အယ်ဒီတာ့အာဘော်
============
အလားအလာကောင်းများမြင့်မားရေးကြိုးပမ်း
==========================
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေဆဲ ကိုဗစ်-၁၉ ကပ်ရောဂါပိုး ကူးစက်မှုနှုန်း ကျဆင်း လာပါက ဝမ်းမြောက်ကြရပြီး ထိုနေ့အတွက် မင်္ဂလာရှိလှပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုနှုန်းတိုးလာလျှင် စိုးရိမ်ပူပန်မှုဖြစ်ကြရပြီး ထိုနေ့အတွက် စိတ်မချမ်းမသာဖြစ်ကြရပါသည်။ ထို့ကြောင့် ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေး စည်းမျဉ်းစည်းကမ်းများကို အသိတရားဖြင့်သတိထားပြီး ကိုယ်စီလိုက်နာ ခြင်းဖြင့် ပြည်သူများ စိတ်ချမ်းသာအောင် ဆောင်ကြဉ်းပေးသင့်ပေသည်။
ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနှုန်းမှာ မြန်မာနိုင်ငံအနေဖြင့် တဖြည်းဖြည်းကျဆင်းလာသည့် သဘောရှိသဖြင့် အများပြည်သူတို့ စိတ်ချမ်းသာမှုရနိုင်လိမ့်မည်ဟု မျှော်လင့်ရပါသည်။ ဒီဇင်ဘာလ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တို့တွင် ရောဂါပိုးတွေ့သူ လူတစ်ထောင်အောက်သာ ရှိသဖြင့် ကူးစက်မှုနှုန်း ကျဆင်းသည်ဟု ဆိုနိုင်သည်။ ယခုရက်သတ္တပတ်တွင် ဓာတ်ခွဲစစ်ဆေးရောဂါပိုးတွေ့ရှိမှုနှုန်းမှာ ခြောက်ရာခိုင်နှုန်းကျော်ရှိရာမှ ရက်အလိုက် ကျဆင်းလာပြီး လူတစ်ထောင်အောက် လေးရာခိုင်နှုန်းကျော် ဖြစ်လာသည်ကို တွေ့ရသည်။
ယခုရောဂါပိုးတွေ့ရှိမှုအနေအထားမှာ ဆေးရုံများ၌ အနံ့မရသူများ၊ ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများ၊ အသွားအလာကန့်သတ်ထားရှိသူများနှင့် စောင့်ကြည့်လူနာများ၏ ဓာတ်ခွဲနမူနာများအား ရယူစစ်ဆေးရာမှ တွေ့ရှိခြင်းဖြစ်သည်။ လုပ်ငန်းစဉ်များ၏ တိုးတက်ဖြစ်ပေါ် မှုကို တိုင်းတာရာတွင် ကိန်းဂဏန်းအချက်အလက် မှန်ကန်မှုသည် အလွန်အရေး ကြီးသဖြင့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်လျှင် သတ်မှတ်ထားသည့် ဆေးရုံ၊ ဆေးခန်းများတွင် တရားဝင်စစ်ဆေးပြီး အတည်ပြုမှု ယူကြရမည်ဖြစ်သည်။
လက်ရှိကာလ၌ မြန်မာနိုင်ငံတွင် ရောဂါဖြစ်ပွားနှုန်း ကျဆင်းလာသည် မှာ အမှန်ဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍတွင် အဓိက ကျသည့် ရန်ကုန်မြို့တော်၌ ရောဂါဖြစ်ပွားနှုန်း ကျဆင်းလာသည်မှာ ဝမ်းမြောက်စရာဖြစ်သည်။ ရန်ကုန်မြို့သည် လူဦးရေအထူထပ်ဆုံး၊ အကျယ် ဝန်းဆုံး၊ စီးပွားရေးအကောင်းဆုံး မြို့ကြီးဖြစ်၍ ရန်ကုန်မြို့၏ လူမှုစီးပွားကဏ္ဍ အခြေအနေကောင်းလျှင် တစ်နိုင်ငံလုံးကောင်းလာနိုင်သည့် သဘောသဘာဝ ရှိသည်။ ယခုအခါ ရန်ကုန်မြို့တော်၌ ရောဂါဖြစ်ပွားနှုန်းကျဆင်းလာပြီး မန္တလေး၊ ပဲခူး၊ ဧရာဝတီနှင့် နယ်မြို့များတွင် ရောဂါဖြစ်ပွားနှုန်းတက်လာသော် လည်း တစ်နိုင်ငံလုံးအတိုင်းအတာအရ ရောဂါဖြစ်ပွားနှုန်း ကျဆင်းလာသည်။
