
ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်
“လမ်းရိုးဟောင်းတွင်၊ ဆင့်ကာထွင်” ဆိုတဲ့ ဆောင်ပုဒ်ဟာ ၁၉၁၀ ပြည့်နှစ်က တည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံ သုတေသနအသင်းကြီးရဲ့ ဆောင်ပုဒ်ဖြစ်ပါတယ်။ အမှန်တော့ ဒီအသင်းကြီးဟာ ရန်ကုန်တက္ကသိုလ်ထက် ၁၀ နှစ်စောပြီး တည်ထောင်ခဲ့တဲ့ အသင်းကြီးဖြစ်ပါတယ်။ နှစ် ၁၁၀ ရှိပြီဖြစ်တဲ့ အသင်းကြီးဟာ အရှေ့တောင်အာရှမှာ အလွန်ထင်ရှားတဲ့၊ ပညာရှင်များစုစည်းထားတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ မူလ ဦးတည်ချက်မှာ သမိုင်းသုတေသနကို အခြေခံပြီး ဝိဇ္ဇာသိပ္ပံနဲ့ စာပေဘာသာရပ်ဆိုင်ရာ စုံစမ်းလေ့လာမှုများကို မြန်မာနိုင်ငံတွင်သာမက အိမ်နီးနားချင်းနိုင်ငံများတွင် ဆောင်ရွက်ရန်ဖြစ်ပါတယ်။ အသင်းကြီးကို တည်ထောင်ခဲ့တဲ့နေ့က မတ်လ ၂၉ ရက် ၁၉၁၀ ပြည့်နှစ် ဖြစ်ပါတယ်။ တည်ထောင်သူ လေးဦးမှာ J.S Furnivall, J.A Stewart, Gordom H Luce နဲ့ဆရာကြီး ဦးဖေမောင်တင်တို့ ဖြစ်ပါတယ်။
တည်ထောင်သူများအနက် J.S Furnivall ဟာ အလွန်စိတ်ဝင်စားစရာကောင်းလှတဲ့သူ ဖြစ်ပါတယ်။ ၁၈၇၈ ခုနှစ်မှာ အင်္ဂလန်နိုင်ငံမှာ မွေးဖွားခဲ့ပြီး ၁၈၉၉ ခုနှစ်မှာ နာမည်ကြီး Cambridge တက္ကသိုလ်မှာ သဘာဝ သိပ္ပံပညာဖြင့် ဘွဲ့ရခဲ့တယ်။ ၁၉၀၁ ခုနှစ်မှာ Indian Civil Service သို့ အလုပ်ဝင်ခဲ့ပြီး ၁၉၀၂ ခုနှစ်မှာ မြန်မာ ပြည်အနှံ့ တာဝန်ယူခဲ့ပါတယ်။ ထိုနှစ်မှာ ဒေါ်မာဂရက် မညွန့်နဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ ၁၉၁၅ ခုနှစ်မှာ အရေးပိုင်အဖြစ် တာဝန်တိုးမြှင့်ခြင်းခံရပြီး ၁၉၂၀ ပြည့်နှစ် မှာ ကျေးတိုင်နှင့်မြေစာရင်းဌာန၌ တိုင်းမင်းကြီးရာထူး ကို ရရှိခဲ့ပါတယ်။ ၁၉၂၃ ခုနှစ်မှာ အငြိမ်းစားယူခဲ့တယ်။ အစိုးရဝန်ထမ်းကာလအတွင်း မြန်မာတိုင်းရင်းသားများရဲ့ ပညာမြှင့်တင်မှု လုပ်ငန်းတွေကို အားပေးခဲ့ပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရချိန်၌ အဆင်သင့်ဖြစ်စေဖို့ ကြိုးစား အားထုတ်ခဲ့သူဖြစ်တယ်။ နိုင်ငံရေးအသိစိတ်ဓာတ်နိုးကြား မှုအတွက် အထောက်အကူဖြစ်စေရန် ၁၉၂၄ ခုနှစ်မှာ မြန်မာစာဖတ်အသင်းကို တည်ထောင်ခဲ့ပြီး ၁၉၂၈ ခုနှစ် မှာ မြန်မာပညာရေး တိုးတက်ရေးအသင်းကိုလည်း တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။ ၁၉၃၃ ခုနှစ်မှာ အင်္ဂလန် နိုင်ငံကို ပြန်ခဲ့ပြီး ၁၉၃၃ ခုနှစ်မှ ၁၉၃၅ ခုနှစ်အတွင်း ဘယ်လ်ဂျီယံနိုင်ငံရှိ နာမည်ကြီး လိုင်ဒန်တက္ကသိုလ်၌ ကိုလိုနီအုပ်ချုပ်ရေးစနစ်ကို လေ့လာခဲ့ပါတယ်။ ၁၉၃၆ ခုနှစ်မှ ၁၉၄၁ ခုနှစ်အတွင်း ကိန်းဘရစ်တက္ကသိုလ်၌ မြန်မာဘာသာ သမိုင်းနဲ့ ဥပဒေဘာသာရပ်များအား ကထိကတာဝန်ဖြင့် သင်ကြားပို့ချခဲ့ပါတယ်။ ၁၉၄၀ ပြည့် နှစ်မှာ အင်္ဂလိပ်- မြန်မာအဘိဓာန်ကိုလည်း ထုတ်ဝေ ခဲ့ပါတယ်။
၁၉၄၂ ခုနှစ်မှာ မြန်မာနိုင်ငံပြန်လည်တည်ထောင်ရေး စာတမ်းကို ရေးသားပြုစုခဲ့ပြီး ယင်းစာတမ်းဟာ ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးရပြီး တိုင်းပြည်ကို တာဝန်ယူ ခဲ့တဲ့ ဖဆပလအစိုးရအတွက် အရေးပါလှတဲ့ လမ်းညွှန်မှုတစ်ရပ် ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဦးနုက ဆရာကြီးကို အမျိုးသားစီမံကိန်းအကြံပေးအဖြစ် တာဝန်ပေးအပ်ခဲ့ပါတယ်။ ယင်းတာဝန်ယူဖို့ မြန်မာနိုင်ငံ ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ၁၉၄၈ ခုနှစ်မှာ သူ့ရဲ့နာမည်အကြီးဆုံးစာအုပ်ဖြစ်တဲ့ “ကိုလိုနီမူဝါဒနဲ့ လက်တွေ့ကျင့်သုံးမှု” ကို ရေးသားထုတ်ဝေနိုင်ခဲ့တယ်။ ယင်းစာအုပ်မှာ ကိုလိုနီအစိုးရရဲ့ ဆောင်ရွက်ချက်တွေ ကြောင့် မြန်မာ့လူ့အဖွဲ့အစည်း အခြေခံအဆောက်အအုံများ ပျက်စီးခဲ့ကြောင်း ဖော်ထုတ်ခဲ့ပါတယ်။ ၁၉၅၇ ခုနှစ်မှာ ဆရာကြီးကို ရန်ကုန်တက္ကသိုလ်ကနေ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို ချီးမြှင့်ခဲ့ပါတယ်။ ၁၉၆၀ ပြည့်နှစ် အိမ်စောင့်အစိုးရလက်ထက်မှာ ပြည်နှင်ဒဏ်ပေးခြင်း ခံခဲ့ရတာကြောင့် အင်္ဂလန်နိုင်ငံသို့ ပြန်ခဲ့ပြီး ၁၉၆၀ ပြည့်နှစ် တွင် ကွယ်လွန်ခဲ့ပါတယ်။
