ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၈၄ ဦး တွေ့ရှိ

 

ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၃ ဒသမ ၁၇ ရာခိုင်နှုန်းရှိ

 

(၁၄-၉-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ

 

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊  ထိန်းချုပ်ရေးလုပ်ငန်းများကို  အရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိရာ   ရောဂါထိန်းချုပ်ရေး လုပ်ငန်းများအောင်မြင်နိုင်ရေးအတွက်  ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ  ထုတ်ပြန် ထားသော  ကိုဗစ်-၁၉  ရောဂါ  ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာ ဆောင်ရွက်ရန်လိုအပ်ပြီး  ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက် ကြရန် လိုအပ်ပါသည်။

 


ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၃-၉-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၄-၉-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၂,၁၂၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ  ဓာတ်ခွဲအတည်ပြုလူနာသစ် (၃၈၄) ဦး တွေ့ရှိရပါသည်။  ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု   ရာခိုင်နှုန်းမှာ  (၃.၁၇)  ရာခိုင်နှုန်း  ရှိပါ သည်။ 

 


သို့ဖြစ်ပါ၍  ယနေ့အထိ   ဓာတ်ခွဲနမူနာစုစုပေါင်း  (၈,၈၇၈,၈၈၂)  ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၆၁၇,၇၃၉) ဦး ရှိပြီဖြစ်ပါသည်။

 


ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိ  ကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင်  ပြန်လည်ကောင်းမွန်လာသူ (၈၉) ဦးရှိသဖြင့်  ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း (၅၉၄,၅၅၂) ဦးရှိပြီ ဖြစ်ပါသည်။ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ (၁) ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၉,၄၄၄) ဦး ရှိပါသည်။ 

 


ကိုဗစ်-၁၉  ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၁၃-၉-၂၀၂၂) ရက်နေ့ အထိ အသက် (၁၈) နှစ်နှင့်အထက် လူဦးရေစုစုပေါင်း (၃၀,၄၆၁,၀၆၃) ဦးနှင့် အသက် (၁၈) နှစ်အောက် လူဦးရေ စုစုပေါင်း (၆,၅၁၅,၅၂၂) ဦးတို့အား ထိုးနှံထားရှိပြီးဖြစ်ပါသည်။

 

မြန်မာနိုင်ငံတွင် (၂၈-၁-၂၀၂၂) ရက်နေ့မှ (၇-၉-၂၀၂၂) ရက်နေ့အထိ တွေ့ရှိရသော ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ၏ ကိုဗစ်-၁၉  ရောဂါ   ကာကွယ်ဆေးထိုးနှံထားရှိမှု   အခြေအနေများကို ဆန်းစစ်ချက်အရ  ကိုဗစ်-၁၉  ရောဂါဖြစ်ပွားသူများ၏ (၈၀) ရာခိုင်နှုန်းမှာ ကာကွယ်ဆေး လုံးဝထိုးနှံ ထားခြင်းမရှိဘဲ (၁၅.၉) ရာခိုင်နှုန်းမှာ ကာကွယ်ဆေး (၁) ကြိမ်ထိုးနှံထားပြီး (၄) ရာခိုင်နှုန်းမှာ ကာကွယ် ဆေး အကြိမ်ပြည့်ထိုးနှံထားရှိ၍ (၀.၁) ရာခိုင်နှုန်းမှာ ထပ်ဆောင်းကာကွယ် ဆေးထိုးနှံထားသူများဖြစ်ကြောင်း တွေ့ရှိရပါသည်။

 

မြန်မာနိုင်ငံတွင် (၂၈-၁-၂၀၂၂) ရက်နေ့မှ (၇-၉-၂၀၂၂) ရက်နေ့အထိ တွေ့ရှိရသော ကိုဗစ်-၁၉ ရောဂါ ကြောင့် သေဆုံးသူများ၏  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံထားရှိမှုအခြေအနေများကို ဆန်းစစ်ချက် အရ  ကိုဗစ်-၁၉  ရောဂါဖြစ်ပွားသူများ၏  (၈၄.၁) ရာခိုင်နှုန်းမှာ ကာကွယ်ဆေး  လုံးဝ  ထိုးနှံထားခြင်း မရှိသူများနှင့်  ကာကွယ်ဆေးအကြိမ်ပြည့်  ထိုးနှံထားခြင်းမရှိသူများဖြစ်ကြပြီး  (၁၄.၄)  ရာခိုင်နှုန်းမှာ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံထားရှိသူများဖြစ်ကာ (၁.၅) ရာခိုင်နှုန်းမှာ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံထားသူများဖြစ်ကြောင်း တွေ့ရှိရပါသည်။
 

 

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက် ဖြစ်ပွား/သေဆုံးမှုတို့ကို    လေ့လာသုံးသပ်ချက်အရ   ကာကွယ်ဆေးထိုးနှံထားသူများတွင်  ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုကိုလျှော့ချနိုင်ပြီး ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်းဖြင့်လည်း ရောဂါ ဖြစ်ပွားမှုနှင့်      သေဆုံးမှုကိုလျှော့ချနိုင်ကြောင်းကို    တွေ့ရှိရသည်ဖြစ်ရာ    မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်ခြင်းနှင့် နီးစပ်ရာ ကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများနှင့်ဆက်သွယ်၍  ကိုဗစ်-၁၉  ရောဂါ  ကာကွယ်ဆေးထိုးနှံမှုနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံခြင်းတို့ကို မပျက်မကွက်ဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

 


ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို  ကျန်းမာရေးဝန်ကြီးဌာန၏  အင်တာနက် စာမျက်နှာ moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ 


ကျန်းမာရေးဝန်ကြီးဌာန