
ရန်ကုန် စက်တင်ဘာ ၁၅
၂၀၂၂ ရာသီ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၇) နောက်ဆုံးနေ့အဖြစ် ဒဂုံစတားယူနိုက်တက် အသင်းနှင့် ယောမြေအသင်း စက်တင်ဘာ ၁၄ ရက်က သုဝဏ္ဏလေ့ကျင့်ရေးကွင်း-၁ ၌ ယှဉ်ပြိုင်ကစားရာ ဒဂုံစတားယူနိုက်တက်အသင်းက ငါးဂိုးပြတ် အနိုင်ရခဲ့သည်။
ပွဲစဉ်(၆)အပြီး ထိပ်ဆုံး၌ ဦးဆောင်ခဲ့သည့် တက္ကသိုလ်အသင်း၏ နိုင်ပွဲပျောက်ဆုံးမှုကို ဒဂုံစတားယူနိုက်တက်အသင်း အသုံးချကာ ထိပ်ဆုံးနေရာကို ပြန်လည်ရယူနိုင်ခဲ့သည်။ ရလဒ်ဆိုးရွားနေသည့် ယောမြေအသင်းသည် ဒဂုံစတားအသင်းကို ယှဉ်ကစားနိုင်ခြင်းမရှိဘဲ ဂိုးပြတ်အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။
ထိပ်ဆုံးနေရာအတွက် ဒဂုံစတားယူနိုက်တက်အသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး ပထမပိုင်းတွင် နှစ်ဂိုး၊ ဒုတိယ ပိုင်းတွင် သုံးဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။ ဒဂုံစတားယူနိုက်တက်အသင်း အတွက် အနိုင်ဂိုးများကို ၁၉၊ ၄၅ မိနစ်တွင် ဖိုးချစ်၊ ၇၀၊ ၈၈ မိနစ်တွင် သက်ပိုင်စိုးတို့က သွင်းယူပြီး ကျန်တစ်ဂိုးမှာမူ ယောမြေအသင်းမှ မြတ်သူစိုး ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့ခြင်းဖြစ်သည်။
ပွဲစဉ်(၇)အပြီးတွင် ဒဂုံစတားယူနိုက်တက်အသင်းက ခြောက်ပွဲ ကစား ၁၄ မှတ်ဖြင့် ထိပ်ဆုံးတွင် ဦးဆောင်နေပြီး တက္ကသိုလ်အသင်းက ခြောက်ပွဲကစား ၁၃ မှတ်၊ ကချင်ယူနိုက်တက်အသင်းက ခြောက်ပွဲကစား ကိုးမှတ်၊ Junior Lions အသင်းက လေးပွဲကစား ခြောက်မှတ်၊ Young Boys အသင်းက လေးပွဲကစား လေးမှတ်၊ မောရဝတီအသင်းက ငါးပွဲ ကစား လေးမှတ်ရရှိထားပြီး ယောမြေအသင်းမှာမူ ငါးပွဲကစား ငါးပွဲစလုံး အရေးနိမ့်ထားသည်။
သတင်း-ရဲရင့်လွင်၊ ဓာတ်ပုံ- MNL