မင်္ဂလာရှိသူများ

Type

ကမ္ဘာ့သွေးလှူရှင်များနေ့ ဂုဏ်ပြုဆောင်းပါး

========================

 

မင်္ဂလာရှိသူများ

=========

 

ဒေါက်တာသီတာအောင်

(အမျိုးသားသွေးဌာန)

 

 

စိန်ခေါ်မှုများကြောင့် ရုန်းကန်နေချိန်မှာ လူ့အသိုင်းအဝိုင်း အတွက် တတ်စွမ်းတဲ့ဘက်မှ ပြီးမြောက်အောင်မြင်အောင် ကူညီပေးသူတွေရဲ့ စွမ်းဆောင်ပေးနေမှုအချို့ကို မျှဝေ ပေးလိုပါတယ်။

 

တန်ပြန်ဆောင်ရွက်မှုတွေ

 

ယခုအချိန်အခါကတော့ ကမ္ဘာတစ်ဝန်း လူ့အဖွဲ့ အစည်းအားလုံးမှာ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေး စတဲ့အခန်းကဏ္ဍပေါင်းစုံမှာ ရင်ဆိုင်နေရတဲ့ အားနည်းချက်၊ လစ်ဟာချက်တွေကို အစွမ်းရှိသမျှ ထောက်ညှိဖြေရှင်းနေရတဲ့အချိန်ပဲ ဖြစ်ပါ တယ်။ ဒီဖြစ်ပွားနေတဲ့ကပ်ရောဂါကြီးကို ဖွံ့ဖြိုးပြီး တိုင်းပြည်တွေဆိုရင်တော့ လွယ်လွယ်ကူကူ အောင်မြင် စွာ ကျော်ဖြတ်နိုင်မယ်လို့ထင်ရပေမယ့် အမှန်တကယ် အခြေအနေမှာတော့ မဟုတ်ခဲ့ပါဘူး။ ဒီကပ်ရောဂါကြီး ကြောင့် လူ့အဖွဲ့အစည်းတွေကြားမှာ စီးပွားရေးနဲ့ ကျ‌န်းမာရေးကို ဘယ်အရာကို အလေးထားကြမလဲဆိုတဲ့ ခံယူမှုကိုအခြေခံတဲ့ တန်ပြန်ဆောင်ရွက်မှုတွေ ကွဲပြားစွာ ပေါ်ထွက်လာပါတယ်။ ဒီနှစ်မျိုးဟာ ခွဲခြားလို့မရတဲ့ အရာဖြစ်ပါတယ်။ ပြည်သူတွေမကျန်းမာရင် တိုင်းပြည် စီးပွားရေးလည်း ဆုတ်ယုတ်မှာ မလွဲဧကန်ဖြစ်ပါတယ်။

 

အမှန်တကယ်မှာတော့ ဒီ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ရောဂါပိုးကို နောင်တွေ့ရှိလာနိုင်ရတဲ့ အခြေအနေဆိုးတွေ အတွက် အသင့်ပြင်ဆင်နိုင်အောင် လေ့ကျင့်ပေးတယ်လို့ မှတ်ယူပြီး စနစ်တကျ ဆန်းစစ်လေ့လာရင်ဆိုင်ကြရပါ တော့မယ်။ ဒီလိုကပ်ရောဂါမျိုးဟာ နောင်အနှစ် ၁၀၀ လောက်မှ ပြန်ဖြစ်မှာပါလို့ဆိုတဲ့ အကောင်းမြင်မှုနဲ့ အပြီး သတ်လို့မဖြစ်သင့်တဲ့ သင်ခန်းစာကောင်းပဲ ဖြစ်ပါတယ်။ လေထဲမှာပြန့်နိုင်တဲ့ ရောဂါပိုးတွေရဲ့ မျိုးရိုးဗီဇတွေ လျင်မြန်စွာပြောင်းလဲမှုကို ပညာရှင်တွေ တွေ့နေရပြီ ဖြစ်လို့ အခုအခြေအနေဟာ လူသားတိုင်း သတိရှိစွာ နေထိုင်ဖို့အတွက် အချက်ပြခေါင်းလောင်းထိုးတယ်လို့ မှတ်ယူပြီး ကာကွယ်မှုအလေ့အကျင့်တွေကို လူတိုင်း ကိုယ်စီ ကျင့်သုံးရပါတော့မယ်။

