ရှေ့နေနှင့် မူးယစ်ဆေးဝါး

Type
၁

ဆောင်းပါး

=======

 

ရှေ့နေနှင့် မူးယစ်ဆေးဝါး

================

 

ဦးဟန်ညွန့် (ဥပဒေ)

 

နိဒါန်း

“ဆရာ”

“ဗျာ”

“ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ”

“ရှေ့နေနှင့် မူးယစ်ဆေးဝါးပါတဲ့”

“ဘာအဓိပ္ပာယ်လဲဆရာ”

“တရားလွှတ်တော်ရှေ့နေနှင့် နိုတြီပဗ္ဗလစ် ဦးကျော်စိန် ရေးသားပြုစုတဲ့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ အသုံးချဋီကာ (ပဉ္စမ အကြိမ်) ထုတ်စာအုပ်အကြောင်း မိတ်ဆက်ရေးသား တင်ပြချင်တာပါ ”

“ဘာတွေများရေးထားပါသလဲဆရာ”

“ကိုင်း….ဖတ်ကြည့်ကြစို့”

 

စာအုပ်အကြောင်း

 

စာအုပ်အမည်အပြည့်အစုံမှာ “မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဋီကာ” ဖြစ်သည်။ ပြုစုသူများမှာ ဦးကျော်စိန်၊ ဒေါ်ခင်မာမာ လတ်နှင့် ဒေါ်ဖြိုးသန္တာကျော်တို့ဖြစ်သည်။ ပထမအကြိမ် ၁၉၉၅ ခုနှစ်က စတင်ထုတ်ဝေခဲ့ပြီး ယခုပဉ္စမအကြိမ် ၂၀၂၀ ပြည့်နှစ်တွင် ပြင်ဆင်ဖြည့်စွက်ချက်များနှင့်အတူ ရန်ကုန်မြို့ ထက်စာပေက ထုတ်ဝေခြင်းဖြစ်သည်။

 

အမှာစာ

 

ယခုအခါ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေ (အမှတ် ၆/၂၀၁၈) ဖြင့် မူးယစ်ဆေးဝါးသုံးစွဲသူအား ယခင် အနည်းဆုံး သုံးနှစ်မှ အများဆုံး ငါးနှစ်အထိ ထောင်ဒဏ် ချမှတ်ရန် ပြဋ္ဌာန်းထားသည့် ပုဒ်မ ၁၅ ကို ပယ်ဖျက်ထား သည်။ ဆေးဝါးသုံးစွဲကြောင်း သံသယရှိသူအား ပဏာမ ဆေးစစ်ချက်ခံယူစေခြင်း၊ ဆေးဝါးသုံးစွဲကြောင်း စစ်ဆေး တွေ့ရှိပါက ဆေးကုသမှုခံယူနိုင်ရန် ကျန်းမာရေးနှင့်

အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသည့် ဆေး ကုသရေးဌာန၊ ဂေဟာသို့ ပို့အပ်စေခြင်း၊ ဆေးကုသမှု ခံယူရန်ပျက်ကွက်ပါက သက်ဆိုင်ရာတရားရုံးက ခံဝန်ချုပ် ချုပ်ဆိုသည့် အမိန့်ချမှတ်ခြင်း၊ ခံဝန်ချုပ် ဖောက်ဖျက်ပါက သက်ဆိုင်ရာ ပြုစုပျိုးထောင်ရေးစခန်း သို့မဟုတ် ပြန်လည် ထူထောင်ရေးစခန်းသို့ ခြောက်လအထိ ပို့အပ်သည့် အမိန့်ချမှတ်ခြင်းနှင့် ထိုစခန်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကျန်းမာရေးစောင့်ရှောက်မှုအတွက် တာဝန်ယူကုသပေးခြင်း စသည်တို့ကို ပြင်ဆင်ဖြည့်စွက် ထားသည်။ ထို့ပြင် ဖြည့်စွက်ထားသည့် အခန်း(၇-က) လူမှုအကျိုးပြုလုပ်ငန်း ဆောင်ရွက်စေခြင်းအခန်းတွင် ပုဒ်မ ၁၅ အဖြစ် ပြုစုပျိုးထောင်ရေးစခန်း၌ ညွှန်ကြားချက် မလိုက်နာသည့် မူးယစ်ဆေးဝါးသုံးစွဲသူအား လူမှုအကျိုး ပြုလုပ်ငန်းများကို တစ်ရက် ၂ နာရီဖြင့် နာရီ ၂၄၀ မှ ၃၆၀ အထိ ကိုယ်တိုင်လုပ်အားဖြင့် အခမဲ့လုပ်ကိုင်ဆောင်ရွက် စေခြင်းဆိုသည့် ပြဋ္ဌာန်းချက်ကို ဖြည့်စွက်ထားခြင်းအပါ အဝင် အခြားအရေးကြီးသော ပြင်ဆင်ချက်များကို ပြုလုပ် ထားသည့်အတွက် စတုတ္ထအကြိမ် ထုတ်ဝေခဲ့သည့် စာအုပ် မှာ လက်ရှိအခြေအနေနှင့် မကိုက်ညီတော့သဖြင့် ဤပဉ္စမ အကြိမ်စာအုပ်ကို ပြန်လည်ပြုစုထုတ်ဝေရခြင်း ဖြစ်သည်။

ဤပဉ္စမအကြိမ်စာအုပ်တွင် မြန်မာဘာသာအပြင် အင်္ဂလိပ်ဘာသာဖြင့်ပါ ပြန်ဆိုဖော်ပြထားပါသည်။ ထို့ပြင် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် မူးယစ်ဗဟိုအဖွဲ့တို့၏ နောက်ဆုံးထုတ်ပြန်သည့် အမိန့်ကြော်ငြာစာများကိုပါ ဖြည့်စွက်ထားသည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက ပြုစုထုတ်ဝေသည့် ၂၀၁၈ ခုနှစ်ထုတ် တရားစီရင်ထုံး အထိ မှီငြမ်းကိုးကားပြီး လိုအပ်သည့် ယခင် စီရင်ထုံး ကိုးကားချက်များကိုလည်း ပြင်ဆင်ဖြည့်စွက်သည်။ အဆိုပါ ဥပဒေပြင်ဆင်ချက်အရ မလိုအပ်သော စီရင်ထုံး များကို ချန်လှပ်ထားသည်ကို တွေ့ရသည်။

 

အပိုင်းငါးပိုင်း

 

မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးဆိုင်ရာဥပဒေများနှင့် မြန်မာနိုင်ငံကပါဝင်သည့် မူးယစ်ဆေးဝါးဆိုင်ရာ ကွန်ဗင်းရှင်း များ၊ ပြည်ထောင်စုလွှတ်တော်ကပြင်ဆင်သည့် ဥပဒေ အမှတ် (၆/၂၀၁၈) ဖြင့် ပြင်ဆင်ထားသည့် မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ (အမှတ်၁/၉၃) (မြန်မာဘာသာနှင့်အင်္ဂလိပ်ဘာသာယှဉ်တွဲလျက်)၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာနည်းဥပဒေများမှ သိမှတ်ဖွယ်ရာများ (မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာယှဉ်တွဲလျက်)၊ မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့်ညွှန်ကြားချက်များ (မြန်မာ ဘာသာနှင့် အင်္ဂလိပ်ဘာသာယှဉ်တွဲလျက်)၊ ထိန်းချုပ် ဓာတုပစ္စည်းပရီကာဆာများ သတ်မှတ်ခြင်း၊ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများထိန်းချုပ်ရေးဆိုင်ရာ အမိန့်များ၊ ရောင်းချရန်အလို့ငှာဟု မှတ်ယူရန်သတ်မှတ်သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး ခြောက်မျိုး၏ အလေးချိန်ပမာဏများ သတ်မှတ်ခြင်း၊ မူးယစ်ဆေးစွဲ ရောဂါကုဌာနများသတ်မှတ်ခြင်း၊ ကျန်းမာရေး ဦးစီးဌာန၏ မူးယစ်ဆေးဝါးသုံးစွဲသူများအား မှတ်ပုံတင်ခြင်း၊ ကုသပေးခြင်းနှင့်စပ်လျဉ်း၍ တာဝန်ပေးအပ်ခြင်းခံရသော ဆရာဝန်များလိုက်နာရန် ညွှန်ကြားချက်၊ ပြည်ထဲရေး ဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၏ မူးယစ် ဆေးဝါးချိန်တွယ်ခြင်း၊ စမ်းသပ်စစ်ဆေးရန် ပေးပို့ခြင်းနှင့် အပ်နှံခြင်းဆိုင်ရာညွှန်ကြားချက်၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့နှင့် လုပ်ငန်းအဖွဲ့များဖွဲ့စည်းခြင်း နှင့် လုပ်ငန်းတာဝန်များ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများနှင့် ထိန်းချုပ်ဆေးဝါးများ ဆိုင်ရာ သိမှတ်ဖွယ်မှတ်စုများနှင့် လမ်းညွှန်စီရင်ထုံးများ၊ နောက်ဆက်တွဲ(က) တစ်ကိုယ်ရေသုံး မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှုများအား ပြစ်ဒဏ်ချမှတ်ခြင်းမပြုဘဲ(Decriminalization) ဆေးဝါးကုသပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်သင့်-မသင့်နှင့် ဆေးခြောက်မှု များ သုတေသနစာတမ်း၊ နောက်ဆက်တွဲ(ခ) မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေ ကိုပြင်ဆင်သည့်ဥပဒေ (အမှတ် ၆/၂၀၁၈)တို့ ပါဝင်သည်။

 

နှစ်အကန့်အသတ်မရှိထောင်ဒဏ်

 

နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်ဆိုသောစကားရပ်ကို မည်သို့ အဓိပ္ပာယ်ကောက်ယူမည်လဲ။ ဝမ်ဆိုက်ပါ (၂) နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်အမှု၊ ၁၉၉၈၊ မတစ၊ ၁၂၂ စီရင်ထုံးကို ကိုးကား၍ အောက်ပါအတိုင်း ညွှန်ပြထား ကြောင်း (စာ-၃၈၅) တွင် ကျွန်တော်ဖတ်ရသည်။

 

“နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်” ဆိုသော စကား ရပ်အား “အထိ” ဆိုသောစကားရပ်နှင့် ပူးတွဲ သုံးနှုန်းထား ခြင်းကို တွေ့ရသဖြင့် “နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်” ဆိုသော စကားရပ်မှာ သီးခြားပြစ်ဒဏ်တစ်မျိုးတစ်စားဟူ၍ မှတ်ယူခြင်းမပြုနိုင်ကြောင်း ရှေ့နေချုပ်ရုံးကိုယ်စား ဥပဒေ အရာရှိ၏ လျှောက်လဲချက်ကို လက်ခံရပေမည်။

 

နှစ်အကန့်အသတ်မရှိ

 

