သမိုင်းဦးလှေ မနစ်စေနှင့်

Type
၁

မြို့မအမျိုးသားကျောင်း ရာပြည့်အထိမ်းအမှတ်ဂုဏ်ပြုဆောင်းပါး

=====================================

 

သမိုင်းဦးလှေ မနစ်စေနှင့်

==============

 

မောင်မိုးယံ

 

မြို့မအမျိုးသားကျောင်းကြီး နှစ်(၁၀၀)သက်တမ်းသို့ ရောက်ရှိပေပြီ။ တသွင်သွင်စီးဆင်းနေသည့် ရေအလျဉ် တွင် ပဲ့ကိုင်ကောင်းမွန်ခဲ့သော မော်ကွန်းတင်မည့် လှေကြီးသည်ကား အကြောင်းအကျိုး၊ အကောင်းအဆိုး များကို တင်ဆောင်လျက် ရာပြည့်ဆိပ်ကမ်းဆီသို့ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ဦးလည်မသုန် ကမ်းဆိုက်ကပ်ပေတော့မည်။

 

အမျိုးသားရေးစနစ်ကြီး

 

သမိုင်းဦးလှေကြီးသည် ပဒေသရာဇ်ပညာရေး စနစ်ကို တော်လှန်သော အမျိုးသားရေးစနစ်ကြီး၏ အမြုတေဖြစ်သည့် အမျိုးသားကျောင်း၊ အမျိုးသား ပညာရေးဗိမာန်ဆိပ်ကမ်းကြီးမှ မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် နတ်တော်လဆန်း ၇ ရက် (၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၇ ရက်) နံနက် ၁၁ နာရီတိတိအချိန်တွင် ဗဟန်းကျောင်းတော်ရာ ရွှေကျင်တိုက် ဦးအရိယကျောင်း မှ စတင်တာထွက်ခဲ့ပါသည်။

 

၁၉၂၀ အမျိုးသားပညာရေးတိုက်ပွဲသပိတ်တွင် ပါဝင်ခဲ့သော မျိုးချစ်သူရဲကောင်းများ၊ လွတ်လပ်ရေး တိုက်ပွဲဝင် ကျောင်းသား ကျောင်းသူများကို တင်ဆောင် လာသော သမိုင်းဦးလှေသည် အကွေ့အကောက်၊ အတက်အဆင်း၊ ကျောက်ဆောင်၊ ကျောက်ကမ်းပါး၊ သစ်ပင်၊ သစ်တုံး၊ သဲသောင်၊ ရေဝဲ၊ အခက်အခဲ အတား အဆီးများစွာရှိသည့် ရေအလျဉ်ကို ကျော်ဖြတ်ရာ၌ အမျိုးသားရေးစိတ်ဓာတ်ဖြင့် အမျိုးသားကျောင်းပေါင်း ၉၃ ကျောင်း ဖွင့်လှစ်နိုင်ရန် အံခဲကာ လှော်ခတ်ခဲ့ကြပုံမှာ မျိုးချစ်ပုဂ္ဂိုလ်တို့၏ တက်ညီလက်ညီဖြစ်သော အစွမ်း သတ္တိပင် ဖြစ်ပါသည်။

 

မြို့မကျောင်းသမိုင်း

 

ထိုတိုင်းရင်းသားမျိုးချစ်တို့၏ ဇာတိသွေးဇာတိမာန် ကြောင့် ပေါ်ထွန်းလာခဲ့သော အမျိုးသားကျောင်းများ အနက် ရန်ကုန်မြို့ မြို့မအမျိုးသားကျောင်းကြီးသည် ထိပ်ဆုံးမှ ပါဝင်ခဲ့ပါသည်။ မြို့မအမျိုးသားကျောင်းကို မျိုးစေ့ချခဲ့သူများက အမျိုးသားလွတ်မြောက်ရေးနှင့် အင်္ဂလိပ်နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရေးဆိုသည့် ရည်ရွယ်ချက်ဖြင့် စာသင်ခန်းများအတွင်းမှ တိုက်ပွဲ ဝင်ခဲ့ကြသည်မှာ မြန်မာပြည်လွတ်လပ်ရေးရရှိသည်အထိ မြို့မကျောင်းသမိုင်းကား ကြီးကျယ်ခမ်းနားခဲ့ပါသည်။

