(၈၂) နှစ်မြောက် ဗိုလ်အောင်ကျော်အလွမ်း

Type
၁

ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်

========================

 

(၈၂) နှစ်မြောက် ဗိုလ်အောင်ကျော်အလွမ်း

========================

 

ဒလဘန်း

 

ရန်ကုန်တက္ကသိုလ်ကြီး နှစ် ၁၀၀ ပြည့်ကို ဝမ်းမြောက် ဂုဏ်ယူကာ တက္ကသိုလ်ကြီးနှင့်ဆိုင်ရာ ဆောင်းပါးများကို သတင်းစာများမှာ နေ့စဉ်တွေ့မြင်ဖတ်ရှုနေရပါသည်။

 

၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ (၁) ရက်နေ့ကား ဗြိတိသျှအစိုးရအုပ်ချုပ်မှုအောက်နေရသည့် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ ဂျပ်ဆင်ကောလိပ်(ယုဒသန်ကောလိပ်)နှင့် ယူနီဘာစီတီကောလိပ် (တက္ကသိုလ်ကျောင်းတိုက်)တို့ ကာလကတ္တားတက္ကသိုလ်၏ အုပ်ချုပ်မှုအောက်မှ လွတ်မြောက်ကာ ရန်ကုန်တက္ကသိုလ်၏ အုပ်ချုပ်မှု လက်အောက်သို့ တပေါင်းတစည်းတည်း ရောက်ခဲ့ကြ သည့်နေ့ ဖြစ်ပေသည်။ မြန်မာ့ပညာရေးကို မြန်မာတို့ စီမံခန့်ခွဲခွင့် အထိုက်အလျောက်ရခဲ့သည့်နေ့ ဖြစ်သည်။

 

အမှတ်ရဖွယ်ဖြစ်ရပ်ကြီးတစ်ခု

 

ဤဒီဇင်ဘာလတွင် မြန်မာ့နိုင်ငံရေး၊ မြန်မာ့ လွတ်လပ်ရေးနှင့် ပညာရေးလောကအတွက် အမှတ် ရဖွယ်ဖြစ်ရပ်ကြီးတစ်ခု ပေါ်ပေါက်ခဲ့သည့် နေ့ကြီးတစ်နေ့ ရှိခဲ့ပေသေးသည်။ လွန်ခဲ့သော (၈၂) နှစ်၊ ၁၉၃၈ ခုနှစ် ဒီဇင်ဘာလ (၂၂) ရက်နေ့၌ ကျောင်းသားခေါင်းဆောင် ယုဒသန်ကောလိပ်မှ ကိုအောင်ကျော်သည် တိုင်းပြည်နှင့် လူမျိုးအတွက် အသက်နှင့်လဲသွားခဲ့သည်။

 

ယင်းသို့ ဝမ်းနည်းဖွယ်၊ တုန်လှုပ်ချောက်ချားဖွယ် သတင်းကြီးကို သူငယ်ချင်းဖြစ်သူ ဦးသန့်တင်က စာရေး အကြောင်းကြား၍ အဘသိခွင့်ရခဲ့သည်။ အချိန်ကား အဘ အောက်စဖို့ဒ်တက္ကသိုလ် ပညာတော်သင်အဖြစ် ဘိလပ်သို့ ၁၉၃၆ ခုနှစ်ကုန်ပိုင်းလောက်ကတည်းက ရောက်ရှိနေကာ (၂) နှစ်အကြာ စာပေပညာဘွဲ့ (B.Litt) အတွက် စာတမ်းပြုစုပြီး၊ ကြီးကြပ်အုပ်ချုပ်သူ G.E. Harvey (History of Burma ရေးသားသူ) ထံတင်ပြခဲ့ပြီး လန်ဒန်အရှေ့တိုင်းနှင့် အာဖရိကဘာသာရပ်များ လေ့လာရေးကျောင်း (SOAS) ၌ အဘိဓာန်ပြုစုသည့် နည်းပညာ (Lexicography) ကို J.A. Stewart (Burmese-English Dictionary ပြုစုသူ) ထံမှ သင်ယူ နေသည့်ကာလ ဖြစ်သည်။

 

ဦးလေးဦးသန့်တင်စာကား (၆) မျက်နှာပါ စာရှည်ကြီး။ ဒီဇင်ဘာလ (၂၀) ရက်နေ့စရေးကာ (၂၄) ရက်နေ့ကျမှ မင်နီဖြင့် ရေးထားသော P.S. (Post Script) ဖြင့် အဆုံးသတ်ထားသည်။

 

P.S. ၂၄-၁၂-၃၈

၂၀ ရက်နေ့က - အရိုက်ခံရသော ယုဒသန်ကောလိပ် ကျောင်းသား ကိုအောင်ကျော် - သေဆုံးသွားပြီ။ ၂၂ ရက်နေ့မှာ သေသည်။

တို့လွတ်လပ်မှုကို - (သူ-အစ-ပထမကျောင်းသား ထဲက) - အသက်နှင့်လဲသွားသူတည်း။

 

ကိုအောင်ကျော်တဲ့။ တောသား။ - မယ်ဇလီကုန်း- နားက - ရုံးဇင်ရွာက - သေပြီ။

 

မေတ္တာသာပို့ပေတော့ ---

သန့်တင်

မျက်ရည်လည်၍ ရေးလိုက်သည်ဆိုသော သူငယ်ချင်း၏စာနှင့် ကိုအောင်ကျော်သတင်းကြောင့် အဘ ရပ်ဝေးက မည်မျှဝမ်းနည်းရှာမည်ကို ခန့်မှန်းကြည့်မိ သည်။

 

အားပေးစကားပြောကြ

 

