းကျောင်းအုပ်တွေ အဖြစ် ဆရာကြီး ဦးကံတင်၊ ဦးစန်း၊ ဒေါ်ကြည်၊ ဦးခင်ထွန်း၊ ဒေါ်အေးမြင့်ခင်၊ ဦးမင်းဟန် (ယနေ့လက်ရှိ) တို့ အဆက် ဆက်တာဝန်ယူခဲ့ကြတယ်။ ယနေ့ ‘ဗိုလ်ချုပ်ကျောင်း’ဟာ မူလတစ်ထပ်ကျောင်းဆောင်အပြင် ပေ ၁၀၀ x ၃၀ ကျယ်ဝန်းတဲ့ အာရ်စီနှစ်ထပ် ကျောင်းဆောင်သစ်ကြီး ထပ်မံဆောက်လုပ်ပြီးစီးပြီဖြစ်လို့ ခံ့ညားထည်ဝါလို့နေပါ တယ်။ ကျွန်မတို့ ပညာသင်ယူခဲ့စဉ်က ကျောင်းအုပ် ဆရာကြီးက ဦးစန်း ဖြစ်ပါတယ်။ ကျွန်မတို့ကို သင်ကြား ပေးခဲ့တဲ့ ဆရာ ဆရာမတွေကတော့ ဦးတင်စိုး၊ ဦးမြတ်စော၊ ဦးလှမြိုင်၊ ဒေါ်မြသိန်း၊ ဒေါ်အေးနွဲ့ရီ၊ ဒေါ်ညိုညိုတို့ဖြစ်ပြီး လုပ်အားပေးဆရာတွေကတော့ ဦးသန်းမောင်၊ ကိုတင်မောင် (ဆရာကြီးဦးစန်းရဲ့သား)၊ ကိုနေဝင်း (ဆရာလေး ဦးမြသွင် ရဲ့သား) တို့ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဆရာ ဦးတင်စိုးနဲ့ ဆရာမဒေါ်မြသိန်း (သူကြီးဦးထွန်းရှင်ရဲ့သမီး) တို့ပဲ သက်ရှိထင်ရှား ကျန်းမာစွာ ရှိနေပါတော့တယ်။

ဗိုလ်ချုပ်တို့ခေတ်က အမျိုးသားကျောင်းဟာ နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ရောက်တိုင်း အမျိုးသားအောင်ပွဲနေ့ ကျင်းပမြဲ ဖြစ်ပါတယ်။ ကျောင်းသား ကျောင်းသူတွေဟာ ပင်နီအင်္ကျီနဲ့ ရွှေတောင်မြို့ကထွက်တဲ့ ပိုးလုံချည်အနီလေးတွေ ဆင်တူ ဝတ်ပြီး လှည့်လည်ကြတယ်။ (အဲဒီဆင်တူဝတ်စုံကို ရေနံချောင်းအမျိုးသားကျောင်းရဲ့ ကျောင်းသားသမဂ္ဂ အမှုဆောင်တစ်ဦးဖြစ်တဲ့ ကိုအောင်ဆန်းက အခြား အမှုဆောင် ကျောင်းသားတွေနဲ့ တိုင်ပင်ပြီး အမျိုးသား ကျောင်းဝတ်စုံအဖြစ် သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။) ညရောက်တဲ့အခါ အငြိမ့်ပွဲတွေနဲ့ ခြိမ့်ခြိမ့်သဲသဲ ကျင်းပ ကြတယ်လို့ ဆိုပါတယ်။ ကျွန်မတို့ ခေတ်မှာလည်း အခါကြီး ရက်ကြီးတွေမှာ အထိမ်းအမှတ်ပွဲတွေ၊ ပြိုင်ပွဲတွေကို ကျင်းပ ပေးကြတယ်။ ဝါဆိုလပြည့်နေ့ရောက်တိုင်း ‘ဗိုလ်ချုပ် ကျောင်း’က ကျောင်းသား ကျောင်းသူတွေဟာ ဝါဆိုပန်းကပ် လှည့်လည်ပူဇော်ကြရတယ်။ သစ်လွင်လှပတဲ့ ဝတ်စုံလေး တွေ ဝတ်ဆင်၊ အလှဆုံးဖြီးလိမ်းပြင်ဆင်ပြီး ရွှေကြာငုံ ဆွမ်းလောင်းဓမ္မာရုံမှာ ဘုရားပန်းတွေ ကပ်လှူပူဇော် ကြတယ်။ ဓမ္မာရုံရဲ့ မျက်နှာချင်းဆိုင်က တွင်းရိုးတွင်းစားကြီး ဦးသိန်းလှအောင်+ဒေါ်ခင်စု မိသားစုနဲ့ ရွှေကြာငုံထိပ်က တွင်းရိုးတွင်းစားကြီး ဦးစံဖေ+ဒေါ်ခင်စု မိသားစုတို့က နှစ်စဉ်နှစ်တိုင်း အာရုံခံ အာရုံပြန် အာရုံပေါင်းတွေ ကျွေးကြ တယ်။ အဲဒီကာလရောက်ပြီဆိုရင် ကလေး၊ လူကြီးအားလုံး စိတ်တွေလှုပ်ရှားပျော်ရွှင်ကြရတယ်။ ရွှေကြာငုံရပ်မှာ နေခဲ့ ရတဲ့ ငယ်ဘဝတွေက အလွန်ပျော်စရာ ကောင်းလှတယ်။