 

ဆိုရသော် မြို့မကျောင်း၏ ပထမဆုံး ကျောင်းအုပ် ဆရာကြီး ဦးဘိုးလတ်မှ စတင်ဖွင့်လှစ်ခဲ့သော မြို့မ သမိုင်းကျောင်းအစသည် ၁၉၂၄ ခုနှစ်မှ ၁၉၅၃ ခုနှစ်အထိ နှစ်ပေါင်း ၃၀ ကာလ တာဝန်ယူခဲ့သော ဆရာကြီးဦးဘလွင် ကာလအတွင်း ထင်ရှားကျော်ကြားခြင်း၊ အမျိုးသားရေးနှင့် နိုင်ငံရေးခေါင်းဆောင်များ မွေးထုတ်ပေးနိုင်ခဲ့ခြင်း၊ နိုင်ငံ့ သားကောင်းရတနာများ မွေးထုတ်ပေးခြင်းတို့အပြင် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေသော ပညာရပ်များ၊ ဘာသာရပ်များ၊ ဗလငါးတန်ဖြစ်သည့် ကာယ၊ ဉာဏ၊ မိတ္တ၊ စာရိတ္တ၊ ဘောဂဖွံ့ဖြိုးရေးများကို သင်ကြားပေးနိုင်ခဲ့သည်မှာ ပဲ့ကိုင်ကောင်းမွန်သော ဆရာကြီးဦးဘလွင်၏ ကျေးဇူး များပင် ဖြစ်ပါသည်။

 

ထူးချွန်ထင်ရှားသူများ

 

မြို့မကျောင်းကြီးတွင် ၁၉၂၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း တာဝန်ထမ်းဆောင်ခဲ့ကြသော ဆရာကြီး များ၊ ဆရာ ဆရာမများ၏ ကျေးဇူးကြောင့် ထိုကာလအတွင်း ပညာရည်နို့စို့ခဲ့ကြသူ ကျောင်းသား ကျောင်းသူများသည် နိုင်ငံတော်အကြီးအကဲများ၊ နိုင်ငံ့ခေါင်းဆောင်များ၊ တတ်သိပညာရှင်များ၊ စီးပွားရေးနှင့် နိုင်ငံရေးနယ်ပယ်တွင် ထူးချွန်ထင်ရှားသူများဖြစ်ခဲ့ကြပြီး ယခုအခါ သင်္ခါရ နယ်ပယ်မှ တချို့လည်း စွန့်ခွာကြသလို တချို့လည်း သမိုင်းဦးလှေတွင် ပါဝင်လှော်ခတ်နေကြဆဲ ဖြစ်ပါသည်။

 

ကျွန်တော်တို့ သမိုင်းဦးလှေပေါ်တွင် ကျန်ရစ်နေဆဲ ကျောင်းသား ကျောင်းသူဟောင်းများ၊ ပညာသင်ကြား နေဆဲ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ၊ မိဘများသည် သုံးပွင့်ဆိုင် လက်တွဲညီကာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ နှစ်(၁၀၀)ဆိပ်ကမ်းသို့ အားကြိုး မာန်တက် လှော်ခတ်ခဲ့ကြပါသည်။ ထိုသို့ လှော်ခတ် ကြရာတွင် တက်ညီလက်ညီဆိုသော စကားအတိုင်း ရာပြည့်ပွဲ ကျင်းပရေးကော်မတီအသီးသီးတို့၏ ဆောင်ရွက်လှုပ်ရှားမှုများသည် ရေစုန်တစ်လှည့်၊ ရေဆန် တစ်ခါ ကြုံကြရာ၌ စည်းလုံးညီညွတ်သော စိတ်ဓာတ်ဖြင့် မခိုမကပ်လှော်ခတ်ခဲ့ကြရာ ပန်းတိုင်သို့အရောက် လှမ်းနိုင်ကြပြီဖြစ်ပါသည်။ ရာပြည့်ကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌ ကျောင်းသားဟောင်း ဗိုလ်ချုပ်စိန်ထွား (ငြိမ်း) ခေါင်းဆောင်ကာ ရာပြည့်အကြိုပွဲများကို သုံးနှစ် တိုင်တိုင် ကျင်းပခဲ့ကြပါသည်။