 

အထူးသဖြင့် ၂၀ ကျော်သက်တမ်းရှိတဲ့ လူငယ်လေး တွေအနေနဲ့ သူတို့လူ့အဖွဲ့အစည်းကို ဦးဆောင်ရမယ့် အချိန်ရောက်လာရင် ထပ်မံဖြစ်ပေါ်နိုင်တဲ့ အခြေအနေဆိုး တွေအတွက် လေ့ကျင့်ပေးတယ်လို့မှတ်ယူပြီး ယခုအချိန် မှာ လိုက်နာရမယ့် တစ်ကိုယ်ရေ စောင့်ရှောက်မှုတွေကို အလေ့အကျင့်ဖြစ်အောင် ကြိုးစားကြရပါမယ်။ မိမိတို့ရဲ့ ကောင်းတဲ့အလေ့အကျင့်တွေကို ပျောက်ပျက်မသွား အောင် စောင့်ထိန်းခြင်းဖြင့် ဒီရောဂါဆိုးကြောင့် အသက် ဆုံးရှုံးသွားရတဲ့သူတွေကို ကျေးဇူးဆပ်ကြရပါမယ်။

 

ပြန့်ပွားမှုမြန်ဆန်တဲ့ ရောဂါပိုးကြောင့် နယ်ပယ် တိုင်းမှာ ဒုက္ခတွေရင်ဆိုင်နေရတဲ့အခါ ပြန်လည်ပြုပြင်ပြီး တွန်းလှန်ခဲ့တဲ့အလေ့အကျင့်ကောင်းတွေကြောင့် တချို့ နယ်ပယ်တွေမှာ အကျိုးအမြတ်တွေရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေကဆိုရင် ဇွန်လ ၁၄ ရက်နေ့မှာကျရောက်တဲ့ ကမ္ဘာ့ သွေးလှူရှင်များနေ့ကို တစ်ရက်ထဲမှာ အခမ်းအနားအဖြစ် စုဝေးကျင်းပကြပေမယ့် ဒီနှစ်မှာတော့ အစုအဖွဲ့ငယ်တွေ ခွဲပြီး သွေးလှူရှင်များ ရက်သတ္တပတ်အဖြစ် ကျင်းပနိုင်ခဲ့ လို့ လူငယ်တွေရဲ့ထောက်ပံ့မှုကို ပိုမိုအခွင့်ရစေခဲ့ပါတယ်။

 

ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ကျရောက်တဲ့ မြန်မာ နိုင်ငံရဲ့ သွေးလှူရှင်များနေ့မှာလည်း တစ်ဦးချင်းကို ကျေးဇူးတင်လွှာ မပေးအပ်နိုင်ပေမယ့် တတ်နိုင်သမျှ သတင်းမီဒီယာတွေကနေ သွေးလှူရှင်တွေ၊ ဦးဆောင် စည်းရုံးပေးသူတွေ၊ ထောက်ပံ့ပေးသူတွေအားလုံးကို ကျေးဇူးတင်ကြောင်း သတင်းစကားပြန့်ပွားစေဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆောင်ရွက် ပေးတာဖြစ်ပါတယ်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ချမှတ် ထားတဲ့စည်းကမ်းတွေကို လိုက်နာနိုင်ခဲ့တဲ့အတွက် အမျိုးသားသွေးဌာနအနေနဲ့ ရောဂါပိုးရဲ့ရိုက်ခတ်မှုကို သွေးလှူရှင်တွေကို မထိခိုက်ရအောင် အခုအချိန်အထိ ကြံ့ကြံ့ခံနေနိုင်နေပါတယ်။ ဒါကြောင့်မဖြစ်မနေလိုအပ်တဲ့ အရေးပေါ်သွေးလိုအပ်မှုတွေ၊ ကင်ဆာရောဂါခံစားရသူ တွေ၊ မွေးရာပါသွေးရောဂါ ခံစားရသူတွေ ဒီကပ်ရောဂါ ဆိုးကာလအတွင်းမှာ စေတနာရှင်တွေရဲ့ထောက်ပံ့မှုနဲ့ အခက်အခဲမရှိ ကုသမှုခံယူနိုင်နေဆဲ ဖြစ်ပါတယ်။

