မြန်မာ့အလင်းအယ်ဒီတာအာဘော်
ပရော်ဖက်ရှင်နယ်ဟူသည့်စကားရပ်ကို ပရိုများဟူ၍ အတိုကောက် ခေါ်ဝေါ်သုံးစွဲကြသကဲ့သို့၊ စာနှင့်ပေနှင့်တွင် သက်မွေးဝမ်းကျောင်းမှု ပညာရှင်ဟုလည်း သုံးကြလေ့ရှိ၏။ အတိုချုံးကာ အနီးစပ်ဆုံး ဆိုရပါမူ ပညာရှင်စစ်စစ်ဟူ၍ ဖြစ်မည်ထင်ပါသည်။ ပမာအားဖြင့်၊ ဆေးပညာရှင်ဆရာဝန်တစ်ဦး ဖြစ်သည်ဆိုလျှင် ဆေးပညာအတတ် ကို သင်ကြားကျွမ်းကျင်တတ်မြောက်ပြီး ထိုပညာဖြင့် သက်မွေးဝမ်း ကျောင်းလည်းပြုကာ၊ ထိုပညာရပ်ဆိုင်ရာ ကျင့်ဝတ်တို့ကို လိုက်နာ၍ မိမိ၏လုပ်ဆောင်မှုကြောင့် ပညာရပ်၏ ဂုဏ်သိက္ခာနှင့် အသရေကို တိုးမြင့်စေမည့် သူမျိုးကို ဆိုလိုပါသည်။
ပညာရပ်တစ်ခုကို ကျွမ်းကျင်တတ်မြောက်ရုံမျှဖြင့် ပညာရှင် စစ်စစ်မဖြစ်သေး။ ပညာရှင်စစ်စစ်၊ ပရော်ဖက်ရှင်နယ်တစ်ဦးဟု ဆိုပါက ယေဘုယျအားဖြင့် ပညာရပ်ကို နားလည်ကျွမ်းကျင်သူ၊ မိမိနားလည်တတ်ကျွမ်းသည့်အတိုင်း ထိုပညာရပ်ကို စိုက်လိုက် မတ်တပ်လုပ်ကိုင်အသက်မွေးသူနှင့် ပညာရပ်ဆိုင်ရာ ကျင့်ဝတ်သီလ တို့ကို လေးလေးနက်နက် စောင့်ထိန်းလိုက်နာသူကို ဆိုလို၏။
ပညာရှင်စစ်စစ်တို့သည် မိမိတို့၏ ပညာရပ်ကို လေးစားတန်ဖိုး ထားကြသကဲ့သို့ အခြားသော ပညာရပ်များနှင့် ပညာရှင်စစ်စစ် များကိုလည်း အလွန်လေးစားတန်ဖိုးထားကြ၏။ ထို့ပြင် မည်သည့် ပညာရပ်နယ်ပယ်က ပရော်ဖက်ရှင်နယ်များမဆို အဓိက လိုက်နာရ သည့် အခြေခံကျင့်ဝတ်မှာ ဥပဒေကိုလေးစားလိုက်နာခြင်းဖြစ်၏။ ပရော်ဖက်ရှင်နယ်တစ်ဦးဟု ဆိုလိုက်သည်နှင့် အများ ပြည်သူကြား တွင်လည်း လေးစားပြီးသား ဖြစ်နေလေ့ရှိသည်မှာ ထိုသူသည် သက်ဆိုင်ရာပညာရပ်ကို ကျွမ်းကျင်ပြီး ဥပဒေကို လေးစားလိုက်နာသူ၊ ဥပဒေဘောင်အတွင်းတွင် လိုက်နာနေထိုင်သူအဖြစ် ကြိုတင်တွက်ဆ ယုံကြည်ထားပြီး ဖြစ်လေ့ရှိသည်မှာလည်း တစ်ကြောင်းဖြစ်ပါမည်။
ပညာရှင်စစ်စစ်များသည် ဥပဒေနှင့်ညီအောင် ဂရုစိုက်နေ ထိုင်ကြသူများဖြစ်သကဲ့သို့ အများပြည်သူကို ဂရုစိုက်ရသူများလည်း ဖြစ်သည်။ ပညာရှင်စစ်စစ်ဟူသည့် စကားရပ်တွင် အများပြည်သူ၏ အကျိုးစီးပွားကို အလေးဂရုပြုသူဟူသည့် ဂုဏ်ပုဒ်က ယှဉ်တွဲနေလေ့ ရှိသည်။ ကိုယ်ကျိုးစီးပွားအတွက် အများပြည်သူ ဘာဖြစ်ဖြစ်၊ ဘာထိခိုက်ထိခိုက်ဟုဆိုလျှင် ထိုသူတို့သည် ပညာရှင်စစ်စစ်မဟုတ်ဟု မှတ်ယူရန်သာ။