 

စည်းလုံးညီညွတ်ခြင်း

 

ကျွန်တော်တို့ မြို့မကျောင်းဆိုသည်ကား ရှေးအခါ ကပင် မြို့မအမျိုးသားကျောင်းနှင့် အမျိုးသမီးကျောင်း ဟူ၍ တည်ရှိနေခဲ့ရာမှ ၁၉၆၄ ခုနှစ်မှစ၍ အထက(၂)ဒဂုံ၊ အထက(၃)ဒဂုံဟု အမည်သညာပြောင်းခဲ့ သော်လည်း မြို့မက မြို့မပါပဲ၊ မြို့မစိတ်ဓာတ်က အမျိုးသားရေးစိတ်ဓာတ်ပါပဲ၊ လက်သည်းဆိတ်ရင် လက်ထိပ်နာတတ်သော၊ ကောင်းကျိုးလိုလားသော မြို့မမောင်နှမများသည် ရာပြည့်ပွဲသို့ ချီတက်လှော်ခတ် ကြရာ၌ ပင်လယ်ပြာကြီး ကာဆီးပါစေ တို့တွေလက်တွဲ လှော်ခတ်ကြမယ်လေဆိုသော စည်းလုံးညီညွတ်ခြင်း ထုံးကို နှလုံးမူခဲ့ကြပါသည်။

 

ကျွန်တော်တို့ မြို့မသမိုင်းဦးလှေကြီးသည် သမိုင်း တွင်သော အဖြစ်အပျက်များစွာနှင့် နိုင်ငံ့သားကောင်း များစွာကို သယ်ဆောင်နိုင်ခဲ့သော်လည်း (၂၅) နှစ်တာ ငွေရတုကိုလည်းကောင်း၊ နှစ် (၅၀) ကာလ ရွှေရတုကို လည်းကောင်း ကျင်းပနိုင်ခဲ့ခြင်းမရှိခဲ့ပေ။ သို့သော်လည်း ၁၉၉၅ ခုနှစ်တွင် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နှင့်အတူ (၇၅) နှစ်မြောက် စိန်ရတုသဘင်ပွဲကြီးကို ခြိမ့်ခြိမ့်သဲ စည်ကားစွာ ကျင်းပနိုင်ခဲ့ကြပါသည်။ ထူးခြားသည်ကား စိန်ရတုပွဲနှင့်အတူ ကျေးဇူးရှင် ဆရာကြီး ဦးဘလွင်၏ ပုံတူရုပ်တုကြီးသည်လည်း အထက(၂)ဒဂုံ မြို့မကျောင်းကြီး၏ရှေ့တွင် သမိုင်း မော်ကွန်းတင်ကာ မားမားမတ်မတ်ရပ်တည်နိုင်ခဲ့ ပါသည်။ ထို့အတူ မြို့မ (၇၅) နှစ်မြောက် စိန်ရတုမဂ္ဂဇင်း ကိုလည်း အမှတ်တရ ကြိုးစားထုတ်ဝေနိုင်ခဲ့သည်မှာ ဝမ်းမြောက်ဂုဏ်ယူစရာ ဖြစ်ပါသည်။

 

မဟာသရေစည်သူဘွဲ့ကို ချီးမြှင့်ခဲ့

 