 

အသက်ငယ်ရွယ်တဲ့လူငယ်တွေရဲ့ ထောက်ပံ့မှုဟာ ဒီနှစ်ရဲ့အခက်အခဲဆုံးအခြေအနေတွေကို ကျော်လွှားနိုင် အောင်အထိ အရေးပါခဲ့ပါတယ်။ ဒါကြောင့် သဘောထား ပြည့်ဝတဲ့ လူငယ်တွေကို အနာဂတ်ရဲ့ဦးဆောင်သူတွေအဖြစ် မြင်တွေ့မိလို့ အားရမိပါတယ်။ သွေးလှူဘဏ်မှာ လှူဒါန်း ထောက်ပံ့နေတဲ့ စေတနာသွေးလှူရှင်တွေဟာ ရုံးပိတ်ရက်၊ အခါကြီး ရက်ကြီးတွေမှာ ထောက်ပံ့ကြတာ ၉၅ ရာခိုင်နှုန်း လောက် ဖြစ်ပါတယ်။ အဲဒီလိုနေ့ရက်တွေမှာ အချိန် ကြာမြင့်စွာစောင့်ဆိုင်းနေရပြီး ပြည့်ဝတဲ့ဝန်ဆောင်မှု မပေးနိုင်တာကို ခံစားမိပါတယ်။

 

ဒါကြောင့် လွန်ခဲ့တဲ့ လေးနှစ်ခန့်ကစပြီး Appoint- ment System ကို စတင်အသုံးပြုခဲ့ပါတယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ အခုအချိန်မှာတော့ ဒီကပ်ရောဂါဆိုး ကြီးကို ကြောက်လန့်တဲ့ကြားက ရဲဝံ့စွာလာရောက် ထောက်ပံ့သူတွေဟာ Appointment System ကို ယုံကြည် စွာ အားကိုးသုံးစွဲလာကြတာ တွေ့ရပါတယ်။ စုစုပေါင်း အရေအတွက်တူညီပေမယ့် တိတ်ဆိတ်ငြိမ်သက်တဲ့ ပတ်ဝန်းကျင်ကောင်းအဖြစ်နဲ့ စေတနာရှင်တွေကို ကျေးဇူး တုံ့ပြန်ခွင့်ရသွားပါတယ်။ တကယ့်ကို ဂုဏ်ယူစရာကောင်းတဲ့ ပြောင်းလဲမှုတစ်ခု ဖြစ်ပါတယ်။ အခုဆိုရင် ရုံးဖွင့်ရက်တွေမှာ (၅၀-၁၀၀) ကြား Appointment System ကိုသုံးပြီး လာရောက်လှူဒါန်းတာ လွန်ခဲ့တဲ့နှစ်တွေမှာ မကြုံရတဲ့ ပြောင်းလဲမှုဖြစ်ပါတယ်။ ဒီလိုခွဲပြီး တစ်ဦးချင်းလှူဒါန်း ဖြစ်တာဟာ သွေးလှူဘဏ်ကနေ လေးလပြည့်တဲ့အသိပေး ဖုန်းခေါ်မှုနဲ့ သွေးလှူရှင်တွေရဲ့ မွေးနေ့နီးတဲ့အပတ်မှာ အသိပေး‌ခေါ်ယူမှုတွေရဲ့ ရလဒ်တွေပဲ ဖြစ်ပါတယ်။

 

သွေးလှူဒါန်းခြင်းဖြင့် မွေးနေ့ကျင်းပ

 

ဒီနှစ်မှာ ၂၅၀၀ ကျော်တဲ့ သွေးလှူရှင်တွေဟာ သူတို့ရဲ့မွေးနေ့ကို သွေးလှူဒါန်းမှုပြုပြီး ကုသိုလ်ပြုခဲ့ကြတာ တွေ့ရပါတယ်။ ဒီအရေအတွက်ဟာ ကပ်ရောဂါမဖြစ်သေးတဲ့ နှစ်တွေထက် ပိုမိုများပြားလာပါတယ်။ စုစုပေါင်း လှူဒါန်းမှု ၄၀ ရာခိုင်နှုန်းလောက် ကျဆင်းခဲ့ပေမယ့် မွေးနေ့အထိမ်း အမှတ်လှူဒါန်းမှုဟာ တိုးပွားလာတာမို့ ရန်ကုန်မြို့ပေါ်က လူငယ်လေးတွေရဲ့ သွေးလှူဒါန်းခြင်းဖြင့် မွေးနေ့ကျင်းပတဲ့ အလေ့အကျင့်ဟာ အားတက်ဖွယ်ဖြစ်လာပါပြီ။ Online Booking ၊ Call Center Birthday Donation အစီအစဉ် တွေဟာ စုဝေးကြန့်ကြာပြီး အရည်အသွေးမပြည့်ဝတဲ့ ဝန်ဆောင်မှုကို ရပ်တန့်အောင် ကူညီပေးသွားခြင်းပဲ ဖြစ်ပါတယ်။