ဆရာကြီးရဲ့ နိုင်ငံရေးဘောဂအတွေးအခေါ်များဟာ အလွန်နက်နဲပြီး တန်ဖိုးရှိလှပါတယ်။ တည်ဆဲနိုင်ငံရေး ဘောဂအယူအဆတွေကို မေးခွန်းထုတ်ခဲ့သူဖြစ်ပါတယ်။ ၁၉ ရာစုအတွင်း ကိုလိုနီအစိုးရများဖြစ်တဲ့ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ၊ ဘယ်လ်ဂျီယံ စသည်တို့အနေနဲ့ ကိုလိုနီ လက်အောက်ခံ လူများလွတ်လပ်ရေးအတွက် အဆင်သင့် ဖြစ်စေဖို့ လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ်ကို တည်ထောင်ပေးဖို့လိုအပ်ကြောင်း လက်ခံခဲ့တယ်။ တစ်နည်းအားဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဦးစား ပေး ဆောင်ရွက်ပြီး ဖွံ့ဖြိုးမှုမှတစ်ဆင့် လွတ်လပ်စွာ ရပ်တည်နိုင်စွမ်းရှိနိုင်မယ်ဟု ယူဆခဲ့ပါတယ်။ ယင်းအယူ အဆကို ဆရာကြီးက လက်မခံဘဲ မေးခွန်းထုတ်ခဲ့ပါတယ်။ စီးပွားရေးကို အရင်တိုးတက်အောင်လုပ်ပြီးမှ လွတ်လပ် ရေးကို စဉ်းစားဖို့ဆိုတဲ့ အယူအဆကို လက်မခံခဲ့ပါဘူး။ လွတ်လပ်ရေးကို အရင်ပေးဖို့ လိုအပ်တယ်။ လွတ်လပ်တဲ့ သူတွေအနေနဲ့ စီးပွားရေး တိုးတက်ဖွံ့ဖြိုးနိုင်ဖို့ ဆောင်ရွက်သွားနိုင်မယ်လို့ ပြောင်းပြန်အတွေးအခေါ်ကို တင်ပြခဲ့ခြင်းဖြစ်ပါတယ်။ အခုလို မေးခွန်းထုတ်တဲ့နေရာမှာ ဆရာကြီးဟာ နိုင်ငံရေးနဲ့ စီးပွားရေးနယ်ပယ်အတွက် ဝေါဟာရအသစ်တစ်ရပ်ကို ထုတ်ဖော်ခဲ့ပါတယ်။ ဒီဝေါဟာရက Plural Society အလွှာ လူ့အဖွဲ့အစည်းဖြစ် ပါတယ်။
ကိုလိုနီစနစ်အတွင်း ရန်ကုန်မြို့ရဲ့ အနေအထားကို သုံးသပ်စိစစ်ပြီး ဒီဝေါဟာရကို ဖော်ထုတ်ခဲ့ခြင်းဖြစ်တယ်။ ကိုလိုနီခေတ် ရန်ကုန်မြို့ဟာ အရှေ့တောင်အာရှမှာ ထင်ရှားတဲ့ မြို့တစ်မြို့ဖြစ်တယ်။ ကမ္ဘာ့ဆန်ဈေးကွက်ကို ထိန်းချုပ်နိုင်တဲ့ မြို့တစ်မြို့ဖြစ်တယ်။ စီးပွားရေးအရ တိုးတက်ဖွံ့ဖြိုးနေပေမယ့် လူ့အဖွဲ့အစည်းရဲ့ အနေ အထားဟာ အလွှာအသီးသီးနဲ့ ရပ်တည်လှုပ်ရှားနေတာ တွေ့ရတယ်။ အလွှာသုံးရပ်ရှိနေတာ မြင်ရတယ်။ ထိပ်ပိုင်း မှာ အင်္ဂလိပ်လူမျိုးအပါအဝင် အနောက်နိုင်ငံသားတွေ ဖြစ်ကြတယ်။ အုပ်ချုပ်ရေးနဲ့ စီးပွားရေးနယ်ပယ်တွေမှာ ခြယ်လှယ်ပြီး သီးခြားရပ်တည် လှုပ်ရှားကြတယ်။ ပဲခူး ကလပ် အစရှိတဲ့ကလပ်တွေ တည်ထောင်ပြီး တသီးတခြား နေကြတယ်။ အောက်ဆုံးအလွှာမှာ မြန်မာတွေက လှုပ်ရှားကြပြီး အလယ်အလွှာမှာတော့ တရုတ်လူမျိုးနဲ့ အိန္ဒိယနိုင်ငံဖွားတွေ ရှိနေကြတယ်။ ဒီအလွှာသုံးရပ်ဟာ ဈေးကွက်ထဲမှာ ထိတွေ့ဆက်ဆံကြပြီး