‘ရွှေကြာငုံ’ ဆိုတဲ့ အရပ်ဟာ ဘာသာရေး၊ သာသနာ ရေး၊ လူမှုရေး၊ အလှူအတန်း ပွဲလမ်းသဘင်တွေနဲ့ ပတ်သက်လာရင် စည်းလုံးကြ၊ ကူညီရိုင်းပင်းကြတာ အလွန်သတင်းမွှေးလှပါတယ်။ ဂီတအနုပညာနဲ့ ပတ်သက် ရင်လည်း ဝါသနာပါရမီကြီးကြတယ်။ ရပ်ကွက်ကို အစဉ်အဆက် အုပ်ချုပ်ခဲ့ကြတဲ့ ရွှေကြာငုံသူကြီး ဦးရေရဲ့ မျိုးဆက်တွေအားလုံးဟာ စိတ်ရင်းစေတနာ ဖြူစင်ပြီး ဂီတပါရမီထူးချွန်ကြတဲ့ မိသားစုတွေ ဖြစ်ပါတယ်။ ရေနံချောင်းမြို့မှာ ၁၂ လရာသီ ပွဲလမ်းသဘင်က မပြတ် ဘူး။ ရှစ်မျက်နှာ ဘုရားပွဲ၊ စနေနံဘုရားပွဲ၊ ကျမ်းကိုင် ဘုရားပွဲ၊ ပင်းစက္ကလံပဘုရားပွဲ၊ လည်ပေါ်ဘုရားပွဲ၊ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ အမျိုးသားနေ့၊ သီတင်းကျွတ်ပွဲတော်၊ သင်္ကြန်ပွဲတော်တွေနဲ့ အခါကြီး ရက်ကြီးတွေမှာ ဆိုင်းသံ၊ ဗုံသံ ၊ ဗြောသံတွေနဲ့ တခြိမ့်ခြိမ့် တညံညံ ပျော်ရွှင်ကခုန်ကြတယ်။ ရွှေကြာငုံရပ်ရဲ့ ‘ရွှေကြာ ဗြော’ ဟာ ပွဲတိုင်းကျော် အဆိုအကအတီး ဖြစ်ပါတယ်။

‘ရွှေမြို့နံသာ ဗြောသံသာ ... (ရွှေကြာရပ်က စခဲ့ပေတာ)၂

ရင်းရင်းနှီးနှီး ချစ်ကြသည့်သဘော ... စမ်းရေပမာဏ

အေးမြရွှင်လန်း ငြိမ်းချမ်းသည့် ရွှေကြာ’