 

ယခင်နှစ်တွေက သွေးလှူတဲ့သူတွေသာမကဘဲ သွေးလာရောက်ထုတ်ယူတဲ့ ဆေးရုံတွေရဲ့ နေ့စဉ် သွေး စောင့်ဆိုင်းထုတ်ယူတဲ့အခါမှာလည်း အစုအဝေးဖြစ်စေ ပါတယ်။ သွေးလှူဘဏ်ရဲ့ Lobby မှာ ရုံးချိန်အတွင်းဆိုရင် သွေးလာရောက်ထုတ်ယူတဲ့ဆေးရုံတွေရဲ့ သွေးသယ်ဆောင် တဲ့ပုံးတွေ၊ ဝန်ထမ်းတွေနဲ့ပြည့်နေပြီး သွေးလှူရှင်တွေ အတွက် နေရာအနည်းငယ်သာရှိပါတယ်။ အခုတော့ သွေးလာရောက်ထုတ်ယူမယ့် ဆေးရုံတွေကိုလည်း Appointment Systemနဲ့ လာရောက်ဖို့ ကြိုးစားခဲ့တာ အခက်အခဲအမျိုးမျိုးကြားကနေ အခုဆိုရင် အဆင်ပြေသွား ပါပြီ။ သွေးဘဏ်မှာ လှူဒါန်းသူနဲ့ သုံးစွဲသူတွေ တိုးကျပ် မနေရတော့ဘဲ သုံးစွဲသူတွေကို တစ်ခါသုံး Packing တွေနဲ့ Booking တင်ပြီးတာနဲ့ ပြင်ဆင်ပြီး ထုတ်ပေးနိုင်တဲ့အတွက် သွေးလှူရှင်တွေနဲ့ တွေ့ဆုံခြင်းမရှိအောင် ဆောင်ရွက်ပေး နိုင်ခဲ့ပါပြီ။ ဘဏ္ဍာငွေထောက်ပံ့ပေးပါသော မိမိတို့ရဲ့ မိခင် ဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်ပေးပါသော ဆေးရုံများမှ ကျန်းမာရေးမိသားစုတွေအားလုံးကို လွန်စွာကျေးဇူးတင်ရှိရ ပါတယ်။

ယခုကပ်ရောဂါအတွင်းမှာ တစ်ဦးချင်းစီရဲ့အသိနဲ့ သတိရှိမှုဟာ အရေးအကြီးဆုံး ဖြစ်ပါတယ်။ ဝန်ထမ်း တော်တော်များများဟာ မမြင်ရတဲ့တစ္ဆေ၊ သရဲကိုကြောက်ပြီး တကယ်ရှိနေတဲ့ ရောဂါပိုးတွေကိုတော့ အကြောက်တရား ကင်းမဲ့နေခဲ့ပါတယ်။ ဒါကြောင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနရဲ့ထုတ်ပြန်မှုတွေ၊ ရောဂါကူးစက်မှုနှုန်း၊ သေဆုံး မှုနှုန်းတွေကို အပတ်စဉ်အသိပေးပြီး ဝန်ထမ်းတွေတစ်ဦး ချင်းစီက ဒီရောဂါပိုးကို ကြောက်လာအောင် ခြောက်လှန့် နေရတာ ရှစ်လကျော်ပါပြီ။ အခုအချိန်မှာတော့ ကိုယ့်ကိုယ် ကိုယ်ကာကွယ်ဖို့၊ ပတ်ဝန်းကျင်ထိမိတဲ့အရာတိုင်းကို သန့်စင်ဖို့၊ တစ်ဦးချင်း ကိုယ့်တာဝန်ကလွဲလို့ အခြားသူတွေနဲ့ အလွတ်ထိတွေ့ဆက်ဆံမှုမရှိဖို့၊ ကိုယ့်တစ်ဦးချင်းသတ်မှတ် ထားတဲ့အချိန်မှာ မျက်နှာဖုံးချွတ်ပြီး အစားစာဖို့၊ ပြင်ပသို့ ဆက်ဆံမှုတွေကို တတ်နိုင်သမျှ ရှောင်ရှားဖို့ဆိုတာတွေဟာ ဝန်ထမ်းတွေအတွက် အလေ့အကျင့်ဖြစ်သွားပါပြီ။