မြို့မအမျိုးသားကျောင်းသမိုင်းကိုပြောလျှင် နှစ် ၁၀၀ အတွင်း နှစ် ၃၀ ကျော် ကျောင်းအုပ်ကြီး တာဝန် ထမ်းဆောင်ခဲ့သော ဆရာကြီးဦးဘလွင်အကြောင်း မပါမပြီး ပြောရပါမည်။ ဆရာကြီးကို အမျိုးသားပညာရေး ခေါင်းဆောင်ကြီးအဖြစ် တစ်ခေတ်တစ်ခါက ဂုဏ်ပြု ခဲ့ကြ၍ ဗြိတိသျှအစိုးရက KIH ဘွဲ့ (Kaiser in Hind) ပေးခဲ့သလို မြန်မာနိုင်ငံအစိုးရကလည်း မဟာသရေ စည်သူဘွဲ့ကို ချီးမြှင့်ခဲ့ပါသည်။

 

ဆရာကြီး ဦးဘလွင်ကို ရန်ကုန်မြို့ လှည်းတန်း ရပ်ကွက်တွင် ကန်ထရိုက်တာကြီး ဦးဘိုသိန်းနှင့် အမိ ဒေါ်ခင်တို့က ၁၈၉၂ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ငယ်စဉ်က ရန်ကုန်မြို့ အစိုးရတန်းမြင့် ကျောင်းတွင်လည်းကောင်း၊ မော်လမြိုင်မြို့ စိန့်ပက် ထရစ်ကျောင်းတွင်လည်းကောင်း ပညာသင်ကြားခဲ့ပြီး ၁၀ တန်း အောင်မြင်ခဲ့သည်။ ရန်ကုန်ကောလိပ်မှ IA ဥပစာအထက်တန်း အောင်မြင်ခဲ့သည်။ YMBA အသင်း၏ ကျောင်းဆရာအဖြစ်လည်းကောင်း၊ ရမည်းသင်းမြို့ ပညာဝန်ထောက်အဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့သည်။ ၎င်းနောက် တက္ကသိုလ်ပြန်လည်တက်ရောက်ရာ B.A ဘွဲ့ကို အင်္ဂလိပ်စာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။

 

ဆရာကြီးသည် သူရိယမဂ္ဂဇင်းအယ်ဒီတာအဖြစ် လည်းကောင်း၊ ပညာအုပ်အဖြစ်လည်းကောင်း ဆောင်ရွက်နေစဉ် ၁၉၂၄ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် ရန်ကုန်မြို့ မြို့လူကြီးများ၊ ကျောင်းအုပ်တာဝန်ထမ်းဆောင် နေသော ဆရာကြီးဦးအေးသွယ်နှင့် ကျောင်းသားမိဘ များ၏ တောင်းဆိုချက်အရ မြို့မအမျိုးသားကျောင်းတွင် ကျောင်းအုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ ကျောင်းအုပ်တာဝန်ထမ်းဆောင်နေစဉ် ဗြိတိန်နိုင်ငံတွင် ပညာရေးဒီပလိုမာသင်တန်း တက်ရောက်ခဲ့သည်။ ဗြိတိသျှတော်ဝင် ပထဝီအသင်းကြီးမှ ဆရာကြီးကို F.R.G.H ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခဲ့သည်။

 

ဆရာကြီးသည် မြို့မအမျိုးသားကျောင်းကို အုပ်ချုပ်နေစဉ်အတွင်း နေရာအတည်တကျမရှိသော ကျောင်းနေရာများစွာသို့ ပြောင်းရွှေ့ပြီး ကျောင်းသား များ၏ ပညာရေးအတွက် အပင်ပန်းခံကာ ဆောင်ရွက် ခဲ့ရသည်။ ၁၉၂၄ ခုနှစ်မှ ၁၉၂၉ ခုနှစ်အတွင်း မြို့မကျောင်း အမည်ခံသော အမျိုးသားကျောင်း အဆောက်အအုံ မြေပိုင်ယာပိုင်မရှိသဖြင့် စစ်တန်းလျားများ၊ အငှားအိမ် များ၊ အငှားမြေကွက်များတွင် ထရံကာ ဓနိမိုး အဆောက် အအုံများဆောက်ကာ နိုင်ငံတစ်ဝန်းမှ ကျောင်းသားများ ကို အမျိုးသားပညာရေးစိတ်ဓာတ်နှင့်အတူ ထူးချွန် အောင် သင်ကြားပြသပေးခဲ့သည်။