ထောင်ဒဏ်ဆိုသောစကားရပ်ကိုကွက်၍ တိတိကျကျ အဓိပ္ပာယ်ကောက်ယူမည်ဆိုလျှင် အများဆုံး ထောင်ဒဏ် ကို မကန့်သတ်သကဲ့သို့ အနည်းဆုံးထောင်ဒဏ်ကိုလည်း မသတ်မှတ်သည့်သဘော သက်ရောက်သွားမည်ဖြစ်သည်။ ထိုသို့ဆိုလျှင် ၁၉၉၃ ခုနှစ် မူးယစ်ဥပဒေပုဒ်မ ၁၉ နှင့် ၂၀ ပါ ပြဋ္ဌာန်းပြစ်မှုများအတွက် ထောင်ဒဏ်အနည်းဆုံး ၁၀ နှစ်နှင့် ၁၅ နှစ်ဟူ၍ သတ်မှတ်ထားခြင်းကို အဓိပ္ပာယ် မဲ့စေရာ ရောက်ပေမည်။ ထို့ကြောင့် ပုဒ်မ ၁၉ နှင့် ၂၀ တို့ပါ “နှစ်အကန့်အသတ်မရှိထောင်ဒဏ်” ဟူသော စကားရပ်ကို ၎င်း၏နောက်တွင်ရှိနေသော “အများဆုံး” ဆိုသော စကားရပ်၊ ရှေ့ဖက်တွင်ရှိသော “အထိ” ဆိုသော စကားရပ် တို့နှင့် ယှဉ်တွဲကောက်ယူပါမှသာ အဓိပ္ပာယ်ရှိပါမည်။ ဆိုလိုသည်မှာ အချို့သောပြစ်မှုများတွင် တွေ့ရှိရသကဲ့သို့ အများဆုံး ထောင်ဒဏ် ၅ နှစ်အထိ၊ ၇ နှစ်အထိ၊ ၁၀ နှစ် အထိ၊ ၁၄ နှစ်အထိ စသည်ဖြင့် ကန့်သတ်မထားခြင်း ပင်ဖြစ်သည်။ ထို့ကြောင့် တရားသူကြီးသည် တရားခံ၏ အသက်အရွယ်ကိုထောက်ထားပြီး ထောင်ဒဏ်သည် မည်ရွေ့မည်မျှ ကျခံစေရမည်ဟု ပြစ်ဒဏ်သတ်မှတ်စီရင် ရာတွင် အများဆုံးထောင်ဒဏ်ကို ကန့်သတ်ချုပ်ချယ် မထားခြင်းပင်ဖြစ်ကြောင်း စသည်ဖြင့် လေ့လာမှတ်သား ရသည်။

 

တစ်ကိုယ်ရေသုံးမူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှု

 

မရေးမဖြစ်သည့် မှတ်သားစရာစာတမ်းအကြောင်း ရေးပါရစေဦး။

ပြစ်ဒဏ်ချမှတ်ခြင်းမပြုဘဲ (Decriminalization) ဆေးဝါးကုသပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ် များ ဆောင်ရွက်သင့်-မသင့်နှင့် ဆေးခြောက်မှုများ သုတေသနစာတမ်းကို ဦးကျော်စိန်က စာအုပ်၏ နောက်ဆက်တွဲ(က)အဖြစ် တင်ပြထားသည့်အကြောင်းပါ။ ၂၀၁၈ ခုနှစ် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒများကို ဖော်ပြထားပြီး တစ်ကိုယ်ရေသုံး မူးယစ် ဆေးဝါး လက်ဝယ်ထားရှိမှုကို ရာဇဝတ်မှုအဖြစ် မလွဲမသွေ သတ်မှတ်၍ ပြစ်ဒဏ်ချမှတ်ရမည်ဟု မူးယစ်ဆေးဝါး ဆိုင်ရာ ကွန်ဗင်းရှင်းများတွင် ပြဋ္ဌာန်းမထားကြောင်းကို ဦးကျော်စိန်က သုံးသပ်ဖော်ပြထားသည်။ ကုသရေး၊ ပြန်လည်ထူထောင်ရေးပြုလုပ်ရန်လိုအပ်သော ပြစ်မှု ကျူးလွန်သူများအား အကျဉ်းထောင်သို့ မပို့ရေး၊ ပြစ်ဒဏ် ကျ မိခင်များအား အကျဉ်းထောင်သို့ မပို့ရေး၊ မူးယစ် ဆေးဝါးသုံးစွဲသူနှင့် တစ်ကိုယ်ရေသုံး မူးယစ်ဆေးဝါး လက်ဝယ်ထားရှိသူများအား ထောင်ဒဏ်မချမှတ်ဘဲ ကုသ ရေးနှင့် ပြန်လည်ထူထောင်ရေး၊ မူးယစ်ဆေးဝါးသုံးစွဲသူနှင့် တစ်ကိုယ်ရေသုံးမူးယစ်ဆေးဝါး လက်ဝယ်ထားရှိသူ၊ သယ်ဆောင်သူများအား ကြီးလေးသောပြစ်ဒဏ်များ တိုးမြှင့်ချမှတ်သော်လည်း ထိုပြစ်မှုကျူးလွန်သူများ လျော့နည်းမသွားကြောင်း၊ မူးယစ်ဆေးဝါးအကျဉ်းသားများ အတွက် နိုင်ငံတော်ဘဏ္ဍာငွေမှ သုံးစွဲရသည့်ပမာဏ များပြားသည့်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လျက်ရှိခြင်း အကြောင်းများကို သုံးသပ်ဖော်ပြထားသည်။