 

ဒါ့အပြင် ပြည်သူတွေဘက်က ကြီးမားတဲ့ပြောင်းလဲမှု တွေကိုလည်း ပေးဆပ်ခဲ့ကြပါတယ်။ အများစုက ပြုပြင် ပြောင်းလဲမှုကို သိပ်‌တော့စိတ်မဝင်စားကြပါဘူး။ မိမိတို့ရဲ့ နေမြဲပတ်ဝန်းကျင်လေးကိုပဲ မပြောင်းမလဲ၊ မလှုပ်မရွှေ့ဘဲ သက်သောင့်သက်သာနေချင်ကြတာ ဓမ္မတာ ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲမှုတစ်ခုကို လုပ်တော့မယ်ဆိုရင် လက်ခံဖို့ ညှိနှိုင်းရတာနဲ့ပဲ တော်တော်ခရီးရှည်သွားရပါတယ်။ အခု ကပ်ရောဂါကြီး ဖြစ်ပေါ်လာတဲ့အခါမှာတော့ သူကနေ ခြောက်လှန့်ပေးတဲ့အတွက် ငြိမ်နေတဲ့၊ အဆင်ပြေတယ်လို့ ယူဆတဲ့၊ ပြုပြင်စရာမလိုဘူးလို့ထင်ခဲ့တဲ့၊ အချို့အခြေအနေ တွေကို ဝိုင်းဝန်းပြုပြင်ပေးတာတွေ့ရပါတယ်။ ဥပမာ သွေးလှူရှင်တွေမှာ တစ်ဦးချင်းလာရောက်လှူဒါန်းသူ ရှိသလို အစုအဝေးနဲ့ လာရောက်လှူဒါန်းကြတာလည်း ရှိပါတယ်။

ယခင်နှစ်တွေမှာ အစုအဝေးသွေးလှူပွဲတွေက အခါကြီး ရက်ကြီးနဲ့ ရုံးပိတ်ရက်တွေမှာပဲ စုဝေးလှူဒါန်း ကြပါတယ်။ ဒါဟာလည်း စုစည်းပေးရတဲ့သူတွေအတွက် အဆင်ပြေတာကြောင့် ထုံးစံလိုဖြစ်သွားပါတယ်။ ယခုနှစ် မှာတော့ ဦးဆောင်စည်းရုံးသူတွေဟာ နားလည်စွာနဲ့ သူတို့ရဲ့အဆင်ပြေမှုထက် သွေးလှူရှင်တွေရဲ့ ဘေးကင်းမှု ကို ဦးစားပေးပြီး ပြောင်းလဲထောက်ပံ့ခဲ့ကြပါတယ်။ ပြည်သူ့ ရဲတပ်ဖွဲ့ဝင်တွေဆိုရင် ၂၀၁၅ ခုနှစ်ကတည်းက လစဉ် တစ်ရက်မှာ (၁၀၀ – ၂၀၀) အထိ စုပေါင်းလှူဒါန်းခဲ့ရာ ယခုနှစ်မှာတော့ လတစ်လရဲ့နောက်ဆုံးပတ်မှာ စနေ၊ တနင်္ဂနွေကိုခြားပြီး ခုနစ်ရက်ခွဲ၍ လှူဒါန်းပေးကြပါတယ်။

 

တပ်ရင်း ခုနစ်နေရာမှာ ခုနစ်ရက်ခွဲပြီးလှူဒါန်းဖို့ စီစဉ်

 