ဈေးပိတ်တဲ့အချိန် မြန်မာတွေက ကြည့်မြင်တိုင်၊ စမ်းချောင်း စတဲ့မြန်မာရပ်ကွက်တွေကို ပြန်ပြီး အိန္ဒိယနိုင်ငံ ဖွားတွေက မဂိုလမ်းနဲ့ပန်းဘဲတန်းမှာ ကျက်စားကြတယ်။ တရုတ်လူမျိုးတွေကတော့ တရုတ်တန်းမှာ လှုပ်ရှားနေထိုင် ကြတယ်။ တစ်နည်းပြောရရင် ဒီအလွှာ သုံးလွှာဟာ စီးပွားရေးနယ်ပယ်မှာသာ ပေါင်းသင်းဆက်ဆံကြပြီး ကိုယ့်နေရာ၊ သူ့နေရာခွဲခြားပြီး ရပ်တည်နေတာဖြစ်တယ်။ လူ့အဖွဲ့အစည်းတစ်ခုနဲ့တစ်ခု ရောယှက်မှုမရှိဘဲ သီးခြား ရပ်တည်နေခဲ့တာ တွေ့ရတယ်။ ဒီအလွှာ လူ့အဖွဲ့အစည်းကို မြန်မာနိုင်ငံတွင်သာမက ကိုလိုနီစနစ်အတွင်း ရပ်တည် နေကြတဲ့နိုင်ငံတိုင်းမှာ ရှိနေတာ တွေ့ရပါတယ်။
ဆရာကြီးနဲ့အတူ မြန်မာနိုင်ငံ သုတေသနအသင်း ကြီးကို တည်ထောင်သူက ဆရာကြီး ဦးဖေမောင်တင် ဖြစ်ပါတယ်။ ၁၈၈၈ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ခရစ်ယာန်မျိုးရိုးမှ ဆင်းသက်လာသူ ဖြစ်ပါတယ်။ သူ့ရဲ့ အဘိုးဖြစ်သူဟာ ဟင်္သာတမြို့ရဲ့ ခရစ်ယာန်သင်းအုပ်ဆရာ ဖြစ်ပါတယ်။ ယူနီဗာစတီကောလိပ်ကနေ ဝိဇ္ဇာဘွဲ့ကို ၁၉၀၉ ခုနှစ်မှာ ရခဲ့ပြီး ကာလကတ္တားတက္ကသိုလ်မှာ မဟာဝိဇ္ဇာဘွဲ့ကို ၁၉၁၁ ခုနှစ်က ရခဲ့ပါတယ်။ ၁၉၁၂ ခုနှစ် အသက် ၂၄ နှစ်မှာ ပါဠိဘာသာ ပါမောက္ခဖြစ်ခဲ့ပြီး အသက်အငယ်ဆုံး ပါမောက္ခတစ်ဦးဖြစ်ပါတယ်။ တစ်ဖက်မှာလည်း စာကြည့် တိုက်မှူးတာဝန်ယူခဲ့ပြီး မြန်မာနိုင်ငံသုတေသနအသင်း ကြီးရဲ့ အတွင်းရေးမှူးတာဝန်ကို ယူခဲ့ပါတယ်။ ၁၉၂၂ ခုနှစ်တွင် အင်္ဂလန်နိုင်ငံရှိ ကမ္ဘာကျော် အောက်(စ်) ဖို့(ဒ်) တက္ကသိုလ်မှ ဂုဏ်ထူးဆောင်ဘွဲ့ကို ရရှိခဲ့ပါတယ်။
ယခင်က ကာလကတ္တားတက္ကသိုလ် လက်အောက် ရှိ သီးခြားရန်ကုန်တက္ကသိုလ် တည်ထောင်ဖို့ ဖွဲ့စည်းခဲ့တဲ့ ကော်မရှင်မှာ တာဝန်ယူခဲ့ပါတယ်။ မြန်မာဘာသာကို ဂုဏ်ထူးဘာသာရပ်တစ်ခုအနေနဲ့ မြှင့်တင်နိုင်ခဲ့ပြီး ကိုယ်တိုင် သင်ကြားခဲ့ပါတယ်။ ပထမဆုံးသင်တန်းကို ၁၉၂၄ ခုနှစ်က ဖွင့်လှစ်နိုင်ခဲ့ပြီး ဆရာကြီးရဲ့ တပည့်များ အနက် ၁၉၂၇ ခုနှစ် ဘွဲ့ရခဲ့သူက သိပ္ပံမောင်ဝ ဖြစ်ပါတယ်။ အခြားတပည့်များအနက် ထင်ရှားသူများမှာ ဆရာဇော်ဂျီနဲ့ ဆရာကြီးမင်းသုဝဏ်တို့ ဖြစ်ကြပါတယ်။ ဆရာကြီးရဲ့ အောင်မြင်မှုများအနက် မြန်မာစာခေတ်စမ်း စာပေကို ဖော်ထုတ်ခဲ့ပါတယ်။ ၁၉၃၇ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ရဲ့ ယူနီဗာစတီကောလိပ် ကျောင်းအုပ်ကြီးအဖြစ် တာဝန်ယူခဲ့ ပါတယ်။ ၁၉၃၉ ခုနှစ်မှာ မြန်မာနိုင်ငံ သုတေသနအသင်း ကြီးရဲ့ ဥက္ကဋ္ဌတာဝန်ယူခဲ့ပါတယ်။ ၁၉၅၀ ပြည့်နှစ်မှာ ဒုတိယအကြိမ်အဖြစ် ဥက္ကဋ္ဌအဖြစ် အရွေးခံခဲ့ရပါတယ်။ ၁၉၅၂ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ရဲ့ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ ၁၉၅၈ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု နာမည်ကြီး ချီကာဂိုတက္ကသိုလ် ကနေ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ ၁၉၆၈ ခုနှစ်မှာ ဆရာကြီးရဲ့ အသက် (၈၀) ပြည့်နှစ်မွေးနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံသုတေသနအသင်းက အခမ်းအနား တစ်ရပ်ကျင်းပခဲ့ပါတယ်။ ဆရာကြီးရဲ့ ညီမ ဖြစ်သူ ဒေါ်တီတီက သုတေသနအသင်းကြီးတည်ထောင် ရာတွင် ပါဝင်ခဲ့သူ ဆရာကြီး Luce နဲ့ အိမ်ထောင်ကျခဲ့ပါ တယ်။ ဆရာကြီးရဲ့ သုတေသနလုပ်ငန်းများ၊ စာတမ်းများ ဟာ သမိုင်းတွင်ခဲ့ပါတယ်။ ရှေးမြန်မာသမိုင်းကို စနစ်တကျ လေ့လာခဲ့ပြီး စာအုပ်ပေါင်းများစွာကို ထုတ်ဝေနိုင်ခဲ့ ပါတယ်။ ယခုကဲ့သို့ မြန်မာနိုင်ငံသုတေသန အသင်းကြီးကို တည်ထောင်ခဲ့သူတွေဟာ ပညာရှင် စစ်စစ်တွေဖြစ်ကြတာ တွေ့ရပါတယ်။ သူတို့ရဲ့ ကြိုးစားအားထုတ်ခဲ့မှုကြောင့် ပညာရေးနယ်ပယ်မှာ မြန်မာနိုင်ငံဟာ ထင်ရှားခဲ့ခြင်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံသုတေသနအသင်းကြီးဟာ ပညာရှင် များကို မွေးထုတ်နိုင်ခဲ့ပါတယ်။ အသင်းကြီးကထုတ်ဝေတဲ့ သုတေသနဂျာနယ်ကို နိုင်ငံတကာက ထင်ရှားလှတဲ့ စာကြည့်တိုက်တွေမှာ သပ်သပ်ရပ်ရပ် ထိန်းသိမ်းခဲ့ပြီး သုတေသီများအတွက် အထောက်အကူဖြစ်စေခဲ့ပါတယ်။
ဝမ်းနည်းဖွယ်ဖြစ်ရပ်က ၁၉၈၀ ပြည့်နှစ် မြန်မာနိုင်ငံ သုတေသနညီလာခံအပြီး အသင်းကြီးကို ဖျက်သိမ်း ခဲ့ပါတယ်။ ဖြစ်ရပ်ရဲ့ဇာစ်မြစ်ကို အတိအကျမသိပေမယ့် ရလဒ်က အသင်းကြီးရဲ့လှုပ်ရှားမှုတွေကို ရပ်ဆိုင်းခဲ့ရတယ်။ ထူးခြားချက်အနေနဲ့ အခုလိုအသင်းကြီးကို ဖျက်သိမ်း ခဲ့ပေမယ့် သုတေသနလုပ်ငန်းတွေကို ဆက်လုပ်ခွင့်ရခဲ့ တယ်။ နှစ်စဉ်သုတေသန ညီလာခံတွေ ကျင်းပခွင့်ရခဲ့တယ်။