 

ဆရာကြီးဦးဘလွင် ကျောင်းအုပ်တာဝန်ထမ်းဆောင်စဉ်အတွင်း မြို့မကျောင်းတွင် လာရောက် ပညာသင်ကြားခဲ့ကြသူများမှာ ဝါးခယ်မမှ မောင်နု (ဝန်ကြီးချုပ် ဦးနု)၊ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာ၊ ဗိုလ်ဇေယျ၊ ဗိုလ်မင်းခေါင်၊ သခင်သိန်းဖေ (ဝါးခယ်မ)၊ သခင်သန်းထွန်း၊ ဗိုလ်မှူးချုပ်သောင်းတင်၊ ဗိုလ်ချုပ် ချစ်လှိုင်၊ ဗိုလ်ချုပ်ကြီးသိန်းဝင်း(လေ)၊ ဗိုလ်ချုပ်စိန်ထွား၊ စာရေးဆရာ မောင်ထင်၊ ဆရာတိုက်စိုး၊ ဝဏ္ဏကျော်ထင် ဦးသက်ထွန်း၊ ရှေ့နေချုပ် ဦးသာထွန်း၊ ဒေါက်တာ တင်လှိုင်၊ ဦးမောင်မောင်ဟန် (ဗဟိုဘဏ်ဥက္ကဋ္ဌ)၊ မောင်ဆုရှင်၊ စိန်လွင်လေး၊ ဟံသာဝတီ ဦးဝင်းတင်စသော ထူးချွန်သူ ကျောင်းသားများစွာ ပညာသင်ကြားခဲ့ကြသည်။

 

ဆရာကြီးသည် နေရာအတည်တကျမရှိသော မြို့မ ကျောင်းကို ၁၉၂၉ ခုနှစ်တွင် ဗြိတိသျှ အစိုးရဘုရင်ခံ ဆဟာကုတ်ဘတ္တလာနှင့် သွားရောက်တွေ့ဆုံပြီး တင်ပြ တောင်းခံခဲ့ရာ တပ်မြေ (ယခုကျောင်းရှေ့ မြင်းပြိုင် ကွင်းဟောင်း) လေးဧကကို ပေးအပ်ခဲ့သည်။ ထိုအချိန်တွင် ကျောင်းဆရာ ဦးတင့်က ယခုထက်ကျယ်သော မြေ ခြောက်ဧကရှိကြောင်း ကန်တော်မင်မြေကို အိန္ဒိယနိုင်ငံ ဆင်းမလားတွင် ရှိသော CMC (Chief Military Command) ကာကွယ်ရေးဦးစီးချုပ်ထံသို့ စာရေးတောင်းပါရန် အကြံပြု ချက်အရ စာရေးတောင်းခံခဲ့ရာ ယခုမြို့မကျောင်း နေရာ ဖြစ်သော ကန်တော်မင် တပ်ပိုင်မြေနေရာကို ငွေကျပ် ၃၅၀၀ (သုံးထောင့်ငါးရာကျပ်)နှင့် ဝယ်ယူရရှိခဲ့ပါသည်။ ဘုရင်ခံ ထံမှရရှိသော မြေလေးဧကကို ပြန်လည်အပ်ခဲ့ပါသည်။

 

ပြာသာဒ်ဘုံအဆင့်ဆင့်ဖြင့် ခမ်းနားသောကျောင်းကြီး

 