နှစ်စဉ် မတ်လနဲ့စက်တင်ဘာလမှာ နေပူတာနဲ့ မိုးကြီး တာကြောင့် ပြည်သူတွေ အသွားအလာ ခက်ခဲခဲ့ရင် တပ်မတော်သားတွေက စုပေါင်းလှူဒါန်းပေးခဲ့ပါတယ်။ ယခုနှစ်မှာတော့ တပ်ရင်း ခုနစ်နေရာမှာ ခုနစ်ရက်ခွဲပြီး လှူဒါန်းဖို့ စီစဉ်ပေးခဲ့ကြပါတယ်။ ပြည်သူတွေအတွင်းက စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူတွေကလည်း မိမိတို့ လုပ်ငန်းမှဝန်ထမ်းတွေသာမက Supplier တွေ၊ Customer တွေကိုပါ ပါဝင်လာအောင် စည်းရုံးပေးပြီး တစ်ပတ်ခြား ရက်ခွဲကာ ထောက်ပံ့ခဲ့ပါတယ်။ အဲဒီကုမ္ပဏီတွေရဲ့ HR ဝန်ထမ်းတွေကိုလည်း ကျေးဇူးတင်ရှိပါတယ်။

 

တစ်ဦးချင်း ဦးဆောင်ပေးတဲ့အဖွဲ့တွေမှာလည်း အခုဆိုရင် ရက်ခွဲပြီး Booking ယူခြင်းဖြင့် ထောက်ပံ့ပေးခဲ့ ပါတယ်။ ဒါဟာဒုက္ခနဲ့တွေ့မှ တူညီတဲ့ဦးတည်ချက်ကို စုစည်းမိသွားတာဖြစ်လို့ ဒီစနစ်အတိုင်းဆက်လက် ကျင့်သုံးနိုင်ဖို့ ကြိုးစားကြပါမယ်။

 

ဒီနှစ်ရဲ့ထူးခြားမှုတစ်ခုကတော့ လူငယ်လေးတွေရဲ့ ဦးဆောင်ပေးမှုပါပဲ။ ဒီနှစ်မှာ ဆေးတက္ကသိုလ် (၁) ကျောင်းသားတွေဦးဆောင်တဲ့အဖွဲ့က အခြားတက္ကသိုလ် အသီးသီးမှ သူငယ်ချင်းတွေပေါင်းပြီး Red Rose ဆိုတဲ့ Campaign ကို အကောင်အထည်ဖော်ကြပါတယ်။ သူတို့လေးတွေမှာ သစ်ဆန်းတဲ့အတွေးအခေါ် နည်းပညာ ထိတွေ့မှုတွေရှိတော့ ပထမမှာ သူတို့ရဲ့ ဝက်ဘ်ဆိုက် ကနေ သွေးလှူရှင်တွေရဲ့အချက်အလက်တွေ စုဆောင်း ပြီး အမျိုးသားသွေးဌာနကို လှူဒါန်းဖို့စီစဉ်ပေးကြပါတယ်။ လူနာတွေအတွက် အဓိကရေရှည်တည်တံ့မယ့် ထောက်ပံ့ မှုရရှိဖို့အတွက်ဆိုရင် တစ်ဦးချင်းစီရဲ့ စေတနာထက်သန် မှုနဲ့ ပြန်လည်လှူဒါန်းလိုစိတ်ဖြစ်အောင် ပံ့ပိုးပေးမှုတို့ဟာ အရေးကြီးပါတယ်။

 

သွေးလှူရှင် ၁၀၀၀ ကျော်ရရှိခဲ့

 

ကျောင်းသားတွေဖြစ်လို့ သူတို့ရဲ့ပညာရေးကိုလည်း ကြိုးစားရမှာဖြစ်တဲ့အတွက် အချိန်ပေးရတာ အနည်းဆုံး နဲ့ စနစ်အကျဆုံးဖြစ်အောင် သွေးလှူရှင်တွေရဲ့အချက် အလက်တွေကိုစုဆောင်းပြီးမှ ခေါ်ယူမှုမပြုဘဲ အမျိုးသား သွေးဌာနရဲ့ ဝက်ဘ်ဆိုက်ထဲကို Booking လုပ်တဲ့စနစ် ကို ပိုမိုကျင့်သုံးလာအောင် ပညာပေးစည်းရုံးမှုကိုသာ အဓိကထားဆောင်ရွက်ခဲ့ကြပါတယ်။

