ပြီးခဲ့သည့် သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာလ ၉ ရက်နေ့) တွင် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဗုဒ္ဓါဘိသေက အနေကဇာတင်ပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ မြန်မာနိုင်ငံ တစ်နံတစ်လျား တွင် ထင်ရှားကျော်ကြားသည့် တန်ခိုးကြီးဘုရားပွဲတော်တစ်ခု ဖြစ်သည့်အားလျော်စွာ ဘုရားဖူးခရီးသည်များ မပြတ်ရှိနေပြီး ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်တို့ဆုံပါက တောင်လုံးညွတ်မျှ စည်ကားသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု အရှိန်မြင့် မားနေသည့် ကာလအတွင်း ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အသွားအလာ၊ လူစုလူဝေးတို့ကို ကန့်သတ်ခဲ့ရသည့်အတွက် ယခုကဲ့သို့ ပြန်လည်ဖြေလျှော့လာနိုင်သည့် ကာလတွင် နိုင်ငံ တစ်ဝန်းရှိ ဘုရားပုထိုးများနှင့် အပန်းဖြေရာ နေရာများတွင် ကုသိုလ်ယူ၊ အပန်းဖြေသူများနှင့် ပြန်လည်စည်ကားလာသည်။
ဝါကျွတ်ကာလအတွင်း နိုင်ငံတစ်ဝန်းရှိ ဘုရားကျောင်းကန် များ၌ ကုသိုလ်ယူသူများ၊ အပန်းဖြေစခန်းများတွင် အပန်းဖြေ အနားယူသူများ ပြန်လည်စည်ကားလာသည့်အပေါ် NUG ၊ CRPH နှင့် ၎င်းတို့၏ လက်ဝေခံ PDF အကြမ်းဖက်သမားများက အမျက် သို ရန်ငြိုးဖွဲ့ကြသည်။ ပြည်သူအများ အေးချမ်းပျော်ရွှင်မှုကိုမလို လား၊ မရှုဆိတ်နိုင်ကြသည့်အလျောက် ပြည်သူလူထုအတွင်း အကြောက်တရားများ ဖြစ်ပေါ်လာအောင် ခြိမ်းခြောက်မှုများကို လည်း တွင်တွင်ပြုလုပ်ကြသည်။ အောက်တိုဘာလ ၁၂ ရက်နေ့ တွင်မူ အကြမ်းဖက်သမားတို့၏ ရက်စက်ယုတ်မာမှုနှင့် မိုက်မဲမှု တို့က ကမ်းကုန်သွားသည်။
အများပြည်သူဘုရားဖူး ကုသိုလ်ယူ မည့် သာသနာ့နယ်မြေပေါ်တွင် အကြမ်းဖက်သမားတို့၏ လက်ချက်ဖြင့် သွေးမြေကျရသည်။ အပြစ်မဲ့ပြည်သူ အမျိုးသမီး သုံးဦး သေဆုံးခဲ့ရသည်။ အမျိုးသားကိုးဦးနှင့် အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၁၉ ဦး ဒဏ်ရာများ ရရှိခဲ့သည်။ အချိန်အခါ၊ နေရာဒေသ အားဖြင့် ဤသို့သောဖြစ်ရပ်မျိုး ဖြစ်လာမည်ဟူ၍ အများပြည်သူ အနေဖြင့် မျှော်လင့်ထားကြမည်မဟုတ်သော်လည်း ဘုရားပွဲတော် ကာလ သာသနာ့မြေပေါ် ရောက်ရှိလာသည့် ဘုရားဖူးပြည်သူများ ကို လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ အကြမ်းဖက်တံခွန်ထူပြလိုက်သည်။
လက်နက်ကိုင်ဆောင်ထားခြင်းမရှိသည့် အပြစ်မဲ့ပြည်သူ များအပေါ် စစ်ရေးနှင့် မသက်ဆိုင်သည့်နေရာတွင် ၎င်းအကြမ်း ဖက်သမားတို့ ကျူးလွန်ခဲ့သည့်လုပ်ရပ်တို့က စစ်ရာဇဝတ်မှု (War Crime) ကို ကျူးလွန်ရာ ရောက်သည်။ ထို့အပြင် ယဉ်ကျေးသည့် လူ့အသိုက်အဝန်းအားလုံး၊ ဘာသာ သာသနာအားလုံး၊ လူမှု အဖွဲ့အစည်းအားလုံးကလည်း လက်မခံ၊ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြ၊ ရှုတ်ချကြသည်။ ဘုရားဖူးတောင်တက်ကားဂိတ်ကို လက်နက်ကြီးငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့ကြသည့် အကြမ်းဖက်သမား တစ်ဒါဇင်ခန့်၏နောက်တွင် ၎င်းတို့အား သင်ကြားပေးသူ၊ ပံ့ပိုးပေးသူအဖွဲ့အစည်းလည်းရှိနေရာ ယခု ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုလုပ်ရပ်အတွက်လည်း အဓိက တာဝန်ရှိသူပင်ဖြစ်သည်။
နိုင်ငံရေးကို နိုင်ငံရေးအရ ဖြေရှင်းခြင်း မပြုလုပ်နိုင်သည့်အခါ စစ်ရေးပေါ်ပေါက်လာသည်။ စစ်ရေးဆောင်ရွက်ရာတွင် ပြည်သူ လူထုအပေါ် အကြမ်းဖက်ခြင်း နည်းလမ်းဟူသမျှ မပြုလုပ်ဘဲ ရှောင်ရှားကြရန်လိုသည်။ အေးချမ်းစွာဘုရားဖူးလာသည့် ပြည်သူ များကို သာသနာ့နယ်မြေအတွင်း အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်ခဲ့သည့် ယခုဖြစ်စဉ်တွင် ပါဝင်ကျူးလွန်ခဲ့သူများကို သက်ဆိုင်ရာတို့က အမြန်ဆုံးစစ်ဆေးဖော်ထုတ်ကာ ထိရောက် စွာ အရေးယူနိုင်ရေး ဆောင်ရွက်ကြရန် တိုက်တွန်းအပ် ပါကြောင်း။ ။