ဆရာကြီးသည် မြေရရှိသည်နှင့် အဆောက်အအုံ ဆောက်လုပ်ရန် ငွေကြေးအခက်အခဲရှိသဖြင့် မြို့ခံသူဌေး ပုဂံစက် ဦးသော်၊ ဆာဦးသွင်နှင့် ကျောင်းသားမိဘများထံမှ အလှူခံခဲ့သလို ကျောင်းသား ကျောင်းသူများ၏ ပဒေသာ ကပွဲကို မြို့တော်ခန်းမ ဂျူဗလီဟောတွင် ပြုလုပ်ပြီး ရန်ပုံငွေ ရှာဖွေခဲ့သည်။

အဆိုပါ စုဆောင်းငွေဖြင့် အင်္ဂလန် နိုင်ငံမှ ဗိသုကာပညာသင်ကြားပြီး ပြန်လာသော မိတ်ဆွေ ဦးတင်ကို ဒီဇိုင်းရေးဆွဲပေးရန် အကူအညီ တောင်းခံခဲ့သည်။ ဦးတင်၏ စုလစ်မွမ်းချွန်တို့ဖြင့် မြန်မာ့လက်ရာ နန်းဆန် သောပုံစံကို လမ်းအရေးပိုင်အင်ဂျင်နီယာ ဦးဘိုးသောင်ကို အပ်နှံကာ ဆောက်လုပ်စေခဲ့သည်။ အဆောက်အအုံကို A.C Martin ကုမ္ပဏီက ငွေ ငါးသိန်းဖြင့် လက်ခံဆောက်လုပ် ခဲ့ရာ ၁၉၃၁ ခုနှစ် ဒီဇင်ဘာလတွင် ကျောင်းဖွင့်ပွဲကို ခမ်းနားစွာ ကျင်းပနိုင်ခဲ့သည်။ ထိုအချိန်မှစ၍ မြို့မ အမျိုးသားအထက်တန်းကျောင်းကြီးသည် နန်းဆန်သော၊ မြန်မာတို့၏ ယဉ်ကျေးမှုလက္ခဏာများ ပါဝင်သော၊ ပြာသာဒ်ဘုံအဆင့်ဆင့်ဖြင့် ခမ်းနားသောကျောင်းကြီးအဖြစ် ပထမဆုံးပေါ်ထွန်းလာခဲ့ပါသည်။

 

ဆရာကြီးသည် ၁၉၂၃ ခုနှစ်တွင် ဒေါ်သန်းညွန့်နှင့် လက်ထပ်ခဲ့ပြီး သားသမီး ရှစ်ဦး မွေးဖွားခဲ့သည်။ သားသမီး များမှာ ပညာထူးချွန်ကြပြီး ဆရာကြီးကဲ့သို့ပင် မျိုးချစ်စိတ် ပြင်းထန်သူများ ဖြစ်ကြသည်။ ဆရာကြီး၏ သားတစ်ဦး ဖြစ်သော ရေတပ်ဗိုလ် ဗိုလ်ကြီး ကျော်သိန်းလွင်သည် အင်းစိန်တိုက်ပွဲ၊ ဝက်ကော်တိုက်ပွဲများတွင် ရန်ကုန်မြို့ မကျဆုံးရေး ရွပ်ရွပ်ချွံချွံ ပါဝင်တိုက်ခိုက်ခဲ့သည်။ ဆရာကြီး သည် နိုင်ငံများစွာသို့ ပညာရေးနှီးနှောဖလှယ်ပွဲများ၊ လေ့လာရေးများသို့ သွားရောက်ခဲ့ရာတွင် တိုက်ပုံ၊ ခေါင်းပေါင်း၊ ပုဆိုးတို့သာဝတ်ဆင်ပြီး နိုင်ငံခြားသားများကို လေးစားစွာ ဆက်ဆံခဲ့သည်။

 

ကျွန်ပညာရေးစနစ်

 