လူငယ်တွေအနေနဲ့ သူတို့ရဲ့အတွေးအခေါ်နဲ့ မကိုက်ညီတဲ့ဝန်ဆောင်မှုအပေါ် မှာ သူတို့တတ်ကျွမ်းနေပြီဖြစ်တဲ့ နည်းပညာကိုသုံးပြီး ဝေဖန်ပုတ်ခတ်မှုတွေ လုပ်လို့ရပေမယ့် သူတို့လေးတွေ ဟာ ဘေးကနေပုတ်ခတ်နေမယ့်အစား ပါဝင်ကူညီပြုပြင် ပေးတာတွေ့ရတော့ လွန်စွာပဲလေးစားရပါတယ်။ ယခု ဆိုရင် ‌ သူတို့လေးတွေရဲ့ စုဆောင်းပေးမှုကြောင့် သွေးလှူရှင် ၁၀၀၀ ကျော်ရရှိခဲ့ပါပြီ၊ အားလုံးဟာ Appointment System ကိုအသုံးပြုပြီး လှူဒါန်းခဲ့ကြ ပါတယ်။ အရေအတွက်ထက် မှန်ကန်တဲ့စနစ်ကို ပြောင်းလဲနိုင်ဖို့ နားလည်ပါဝင်ကူညီတဲ့ လူငယ်လေးတွေ အားလုံးကို လူနာတွေကိုယ်စား ကျေးဇူးတင်ရှိပါတယ်။ သူတို့လေးတွေရဲ့ သွေးလှူရှင်တိုးပွားဖို့နဲ့ပတ်သက်တဲ့ Education၊ Motivation၊ Recruitment၊ Retainment၊ Strategy တွေဟာ ရိုးရှင်းပြီး ထိရောက်တာကို တွေ့ရှိခဲ့ ရပါတယ်။ ဒါကြောင့်လေးစားမိပါတယ်။

 

ကောင်းမှုပြုသူတို့ရဲ့ ကုသိုလ်အစုစုတို့ကြောင့် ကံကောင်းခြင်းတွေယူဆောင်လာမယ်လို့ ယုံကြည်မှု အရ ခံစားရတာထက် လက်တွေ့မှာတွေ့မြင်ရတဲ့ အထောက်အထား၊ အချက်အလက်တွေဟာ အောင်မြင် တဲ့စနစ်တစ်ခုကို ရရှိတော့မယ်လို့ ပြဆိုနေတာတွေ့ရ ပါတယ်။ အခက်အခဲဆုံးအချိန်မှာ ဖြစ်သင့်တဲ့စနစ်တစ်ခု ကို ဝိုင်းဝန်းကူညီဖြည့်ဆည်းပေးကြသူတွေအားလုံး ကြောင့် သွေးလှူရှင်တွေ ဘေးကင်းစွာနဲ့ လူနာတွေအတွက် အပူအပင်မရှိအောင် ထောက်ပံ့နိုင်ခဲ့တာ ဖြစ်ပါတယ်။

 

လူ့အသိုင်းအဝိုင်းအားလုံး ခက်ခဲနေချိန်မှာ သွေး လိုအပ်တဲ့လူနာတွေအတွက် အပူအပင်ကင်းစွာ ထောက်ပံ့နိုင်ဖို့ လှူဒါန်းပေးတဲ့သွေးလှူရှင်တွေ၊ လိုအပ်သည်များကို အခက်အခဲမရှိအောင် အချိန်မီ ထောက်ပံ့ပေးတဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ တာဝန်ရှိသူတွေ၊ သွေးလှူရှင်တွေကို စနစ်ကျ စွာ ဦးဆောင်စည်းရုံးပေးသူတွေ၊ သွေးအသုံးပြုမှုကို အနိမ့်ဆုံး Threshold အထိ ချထားတဲ့ Guideline ကို လက်ခံကုသပေးတဲ့ ကျန်းမာရေးမိသားစုတွေအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း။

 

ပေါင်းစုပြုလုပ်ခွင့်ရသော ကုသိုလ်ကောင်းမှုများ ကြောင့် ပြည်သူများကပ်ရောဂါမှ ကင်းဝေးကြပါစေ။ ။