ဒီအဖြစ်အပျက်ဟာ စောစောက ကျွန်တော်တင်ပြခဲ့တဲ့ မြန်မာနိုင်ငံသုတေသနအသင်း ဒုတိယကမ္ဘာစစ်မဖြစ်မီက အခြေအနေနဲ့ဆင်တူဖြစ်နေတယ်။ သုတေသနအသင်းကြီး ကို ကိုလိုနီခေတ်အစိုးရလက်ထက်မှာ တည်ထောင်ခဲ့တယ်။ အင်္ဂလိပ်တွေအုပ်ချုပ်မှုအောက်မှာ မြန်မာပညာရှင်တွေ လှုပ်ရှားခွင့်ရခဲ့တာဖြစ်တယ်။
ကျွန်တော့်အနေနဲ့ အခုလို လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀ ကျော်က ဖျက်သိမ်းခဲ့တဲ့ မြန်မာနိုင်ငံသုတေသနအသင်း ကြီးကို ပြန်လည်တည်ထောင်စေချင်ပါတယ်။ ကြိုးစား လျက်ရှိပါတယ်။ အခုထိ အထမမြောက်သေးပေမယ့် တစ်နေ့ကျရင် ဖြစ်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။ အသင်း ကြီး ပြန်လည်ဖွဲ့စည်းခွင့်ရရင် ကျွန်တော်တို့ နိုင်ငံရဲ့လိုအပ် ချက်တစ်ရပ်ဖြစ်တဲ့ (Intellectual Capital) ပညာရှင် အရင်းအနှီးကို ယခုထက်ပိုပြီး တည်ဆောက်ပြုစုနိုင်မယ်လို့ ယုံကြည်မိပါတယ်။ အရင်တစ်ပတ်က သုတေသနနဲ့ ပတ်သက်ပြီး အွန်လိုင်းအစည်းအဝေးပွဲတစ်ခုမှာ ပါဝင်ခဲ့ ရတယ်။ စီစဉ်တဲ့သူက ကနေဒါနိုင်ငံက သုတေသန ဗိမာန် မှ တာဝန်ရှိသူ။ ကနေဒါနိုင်ငံရဲ့ အကူအညီနဲ့ ၂၀၁၇ ခုနှစ်ကစပြီး စီမံချက်တစ်ရပ်ကို အကောင်အထည် ဖော်လျက်ရှိပါတယ်။ စီမံချက်ရဲ့အမည်က Knowledge for Democracy Myanmar (KfDM) ဒီမိုကရေစီအတွက် အသိပညာ မြန်မာဖြစ်တယ်။ မြန်မာနိုင်ငံအတွင်း သုတေသနလုပ်ငန်းများ ရှင်သန်ရေး လှုပ်ရှားမှုများကို ဆောင်ရွက်နေပြီး တက္ကသိုလ်များနဲ့ သုတေသနအဖွဲ့ အစည်းများကို အကူအညီပေးနေတဲ့ စီမံချက်ဖြစ်ပါတယ်။ စီမံချက်အကြံပေးအဖြစ် ကျွန်တော်က ၂၀၁၇ ခုနှစ်က စပြီး တာဝန်ယူခဲ့ပါတယ်။ စီမံချက်လုပ်ငန်းစဉ်တစ်ရပ် အနေနဲ့ မြန်မာနိုင်ငံအတွင်း လူမှုရေးသိပ္ပံသုတေသနနဲ့ ပတ်သက်ပြီး ဆောင်ရွက်ခဲ့တဲ့ စာတမ်းကို တင်ပြတဲ့ အခမ်း အနားဖြစ်ပါတယ်။ တင်ပြသူက ဒေါက်တာ ဇော်ဦးဖြစ်ပြီး ဒေါက်တာ ထင်ဇော်စိုး၊ ဒေါက်တာ သီတာကြူနဲ့ ဒေါက်တာ ကျော်မိုးထွန်းတို့က