ရောဂါကာကွယ်ရေးနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနနှင့် ဆက်စပ်ဌာနများက အသိပေးနေခြင်းသာမက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ အချက်များ ကို ပြည်သူသို့ မကြာခဏ အစီရင်ခံတင်ပြပေးလျက်ရှိသည်။ ပြည်သူများ၏ အလိုလားဆုံးဆန္ဒဖြစ်သည့် လူမှုစီးပွားအခြေအနေများ ပုံမှန်လည်ပတ်မှု ဖြစ်လာစေရန် အထူးသတိထားလိုက်နာစေရေး နေ့စဉ်အသိပေးလျက်ရှိ သည်။ ယခုအချိန်ကာလသည် ကိုဗစ်-၁၉ ရောဂါကို ထိန်းချုပ်နိုင်ရေးအတွက် အထူးဂရုစိုက်ဆောင်ရွက်ရတော့မည့် အချိန်ဖြစ်သည်။ မကြာမီကာလတွင် နှစ်သစ်သို့ ကူးပြောင်းတော့မည့်အချိန်အခါဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးလည်း ရရှိလာတော့မည့်အချိန်အခါ ဖြစ်သည်။ နိုင်ငံ၏ စီးပွားရေး ပြန်လည်ဦးမော့လာအောင် အားယူရမည့်အချိန်အခါလည်း ဖြစ်သည်။
ထို့ကြောင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သက်ဆိုင်ရာအဖွဲ့အစည်း များက မျက်နှာ၊ ပါးစပ်၊ နှာခေါင်း အကာအကွယ်တပ်ပါ။ လက်ကို ခဏခဏ ဆေးပါ။ ခပ်ခွာခွာနေထိုင်ပါတို့ကို မကြာခဏအသိပေးနေခြင်း ဖြစ်သည်။ ယခုအခါ ရန်ကုန်မြို့နေပြည်သူများမှာ အသိတရားဖြင့် နားလည်လိုက်နာမှု ရှိလာသည်ဟုဆိုလျှင် ဆိုနိုင်သည့် ဖော်ပြပါအချက်များကို ပိုမိုလိုက်နာလာမှု ရှိသောကြောင့် ရောဂါဖြစ်ပွားနှုန်းကျဆင်းလာသည်ကို စာရင်းဇယားများအရ သိရှိလာပြီဖြစ်သည်။ အကောင်းဆုံးမှာ ပြင်ပနှင့်ထိတွေ့မှု၊ မိမိကိုယ်ကို သတိ ထားမှု၊ ပတ်ဝန်းကျင်ကို သတိမူမှုတို့ကို ပိုမိုအားထုတ်လိုက်သည်နှင့် ရောဂါ ဖြစ်နှုန်းလည်း သိသိသာသာ ကျဆင်းလာမည်ဖြစ်သည်။
သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါ အဖြစ်အများဆုံးဖြစ်ခဲ့သည့် ရန်ကုန်မြို့တွင် ရောဂါဖြစ်ပွားနှုန်း ကျဆင်းလာသည်ကို ယခုရက်သတ္တပတ်အတွင်းတွေ့လာရာ ဖြစ်ပွားနှုန်းမတက်ဘဲ ဆက်လက်ကျဆင်းလာနိုင်ရေးနှင့် သေဆုံးမှုလျော့ကျ ရေးတို့အတွက် ပြင်ပတွင် ထိတွေ့သွားလာနေကြသူများက မိမိနေအိမ်နှင့် ပတ်ဝန်းကျင်ရှိ ရောဂါအခံကြီးကြီးမားမားရှိသူများ၊ ရောဂါအခံရှိသူ သက်ကြီး ရွယ်အိုများ အသက်အန္တရာယ်မဖြစ်စေရေးအတွက် သတိမူဆင်ခြင်နေထိုင်ပေး ကြပါရန် အသိပေးအပ်ပါကြောင်း။ ။