ဆိုတဲ့ ရွှေကြာရပ်က ဗြောသံကို ကြားလိုက်ရရင်ဖြင့် ကြားရသူအပေါင်းရဲ့ စိတ်နှလုံးကို တက်ကြွပျော်ရွှင် သွားရပါတယ်။ ရွှေကြာငုံရပ်လို့ အမည်တွင်ခဲ့ပုံကလည်း ယခုလက်ရှိ ရွာလယ်ပိုင်းမှာရှိတဲ့ ဘဘဦးမြဒင်ရဲ့ အိမ်အနီး ဘုရားနေရာမှာ ‘ကြာငုံဖူး’ ကြီး ပေါ်လာခဲ့တယ်။ အဲဒီနေရာကို ဒေါ်ဇာယုက ဘုရားတည်ခဲ့လို့ ‘ဒေါ်ဇာယု ဘုရား’လို့ အမည်တွင်ခဲ့တယ်။ ‘ကြာငုံဖူး’ တွေ့ရာ အရပ်ဖြစ်လို့ ‘ရွှေကြာငုံရပ်’လို့ အမည်ပေးခဲ့တယ်လို့ ဆိုပါတယ်။

၁၉၇၉ ခုနှစ်မှာ ရေနံချောင်း မီးကြီး အကြီးအကျယ် လောင်တဲ့အခါ ဗိုလ်ချုပ်ကျောင်း (ယခင်အမျိုးသား ကျောင်းဟောင်း) နေရာက မီးထဲပါသွားပါတယ်။ ကျောင်း ဆောင်ကို ပြန်လည်ပြုပြင်ဆောက်လုပ်နေတဲ့အချိန်မှာ ရွှေကြာငုံရွာလယ်မှာရှိတဲ့ ဆွမ်းလောင်းဓမ္မာရုံမှာ ပြောင်းရွှေ့စာသင်ကြရပါတယ်။ ရွှေကြာငုံဆွမ်းလောင်း ဓမ္မာရုံဆိုတာကလည်း ဒုတိယကမ္ဘာစစ်အတွင်းက နယ်ချဲ့အင်္ဂလိပ်တွေက မီးရှို့လိုက်တဲ့အတွက် ဓမ္မာရုံဟာ မီးသင့်ခဲ့ရတယ်။ ဒုတိယကမ္ဘာစစ်ပြီးတော့ သူကြီးဦးရေ၊ သား ဦးထွန်းရှင်၊ ဦးလှတင်+ဒေါ်လန်း မိသားစုနဲ့ ဒေါ်ချစ်မေ (ကဝိမဟိန်ပုံနှိပ်တိုက်)တို့က ကမကထပြုလုပ်ပြီး

n စာမျက်နှာ ၆ မှ

ပြန်လည်တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီဆွမ်း လောင်းဓမ္မာရုံဟာ နှစ်ကာလကြာလာတဲ့အခါ ယိုယွင်း ဟောင်းအိုလာတဲ့အတွက် ၂၀-၃-၂၀၁၆ ရက်နေ့မှာ ကျွန်မတို့မိသားစုက အသစ်ပြန်လည်ဆောက်လုပ် လှူဒါန်းခဲ့ပြီး ၂၇-၆-၂၀၁၆ ရက်နေ့မှာ ‘ရွှေကြာငုံ ဓမ္မဗိမာန်’ ရေစက်ချပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ ပါတယ်။ နှစ်ပေါင်း ၃၀ ကျော်နေထိုင်ခဲ့တဲ့ ကိုယ့်ရပ်ရွာ ရဲ့ကျေးဇူးကို တစ်ပိုင်တစ်နိုင် ပြန်လည်ကျေးဇူးဆပ် ခွင့်ရခဲ့ခြင်းပဲ ဖြစ်ပါတယ်။ လက်ရှိဓမ္မာရုံကိုလည်း သူကြီးဦးထွန်းရှင်ရဲ့ မျိုးဆက်တွေဖြစ်တဲ့ ဆရာမ ဒေါ်မြသိန်း၊ ဦးဇော်ဝင်းထွေးတို့နဲ့အတူ ဦးလှထွန်းဦး၊ ဦးရဲအောင်၊ ဦးညိုကြီးတို့နဲ့ ဝေယျာဝစ္စ လူငယ်အဖွဲ့များ၊ မြို့မိမြို့ဖတို့က ဆက်လက်ထိန်းသိမ်း စောင့်ရှောက်လျက် ရှိပါတယ်။

