ယူ-၁၇ ခြေစစ်ပွဲယှဉ်ပြိုင်ရန် မြန်မာအသင်း ဆော်ဒီအာရေဗျနိုင်ငံသို့ ထွက်ခွာ

 

ရန်ကုန်    စက်တင်ဘာ   ၂၈
မြန်မာ ယူ-၁၆ အမျိုးသားအသင်းသည် ၂၀၂၃  အာရှဖလား  ယူ - ၁၇  ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်     စက်တင်ဘာ ၂၈  ရက်က    ဆော်ဒီအာရေဗျနိုင်ငံသို့ ထွက်ခွာသွားသည်။

 


၂၀၂၃ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲ ကို    အောက်တိုဘာ  ၁ ရက်မှ  ၉  ရက် အထိ ကျင်းပမည်ဖြစ်ပြီး   မြန်မာအသင်း သည် အုပ်စု (ဃ) တွင် ဆော်ဒီအာရေဗျ၊  အိန္ဒိယ၊ ကူဝိတ်၊ မော်လ်ဒိုက်အသင်းတို့နှင့် ကျရောက်နေသည်။ ယင်းအုပ်စုပွဲစဉ်များ ကို    ဆော်ဒီအာရေဗျနိုင်ငံက    အိမ်ရှင် အဖြစ်     လက်ခံကျင်းပမည်ဖြစ်သည်။ 

 


ခြေစစ်ပွဲယှဉ်ပြိုင်မည့်   မြန်မာ ယူ-၁၆ အသင်းတွင်   မြန်မာ ဘောလုံး အကယ်ဒမီများမှ ကစားသမားများ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ ကစားသမားများ ပါဝင်နေသည်။ မြန်မာ ယူ-၁၆ အသင်းသည် ယခုနှစ်အတွင်း ယှဉ်ပြိုင်မည့်နိုင်ငံတကာ ပြိုင်ပွဲများအတွက်   မေလကတည်းက   စတင်ပြင်ဆင်ခဲ့ပြီး သြဂုတ်တွင်    ၂၀၂၂  အာဆီယံ ယူ-၁၆   ချန်ပီယံရှစ်ပြိုင်ပွဲ ယှဉ်ပြိုင်ပြီးနောက်  ဒုတိယမြောက်  နိုင်ငံတကာပြိုင်ပွဲအဖြစ် အာရှဖလား ယူ-၁၇ ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ ထို့ပြင် မြန်မာ ယူ-၁၆ အသင်းသည် ကစားသမားများ ပြိုင်ပွဲ အတွေ့အကြုံရစေရန်   Young  Boys  အသင်းအမည်ဖြင့်   MNL-2  (ပထမတန်း) ပြိုင်ပွဲတွင်  ဝင်ရောက်ယှဉ်ပြိုင်လျက် ရှိသည်။

 


ခြေစစ်ပွဲယှဉ်ပြိုင်မည့်   မြန်မာ ယူ-၁၆  အမျိုးသားအသင်း တွင် အုပ်ချုပ်သူအဖြစ် ဦးတင်မြင့်အောင်၊ နည်းပြချုပ်အဖြစ် ဦးအောင်ဇော်မျိုး၊  လက်ထောက်နည်းပြများအဖြစ်  ဦးပေါ် ထွန်းကျော်နှင့် ဦးဧရာမောင်၊ ဂိုးနည်းပြအဖြစ် ဦးမျိုးကျော်သူ၊ အားကစားသမားများအဖြစ် ဂိုးသမား-ဆလိုင်းအံ့ဘွယ်မောင်၊ စိုင်းသီဟနိုင် (မန္တလေးအကယ်ဒမီ)၊      ကောင်းကင်ကြယ် (ရန်ကုန်အကယ်ဒမီ)၊   နောက်တန်း - လင်းထက်ဦး၊   သူရဇော်၊ နေလင်းထက်(မန္တလေးအကယ်ဒမီ)၊ သက်နိုင်ဦး၊ မြတ်ဘုန်းခန့် (ပုသိမ် အကယ်ဒမီ)၊ နေလင်းထွန်း (အားကာသိပ္ပံ လွိုင်ကော်)၊ အလယ်တန်း-ကောင်းခန့်ဇော်၊ ကောင်းထက်၊ နေမင်းထက်၊ ဟန်ထွန်းဇော် (မန္တလေး အကယ်ဒမီ)၊ မျိုးထက်ဦး၊ ခွန်းချိုထူး၊ ဝေလျှံရှိုင်း(ပုသိမ်အကယ်ဒမီ)၊ မျိုးမင်းခန့် (ရန်ကုန်)၊ အောင် ကောင်းမြတ်(မန္တလေး)၊ အောင်ဇော်မျိုး (ကရင်)၊ ရှေ့တန်း -  ပြည့်စုံအောင် (ပုသိမ်အကယ်ဒမီ)၊ ရှိုင်းဝဏ္ဏအောင်၊ ထူးဝေယံ (မန္တလေးအကယ်ဒမီ)၊ စောမျိုးဇော်(ကရင်) တို့ လိုက်ပါသွား သည်။

                 
  ရဲရင့်လွင်၊ ဓာတ်ပုံ-MFF