ပါဝင်ဆွေးနွေးကြပါတယ်။ အမျိုးသားပညာရေးမူဝါဒ ကော်မရှင် ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ ဦးမျိုးကြွယ်ကလည်း အဖွင့်အမှာစကား ပြောခဲ့ ပါတယ်။ ဆွေးနွေးချက်တွေအပေါ် ခြုံငုံသုံးသပ်တဲ့အခါ သုတေသနနဲ့ပတ်သက်ပြီး အခြေခံတွေလုပ်ဖို့ လိုအပ်တာ တွေကို ဖော်ထုတ်ခဲ့ပါတယ်။ ပြီးပြည့်စုံပါတယ်။
ကျွန်တော့်အနေနဲ့ သုတေသန ယဉ်ကျေးမှုတစ်ရပ် ပတ်ဝန်းကျင်တစ်ခု ဖော်ထုတ်ဖို့ လိုအပ်ကြောင်း မြင်မိ ပါတယ်။ သုတေသနလုပ်မှ ရာထူးတိုးမယ်ဆိုတဲ့ မက်လုံး တွေထက် ပညာရှင်တစ်ယောက်အတွက် သုတေသနဆို တာ မလုပ်မဖြစ်တဲ့ အရာတစ်ခုအနေနဲ့ လက်ခံဖို့ လိုအပ် မှာ ဖြစ်တယ်။ အားပေးမှုဟာ အရေးကြီးလှပေမယ့် အထိ ရောက်ဆုံးက ကိုယ့်ကိုယ်ကိုယ် အားပေးမှုဖြစ်တယ်။ ကျွန်တော်တို့ငယ်ငယ်က ခြေလျင်တောင်တက် အသင်းမှာ လှုပ်ရှားစဉ် ဘာကြောင့်တောင်တက်ကြသလဲလို့မေးရင် တောင်ရှိလို့ တက်တယ်လို့ဖြေကြတယ်။ သုတေသန လုပ်ငန်းက အခုလိုပါပဲ။ လုပ်ချင်လို့လုပ်တဲ့ အလုပ်ဖြစ်ရ မယ်။ သူများတိုက်တွန်းလို့ သူများအထင်ကြီးအောင် လုပ်တာမဟုတ်ဘဲ ကိုယ်သိချင်၊ ကိုယ်နားလည်ချင်လို့ လုပ်တာဖြစ်ရမယ်။ သုတေသန “ပိုး” စွဲကပ်ဖို့ လိုအပ်တယ်။
ခေတ်အဆက်ဆက်ကို သုတေသနယဉ်ကျေးမှု လက်ဆင့်ကမ်းပေးနိုင်ဖို့ လိုအပ်မှာဖြစ်တယ်။ တက္ကသိုလ် မှာ ဆရာ ဆရာမလုပ်သူတိုင်း သုတေသနလုပ်ရမယ်။ အခုတော့ အုပ်ချုပ်ရေးလုပ်ငန်းတွေနဲ့ ပိနေတော့ အချိန်က မရကြဘူး။ သုတေသနယဉ်ကျေးမှု ကြီးထွားပြီး ရှင်သန်ဖို့ လိုအပ်တဲ့ အခြေခံတစ်ခုက မြန်မာနိုင်ငံ သုတေသန အသင်းကြီး ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော့်အနေ နဲ့ တိုက်တွန်းလျက်ရှိပါတယ်။
မြန်မာနိုင်ငံသုတေသနအသင်းကြီးကို တည်ထောင် တဲ့သူတွေအကြောင်း လေ့လာရင်း သူတို့ရဲ့ ကျေးဇူးကို အသိအမှတ်ပြုမိတယ်၊ လေးစားမိတယ်၊ အားကျမိပါတယ်။ ကိုယ့်အလှည့်မှာ တာဝန်မကျေဘူးလို့ ခံစားမိတယ်။ တစ်နေ့တစ်ချိန်မှာတော့ “လမ်းရိုးဟောင်းတွင်၊ ဆင့်ကာ ထွင်” ဆိုတဲ့ ဆောင်ပုဒ်နဲ့ မြန်မာနိုင်ငံသုတေသန အသင်းကြီး ပြန်လည်လှုပ်ရှားနိုင်မယ်လို့ ယုံကြည်မိပါ တယ်။ ။
- Log in to post comments