သမိုင်းဝင်အစည်းအဝေးမှတ်တမ်း နှစ်စောင်

ဓမ္မာရုံကို အနီးကပ်ကြည့်ရှုစောင့်ရှောက်နေတဲ့ ကိုအောင်ခင်ဆင့် (ကိုတိုး)ထံမှာ လွန်ခဲ့တဲ့နှစ်ပေါင်း (၁၀၀)က အမျိုးသားကျောင်းဖွင့်လှစ်ရေး အစည်းအဝေး မှတ်တမ်း နှစ်စောင် သိမ်းဆည်းထားတယ်လို့ လေးဇော် (ဦးဇော်ဝင်းထွေး)က ပြောပြပါတယ်။ အဲဒီမှတ်တမ်း နှစ်စောင်ကို အမျိုးသားကျောင်း ဆရာဟောင်းဖြစ်တဲ့ ဆရာကြီးဦးနိုင် (ဆရာကြီး ဦးတင်ထွန်းရဲ့ဖခင်) ထံမှ ရရှိခဲ့တာ ဖြစ်ပါတယ်။ ကိုချစ်ညီ (ရွှေပါရမီ)နဲ့ ကိုမြင့်ဝေ (ပီတိသုခ) တို့ကတစ်ဆင့် ရွှေကြာပရဟိတလူငယ်အဖွဲ့ကို ဆက်လက်ထိန်းသိမ်းပေးဖို့ အပ်နှံခဲ့တာလို့ သိရှိရပါ တယ်။

အဲဒီစာနှစ်စောင်ကတော့ နှစ် ၁၀၀ သက်တမ်းရှိပြီ ဖြစ်လို့ စာရွက်ဖျားအနားတွေက ကြွေကျနေကြပါပြီ။ ၁၉၂၁ ခုနှစ် သြဂုတ်လ ၂၁ ရက် (၁၂၈၃ ခုနှစ် ဝါခေါင် လဆုတ် ၃ ရက်) နေ့စွဲနဲ့ တစ်စောင်၊ ၁၉၂၁ ခုနှစ် သြဂုတ် လ ၂၇ ရက် (၁၂၈၃ ခုနှစ် ဝါခေါင်လဆုတ် ၉ ရက်) နေ့စွဲနဲ့ အစည်းအဝေး မှတ်တမ်းတွေပဲဖြစ်ပါတယ်။ စုစုပေါင်း စာမျက်နှာ ခြောက်မျက်နှာ ပါရှိပါတယ်။