ဆရာကြီးဦးဘလွင်သည် ပညာရေးကို အမျိုးသားရေး စိတ်ဓာတ်ဖြင့် သင်ကြားခဲ့သူဖြစ်သည်။ ဗြိတိသျှ၏ ကျွန်ပညာရေးစနစ်ကို လက်မခံခဲ့သူဖြစ်သည်။ ၁၉၃၈ ခုနှစ် ကျောင်းသားသပိတ်တွင် ယုဒသန်ကောလိပ်ကျောင်းသား ဗိုလ်အောင်ကျော်တို့ တက္ကသိုလ်ကျောင်းသား အခွင့်အရေး တောင်းဆိုရာတွင် ဗြိတိသျှ စစ်ရဲတပ်က ရိုက်နှက်သဖြင့် ဗိုလ်အောင်ကျော် ကျဆုံးသွားခဲ့ရသည်။ ဆရာကြီး ဦးဘလွင် သည် ဗိုလ်အောင်ကျော် ကျဆုံးသည်ကို စိတ်ထိခိုက်ကာ သူ့အား ဗြိတိသျှအစိုးရမှ ဂုဏ်ပြုချီးမြှင့်ထားသော KIH ဘွဲ့ (Kaiser in Hind) ဘွဲ့ကို ပြန်လည်အပ်နှံကာ ရှုတ်ချခဲ့သည်။

 

ဆရာကြီးသည် တိုင်းပြည်နှင့် လူမျိုးကို အလွန် ချစ်မြတ်နိုးသူဖြစ်သည်။ ၁၉၅၃ ခုနှစ်တွင် ကျောင်းအုပ် ကြီးတာဝန်မှ သံအမတ်ကြီးတာဝန် ထမ်းဆောင်ပေးရန် တပည့်ဖြစ်သူ ဝန်ကြီးချုပ် ဦးနုက မေတ္တာရပ်ခံခဲ့သည်။ မသွားလိုသော်လည်း တာဝန်ကို မငြင်းဆန်လိုသဖြင့် သီရိလင်္ကာနိုင်ငံ (သီဟိုဠ်) ၌ သံအမတ်ကြီးတာဝန် ခြောက်နှစ်ထမ်းဆောင်ခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် မြန်မာ နိုင်ငံသို့ ပြန်လည်ရောက်ရှိလာသောအခါ မြို့မတိုင်းရင်းသား ကျောင်းအုပ်ကြီးအဖြစ် ပြန်လည်တာဝန်ထမ်းဆောင် ခဲ့သည်။ ဆရာကြီးသည် အဆင့်မြင့်သောရာထူးကို လက်မခံဘဲ ကျောင်းအုပ်ကြီးတာဝန်နှင့် ကျောင်းအုပ်ချုပ် ရေး အကျိုးတော်ဆောင်အဖွဲ့တာဝန်ကိုသာ မြတ်နိုးစွာ သက်ဆုံးတိုင် ထမ်းဆောင်သွားခဲ့သည်။ ဆရာကြီးသည် ၁၉၆၈ ခုနှစ် ဧပြီလ ၇ ရက်နေ့ နံနက် ၅ နာရီတွင် ကွယ်လွန်သွားခဲ့သည်။

 

မြို့မအမျိုးသားကျောင်းကြီးကား နှစ် ၁၀၀ ပြည့် မြောက်ပြီဖြစ်သဖြင့် မြို့မကျောင်းကို ပြုစုပျိုးထောင်ကာ သမိုင်းတွင်သောကျောင်း၊ သမိုင်းဝင်ပုဂ္ဂိုလ်များစွာ မွေးထုတ်ပေးခဲ့သော ကျောင်းကြီး၊ အမျိုးသားရေးလက္ခဏာ ကို အပြည့်အဝဖော်ဆောင်နေသော ကျောင်းကြီး၏ဖခင် ဆရာကြီး ဦးဘလွင်ကို ဂုဏ်ပြုရင်း ရာစုပုံသွင် သမိုင်း တွင်အောင် ဆောင်ရွက်ခဲ့ကြသော မြို့မကျောင်းသား ကျောင်းသူများကိုလည်း သမိုင်းဦးလှေ မနစ်စေရန် ရာစုအဆက်ဆက် ထိန်းသိမ်းစောင့်ရှောက်နိုင်ကြပါစေဟု ဆန္ဒပြုရေးသားတင်ပြလိုက်ရပါသည်။ ။