
မြန်မာနိုင်ငံအနေဖြင့် ဂျာမနီနိုင်ငံနှင့် ကုန်သွယ်မှုတွင် လအလိုက်၊ နှစ်အလိုက် ကုန်သွယ်မှုပိုငွေများ ဖြစ်ပေါ်နေသည်ကို တွေ့ရှိရပြီး အထည်ချုပ်လုပ်ငန်းများ(CMP) အပြင် အခြားစိုက်ပျိုးရေးနှင့် စားသောက်ထုတ်ကုန်များလည်း တိုးမြှင့်တင်ပို့ခြင်းဖြင့် ပို့ကုန်ဝင်ငွေတိုးတက်ရရှိနိုင်မည်ဖြစ်ကြောင်း ဘာလင်မြို့ရှိ မြန်မာစီးပွားရေးသံမှူးက သုံးသပ်တင်ပြထားသည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ မြန်မာနိုင်ငံနှင့် ဂျာမနီနိုင်ငံ ကုန်သွယ်မှု အခြေအနေကို ဂျာမန်ဖက်ဒရယ်စာရင်း အင်းရုံး (Federal Statistical Office) ၏ အချက်အလက်များအရ သိရှိရပြီး ယင်းအချက်အလက်များအရ လေ့လာ ကြည့်လျှင် ဂျာမနီနိုင်ငံက မြန်မာနိုင်ငံမှ ပျမ်းမျှတစ်လလျှင် သွင်းကုန်အမေရိကန် ဒေါ်လာသန်း ၁၀၀ ဝန်းကျင်နှင့် ပို့ကုန် ရှစ်သန်းမှ ၁၀ သန်း ဝန်းကျင်အကြား ရှိနေကြောင်း၊ မတ်လတွင်မူ သွင်းကုန် အမေရိကန်ဒေါ်လာ ၁၃၅ သန်းနှင့် ပို့ကုန် ၂၁ သန်းရှိခဲ့ပြီး အဝတ်အထည်၊ ဖိနပ် (CMP) များ တင်သွင်းမှုစုစုပေါင်း အမေရိကန်ဒေါ်လာ ၁၂၇ သန်းရှိ၍ ယခင်လများထက် ပိုမိုတင်ပို့နိုင်ခဲ့ ကြောင်း သိရှိရသည်။
၂၀၂၁ ခုနှစ်တွင် ဂျာမနီနိုင်ငံက မြန်မာနိုင်ငံမှ သွင်းကုန် အမေရိကန် ဒေါ်လာ ၁ ဒသမ ၁၁၆ ဘီလီယံနှင့် မြန်မာနိုင်ငံသို့ ပို့ကုန် အမေရိကန်ဒေါ်လာ ၉၉ ဒသမ ၄၄၂ သန်း ရှိခဲ့သည်။ ဂျာမနီ နိုင်ငံအနေဖြင့် အများဆုံးတင်သွင်းကုန် များမှာ အဝတ်အထည် (CMP)၊ ဖိနပ်၊ သားရေထည်ပစ္စည်းများ၊ ပလတ်စတစ်၊ ကောက်ပဲသီးနှံ၊ ရော်ဘာ၊ ပရိဘောဂ၊ စက်ပစ္စည်းနှင့် အီလက်ထရွန်နစ်ပစ္စည်း များ စသည်တို့ဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံသို့ ပို့ကုန်များအနေဖြင့် နို့နှင့် နို့ထွက်ပစ္စည်းများ၊ ဆေးဝါး၊ စက်ပစ္စည်းနှင့် အီလက်ထရွန်နစ် ပစ္စည်းများ၊ ဓာတုပစ္စည်းများ၊ မော်တော် ကား၊ ဓာတ်မြေဩဇာ၊ မျက်မှန်နှင့် ဓာတ်ပုံဆိုင်ရာ အသုံးအဆောင်များ စသည်တို့ဖြစ်ပါသည်။ သို့ဖြစ်၍ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၁၅ ဘီလီယံ ရှိခဲ့ကာ မြန်မာ နိုင်ငံအနေဖြင့် ဂျာမနီနိုင်ငံနှင့် ကုန်သွယ်မှု တွင် ကုန်သွယ်မှုပိုငွေ အမေရိကန် ဒေါ်လာ ၁ ဒသမ ၀၁၆ ဘီလီယံ ရှိခဲ့ ကြောင်း တွေ့ရှိရသည်။
သီရိ