၁၉၂၁ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့စွဲနဲ့ အစည်း အဝေး မှတ်တမ်းမှာ တွေ့ရတာကတော့ “ရေနံချောင်းမြို့ ရွှေကြာ ငုံရပ်ကွက်တွင် အမျိုးသားစာသင်ကျောင်းကို တည်ထောင် ဖွင့်လှစ်ရန်အတွက် အစည်းအဝေးပြုလုပ်ရာ အောက်ပါ လူကြီးမင်းများ တက်ရောက်ကြပါသည်။ ၎င်းတို့မှာ -ဦးစလေမံ၊ ဦးဘကျင်၊ ဦးဘ၊ သူကြီးဦးရေ၊ ဆရာ ဦးအောင်ပေါ်၊ ဆရာဦးစံရာ၊ ဆရာသင်၊ ဦးပေါ်ထွန်း၊ ဦးဝေလုတို့ ဖြစ်ကြပါသည်။ တက်ရောက်သူများကပင် ကျောင်းအတွက် လစဉ်ကြေးများ ထည့်ဝင်ငွေ ပမာဏ ကိုလည်း ဖော်ပြရေးသားထားပြီး ငွေကောက်ခံရန် လူကြီးအဖြစ် သူကြီးဦးရေ၊ ငွေထိန်းလူကြီးအဖြစ် ရှေ့နေဦးဘတို့ကို သဘောတူခန့်ထားကြသည်” လို့ ပါရှိပါတယ်။

၁၉၂၁ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့စွဲနဲ့ မှတ်တမ်းမှာ လည်း အထက်ကအတိုင်း အစည်းအဝေးတက်ရောက်သူ ၁၉ ဦး၏အမည်များကို ဖော်ပြထားပြီး တွင်းစားကြီး ဦးဘိုးခင်၊ တွင်းစားကြီးဦးဘိုးအောင်တို့လည်း တက်ရောက် ခဲ့ကြပါတယ်။ ဒုတိယအကြိမ်အစည်းအဝေးမှာ ပထမ ပြီစီဒင် အဖြစ် ဦးစလေမံ၊ ဒုတိယပြီစီဒင်အဖြစ် ရှေ့နေဦးဘ၊ ပထမ စက္ကရီတေရီအဖြစ် ဦးဘကျင်၊ ဒုတိယ စက္ကရီတေရီ အဖြစ် သူကြီးဦးရေ၊ ငွေထိန်းလူကြီးအဖြစ် တွင်းစား ဦးဘိုးအောင်၊ စာရင်းစစ်လူကြီးအဖြစ် ဦးလှတင်တို့နဲ့ ကော်မတီလူကြီးများကို ရွေးချယ်ခန့်အပ်ကြပြီးနောက် အစည်းအဝေးတက်ရောက်သူ လူကြီးများထဲကပင် ကျောင်းအတွက်လိုအပ်သော ကုလားထိုင်၊ သင်ပုန်းကြီး၊ စားပွဲ၊ ဗီရို၊ မြေဖြူ၊ စာအုပ်၊ မင်အိုး၊ ကလောင်တံများကို လှူဒါန်း ကြပါတယ်။ ကျောင်းသားတစ်ဦးရဲ့ ကျောင်းလခကို အနိမ့်ဆုံး ၄ ပဲ (လေးပဲ) သတ်မှတ်ကြောင်းနဲ့ အောက်ဆုံး မှာ ပြီစီဒင် လူကြီးမင်းဟု လက်မှတ်ထိုးထားတာကို တွေ့ရ ပါတယ်။

‘နှုတ်တစ်ရာ စာတစ်လုံး’ ဆိုတဲ့အတိုင်း ရေနံချောင်း နေရှင်နယ်အမျိုးသားအထက်တန်းကျောင်းကို ၁၉၂၁ ခုနှစ် သြဂုတ်လ (၁၂၈၃ ခုနှစ် ဝါခေါင်လဆုတ်) အတွင်းမှာ စတင် ဖွင့်လှစ်ခဲ့ကြောင်း အစည်းအဝေးမှတ်တမ်းအရ အတိအကျ သိရှိမှတ်သားခွင့် ရခဲ့ပါတယ်။ တာဝန်ရှိသူ တွေအနေနဲ့ အဲဒီအစည်းအဝေးမှတ်တမ်းတွေကို သေချာစွာသိမ်းဆည်း ထိန်းသိမ်းထားဖို့ အရေးကြီးလှပါတယ်။