ပညာရှင်စစ်စစ် ပညာရှင်ပီပီသသအဖြစ် ဆောင်ရွက်သူများသည် မိမိ၏လုပ်ငန်းအပေါ်တွင် တာဝန်ရှိရှိ ဆောင်ရွက်သူများ၊ အများ ပြည်သူထိခိုက်နစ်နာမည်ကို အသက်တမျှ ဂရုစိုက်ကာ ကိုယ်ကျိုး စီးပွားကို နောက်တန်းပို့နိုင်ကြသူများ၊ မိမိပညာရပ်၏ ဂုဏ်သိက္ခာကို အသက်တမျှ တန်ဖိုးထားစောင့်ရှောက်သူများ၊ မိမိ၏ ပညာရပ်ကို တန်ဖိုးထားသကဲ့သို့ အခြားသောပညာရပ်များကိုလည်း လေးစား တန်ဖိုးထားသူများသာ ဖြစ်ချေသည်။
ထို့ပြင်တဝ၊ အဂတိကင်းသူ၊ လာဘ်လာဘရှောင်သူ၊ မိမိ၏ ပညာရပ်ဆိုင်ရာ အခကြေးငွေကလွဲ၍ အနှောင်အဖွဲ့ သို့မဟုတ် လာဘ်သဘောပါသော ငွေကြေးတံစိုးလက်ဆောင်ကို ခါးသီးငြင်း ဆန်သူများသာ ဖြစ်ခြိမ့်သည်။
မိမိ၏ ထင်ရှားကျော်ဇောမှုအတွက်လည်းကောင်း၊ မိမိရရှိမည့် ငွေကြေးလက်ဆောင်အတွက် လည်းကောင်း၊ မိမိ၏ အာဏာ လုပ်ပိုင်ခွင့် ရာထူးဂုဏ်သိန် တိုးမြင့်ရေးအတွက်လည်းကောင်း စသည်တို့ထက် ပညာရပ်၏ဂုဏ်သိက္ခာကို ပို၍တန်ဖိုးထားကြသူ များ ဖြစ်ပေသည်။ ထိုသို့သော ပညာရပ်ဆိုင်ရာ ကျင့်ဝတ်သီလကို စောင့်ထိန်းကြရသူများ ဖြစ်သည့်အတွက် ပညာရှင်စစ်စစ်၊ ပရိုစစ်စစ် ဟုဆိုသည်နှင့် ပြည်သူများက လေးစားကြည်ညိုကြခြင်း ဖြစ်ပေသည်။
ထို့ကြောင့်ပင် ကမ္ဘာတစ်ဝန်းက ပြည်သူတို့သည် ပရော်ဖက် ရှင်နယ် နိုင်ငံရေးသမားများ၊ ပရော်ဖက်ရှင်နယ် တပ်မတော်သား များ၊ ပရော်ဖရက်ရှင်နယ် ဆရာဝန်များ၊ ပရော်ဖက်ရှင်နယ် ပညာ ရှင်များ၊ ပရော်ဖက်ရှင်နယ် အင်ဂျင်နီယာများ၊ ပရော်ဖက်ရှင်နယ် အားကစားသမားများ စသည်ဖြင့် မျှော်လင့်လိုလားကြခြင်းဖြစ် ပေသည်။
ငြိမ်းချမ်းသာယာသော ကမ္ဘာကြီးကို ထူထောင်ကြဖို့ဆိုလျှင်၊ ပျော်ရွှင်ကျန်းမာသော လူ့လောကကို တည်ဆောက်ကြမည်ဆိုလျှင် နယ်ပယ်အသီးသီးက ပရော်ဖက်ရှင်နယ်များ၊ စစ်စစ်မှန်မှန် ပညာရှင် များကို မွေးမြူပျိုးထောင်ခြင်းဖြင့်သာ တည်ဆောက်၍ ရနိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။