 

ရာဇဝတ်မှုအဖြစ် မသတ်မှတ်ခြင်း

 

မူးယစ်ဆေးဝါးသုံးစွဲမှု၊ တစ်ကိုယ်ရေသုံးမူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှုနှင့် သုံးစွဲသည့်ပစ္စည်းကိရိယာ လက်ဝယ် ထားရှိမှုတို့အတွက် ရာဇဝတ်မှုအဖြစ် မသတ်မှတ်ခြင်း ၏ရည်ရွယ်ချက် ခြောက်ချက်ကိုလည်း ဦးကျော်စိန်က တင်ပြထားသေးသည်။ ကမ္ဘာ့နိုင်ငံပေါင်း ၄၀ ၏ ရာဇဝတ်မှု အဖြစ် မသတ်မှတ်သောအတွေ့အကြုံများကိုပါ ကိုးကား ဖော်ပြထားသည်။ စိတ်ဝင်စားဖွယ်ဖြစ်ပါသည်။

 

ဥပဒေများသမိုင်းစဉ်

 

မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးနှင့် ဥပဒေများ သမိုင်း စဉ်တွင် မြန်မာမင်းများလက်ထက်နှင့် အင်္ဂလိပ်ကိုလိုနီ ကာလကို ပြန်လည်သတိရကြမည်ဖြစ်သည်။ ဘိုးတော် ဘုရား(ပဒုံမင်း) လက်ထက်၊ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ အပြီးကာလ၊ လွတ်လပ်ရေးမရမီကိုလိုနီကာလ၊ လွတ်လပ်ရေး ရပြီး ပါလီမန်ကာလ၊ တော်လှန်ရေးကောင်စီကာလ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ကာလမှ စ၍ ယနေ့ကာလတိုင်အောင် မူးယစ်ဆေးဝါးနှင့် ဥပဒေ များသမိုင်းစဉ်ကို လေ့လာသုံးသပ်နိုင်ကြမည်ဖြစ်သည်။ ထို့ပြင် မူးယစ်ဆေးဝါးဆိုင်ရာ နိုင်ငံတကာကွန်ဗင်းရှင်းများအကြောင်းနှင့် မြန်မာနိုင်ငံကထုတ်ပြန်ခဲ့သော ဥပဒေ နှင့် အမိန့်ကြော်ငြာစာများအကြောင်းကိုလည်း ကျွန်တော် တို့ သိရှိမှတ်သား လေ့လာကြရမည် ဖြစ်သည်။

 

နိဂုံး

 

ပြစ်ဒဏ်ချမှတ်ခြင်းထက် ဆေးဝါးကုသပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်စေခြင်း အမြင် သစ်ဖြင့် ပြုစုထားသော တရားလွှတ်တော်ရှေ့နေနှင့် နိုတြီ ပဗ္ဗလစ် ဦးကျော်စိန်၏ မူးယစ်ဆေးဝါးဆိုင်ရာဥပဒေ

အသုံးချဋီကာစာအုပ်ကို ကိုးကားလေ့လာ ဖတ်ရှုသင့် ပါကြောင်း.....။