ယနေ့အချိန်မှာတော့ လွန်ခဲ့တဲ့ နှစ် ၁၀၀ က အကြောင်းအရာတွေကို ပြောပြနိုင်မယ့် လူကြီးသူမတွေက မရှိကြတော့ပါ။ ရှေးစကားတွေ ပြောပြနိုင်မယ့် မျိုးဆက် တွေကတစ်ဆင့်ပဲ ပြန်လည်ကြားသိကြရပါတယ်။ ရွှေကြာငုံရွာသူကြီး ဦးရေဟာ အမျိုးသားကျောင်းတည် ထောင်ရာမှာ အဓိကကျတဲ့ ကော်မတီဝင်လူကြီးဖြစ်သလို ကျွန်မတို့က ဘသူကြီးလို့ခေါ်တဲ့ ဦးထွန်းရှင်ကလည်း နေရှင်နယ် အမျိုးသားကျောင်းသားဟောင်း ဖြစ်ပါတယ်။ ကျွန်မတို့ ရေနံချောင်းရောက်တဲ့အချိန်မှာတော့ ဗိုလ်ချုပ် တို့ခေတ်ရဲ့ နောက်ပိုင်းကျောင်းသားဟောင်းကြီးတွေက ရေနံချောင်းရဲ့ မြို့မိမြို့ဖတွေ၊ လုပ်ငန်းရှင် သူဌေးကြီးတွေ၊ တွင်းရိုးတွင်းစားတွေ၊ ကုန်သည်ကြီးတွေ ဖြစ်ကြပြီး သြဇာအလွန်ကြီးမားကြတယ်။ အလှူအတန်းမှာ ရက်ရော ကြတယ်။ ဘသူကြီး ဦးထွန်းရှင်၊ ညီဖြစ်သူ ဆရာ ဦးထွန်းအုံ၊ စံပြပဲကြော်ပဲလှော် ဦးသိန်းမောင်၊ ဦးဟုတ်လှိုင်၊ ဆရာမကြီး ဒေါ်သန့်ထူး၊ ရေနံတွင်းစားကြီး ဦးအောင်ခင်၊ ဦးတိုက်အေး၊ ရေနံမြေ ဘဖေ၊ ရေနံမြေစု၊ ဆရာကြီး ဦးမျိုးမြင့်၊ ဒေါ်သစ်၊ သစ္စာပန်းပဲ ဦးထွန်းတင်၊ တေးရဂုံ ဦးအောင်သန်း၊ ဆရာကြီး ဦးတင်မြင့်မင်း၊ ဦးစံဖေ၊ ဦးဘလှိုင် စတဲ့အမျိုးသားကျောင်းသားဟောင်း တို့ကို သိမီလိုက်ရပါတယ်။ ဒါကလည်း ကျွန်မဖေဖေနဲ့ ပတ်သက်သူများဖြစ်သလို ကျွန်မပတ်ဝန်းကျင်မှ နီးစပ် သူများသာဖြစ်ပြီး ကျွန်မမဖော်ပြနိုင်တဲ့ ကျန်တဲ့ ကျောင်းသားဟောင်းကြီးတွေလည်း ကျန်ရှိနေပါ သေးတယ်။ ဆရာရေနံ့သာ ဝင်းမောင်ရဲ့ စာအုပ်ထဲမှာတော့ ၇၈ ဦး စာရင်းရှိပါ တယ်။ အန်တီခင်ဖုဏ်းရည် (နတ်မောက် အနီချို)ရဲ့ ဖခင်ဖြစ်တဲ့ နတ်မောက်ဘုန်းကျော်ကလည်း ရေနံချောင်း အမျိုးသားကျောင်းသားဟောင်းပဲ ဖြစ်ပါ တယ်။

၂၀ ရာစုကို တံခါးဖွင့်ပြီးစ ဆယ်စုနှစ်အစောပိုင်း ကာလတွေမှာ ‘ရေနံချောင်း’ ဟာ နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်တွေ ထုံမွမ်းနေခဲ့တယ်။ ရေနံ ချောင်းက စတင်ခဲ့တဲ့ ၁၉၁၈ ခုနှစ် ဘီအိုစီ ရေနံကုမ္ပဏီကို မှောက်တဲ့သပိတ်က ပထမဆုံးသပိတ် ဖြစ်ပါတယ်။ အဲဒီ သပိတ်ကြောင့် ရေနံမြေအလုပ်သမားတွေကို နား၊ မျက်စိ ပွင့်စေခဲ့တယ်။ ရေနံမြေအလုပ်သမား လှုပ်ရှားမှု တွေ၊ ဆရာစံ လယ်သမားအရေးတော်ပုံတွေ၊ ၁၃၀၀ ပြည့် အရေး တော်ပုံတွေကို အခြေတည်ပေးခဲ့တဲ့ မြို့ဟာ ရေနံချောင်း မြို့ပဲ ဖြစ်ပါတယ်။

အဲဒီလို အလုပ်သမား လူတန်းစားတွေ နိုးကြားမှု အရှိဆုံးဒေသ၊ အုပ်စိုးသူအင်္ဂလိပ် လက်ပါးစေတွေကို ဆန့်ကျင်မှုပြင်းထန်လှတဲ့ အရပ်ဒေသမှာ ပညာရည်နို့ သောက်စို့ခဲ့ရတဲ့ ဗိုလ်ချုပ်ရဲ့ ငယ်ဘဝ နှလုံးသားနုနုထဲမှာ အမျိုးသားရေးစိတ်ဓာတ်သွေးတွေက ဆူပွက်စီးဆင်းနေခဲ့ ပါလိမ့်မယ်။ ရေနံချောင်း ရေနံမြေက ထွက်သမျှရေနံတွေ ကို စက်တွေနဲ့မောင်းပြီး ရန်ကုန်-သန်လျင်ကို ပိုက်လိုင်း တွေနဲ့ပို့၊ အမြတ်ထုတ် သွေးစုပ်ကြပုံကို ကြားသိပြီး နာကြည်းခံခက်နေခဲ့ပါလိမ့်မယ်။ အဲဒီရေနံတစ်စက်တိုင်း ဟာ အလုပ်သမားတွေရဲ့ သွေးစက်၊ ချွေးစက်တွေအဖြစ် မြင်နေပါလိမ့်မယ်။ ပြီးတော့လည်း ရေနံမြေသပိတ်တား သခင် သခင်မတွေရဲ့ ရဲရဲတောက် လှုပ်ရှားမှုတွေ၊ အမျိုး သားရေးဆိုရင် ရှေ့တန်းကနေ နောက်မတွန့်စတမ်း ကူညီပံ့ပိုးပေးတတ်ကြတဲ့ တွင်းရိုးတွင်းစားတွေရဲ့ စိတ်ဓာတ်တွေကို ဗိုလ်ချုပ်ရဲ့နှလုံးသားထဲက အသိအမှတ် ပြု အားရနေခဲ့ပါလိမ့်မယ်။

အဲဒါတွေကပဲ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်းရယ်လို့ ဖြစ်လာမယ့် ကိုအောင်ဆန်းကို ရေခံမြေခံကောင်း အမှီကောင်းတွေ တွန်းအားတွေ ဖြစ်စေခဲ့ရ တာပါ။ ကျွန်မကိုယ်တိုင်လည်း ရေနံချောင်းမြို့ရဲ့ ရွှေကြာငုံ ရပ်ကွက်လေးမှာ နေထိုင်ကြီးပြင်းခဲ့ရပြီး ဗိုလ်ချုပ် အထိမ်းအမှတ် အမျိုးသားကျောင်းမှာ ပညာသင်ကြားခွင့် ရခဲ့တဲ့ အမှတ်တရများစွာကို မှန်းဆတမ်းတနေမိရင်း ရာပြည့်အမျိုးသားကျောင်း အထိမ်းအမှတ်နေ့ကို ကြိုဆို ဂုဏ်ပြုလိုက်ရပါတော့တယ်။ ။