ကျောင်းသား ကျောင်းသူများကို အဘသံယောဇဉ် ကြီးသည်။ ၁၉၃၆ ခုနှစ် အဘ ပညာသင်မထွက်ခွာမီ ဒုတိယအကြိမ် တက္ကသိုလ်ကျောင်းသားများသပိတ်ကြီး ဖြစ်သည်။ ကျောင်းသားထု ရွှေတိဂုံကုန်းတော်ပေါ်မှာ သပိတ်စခန်းဖွင့်ကြသည်။ ကျောင်းသားများ ပင်ပန်းဆင်းရဲ ရှိနေကြမည်ကို တွေးမိသော ကျောင်းဆရာတစ်ယောက် အနေဖြင့် မနေသာ။ ၁၉၃၈ ခုနှစ် မတ်လ (၉) ရက်နေ့တွင် ကျောင်းသားများ သပိတ်စခန်းရှိရာသို့ သူ၏ဆရာ ဦးသိန်းဟန်(ဇော်ဂျီ/ဘကြီးဇော်)နှင့် ရောက်သွား ကြသည်။ သပိတ်စခန်းမှ ကျောင်းသားများကို တွေ့ဆုံပြီး ဆရာတပည့်နှစ်ဦး အားပေးစကားပြောကြသည်။ မှတ်မှတ်ရရ မန္တလေးကကျောင်းလာတက်နေသည့် မအမာ (လူထု ဒေါ်အမာ) က အော်တိုရေးခိုင်း၍ ရေးပေးခဲ့ကြ ရသေးသည်။

ကိုအောင်ကျော်ဆုံးပါးသည့် သတင်းရသည်နှင့် အဘသည် သူ၏ဝမ်းနည်းခံစားချက်ဖြင့် ကိုအောင်ကျော် သို့ ဂုဏ်ပြုသော ဖော်ပြပါ “ဗိုလ်အောင်ကျော် နတ်သံ” ကဗျာကို ရေးဖွဲ့သည်။ နဂါးနီစာအုပ်တိုက်သို့ ပို့သည်။ ထိုကဗျာကို အိုးဝေမဂ္ဂဇင်းက ၁၉၄၀ ပြည့်နှစ် တပေါင်းလ (မတ်လ) ထုတ် အတွဲ (၈) အမှတ် (၁) စာစောင်တွင် ထပ်ဆင့်ဖော်ပြခဲ့သည်။ တစ်ဖန် ရန်ကုန်တက္ကသိုလ် နှစ်(၅၀)ပြည့် (၁၉၂၀ - ၁၉၇၀) စာစောင်ကလည်း ကိုအောင်ကျော်ကို ဂုဏ်ပြုဆက်လက်ဖော်ပြ ခဲ့သည်။

 

ကိုအောင်ကျော်ကို ဟင်္သာတခရိုင် မဲဇလီကုန်းမြို့ ရုံးဇင်ရွာတွင် ဦးကျော်ထင်၊ ဒေါ်ရွှေကျော့ မိဘနှစ်ပါးက ၁၉၁၆ ခုနှစ် ဖေဖော်ဝါရီလ (၂၇) ရက်နေ့၌ မွေးဖွားခဲ့သည်။ မွေးချင်း (၁၁) ယောက်အနက် (၈) ယောက်မြောက် ဖြစ်သည်။ ဖခင်မှာ မူလတန်းကျောင်းဆရာကြီး ဖြစ်သည်။ ဖခင်ကြီး၏ကျောင်း၌ ခြောက်တန်းအထိ ပညာသင်ယူ ခဲ့သည်။

 

ယုဒသန်ကောလိပ်ကျောင်းသားဖြစ်လာ

 

၁၉၃၄ ခုနှစ်တွင် ဆယ်တန်းအောင်ပြီး ၁၉၃၄-၃၅ ပညာသင်နှစ်မှစ၍ ယုဒသန်ကောလိပ် ကျောင်းသား ဖြစ်လာသည်။ ကိုအောင်ကျော် တက္ကသိုလ်စရောက်ချိန် ကိုအောင်ဆန်း(ဗိုလ်ချုပ်အောင်ဆန်း) က ယူနီဘာစီတီ ကောလိပ် (တက္ကသိုလ်ကျောင်းတိုက်)၌ နှစ်ကြီး ကျောင်းသားကြီး ဖြစ်နေလေပြီ။ အဘက ပဲခူးဆောင် အဆောင်နည်းပြတာဝန်ကို ယူထားပြီး ယူနီဘာစီတီ ကောလိပ် (တက္ကသိုလ်ကျောင်းတိုက်) အရှေ့ပိုင်းပညာ ရပ်ဌာန၌ အချိန်ပိုင်းနည်းပြဆရာလုပ်ရင်း မဟာဝိဇ္ဇာ အချိန်ပိုင်းတက်ရောက်နေသည့်ကာလ ဖြစ်သည်။ အနောက်တိုင်းဆန်သူများကို မျက်စိနောက်သည့် ကိုအောင်ကျော်သည် ခုံဖိနပ်စီး၊ ပင်နီတိုက်ပုံဝတ်၊ ကတုံးဆံတောက်ညှပ်၊ ဘုကျကျ၊ ခွကျကျ နေခဲ့သူ ဖြစ်သည်။

 

၁၉၃၈ ခုနှစ် ဇန္နဝါရီလ (၈) ရက်နေ့တွင် ချောက် ရေနံမြေတွင် ရေနံမြေလုပ်သားတို့ သပိတ်စတင်ခဲ့ပြီး ပြေလည်မှုမရရှိသောကြောင့် (၁၁) လခန့်အကြာ နိုဝင်ဘာလ (၃၀) ရက်နေ့တွင် ရေနံလုပ်သားထုကြီး ရန်ကုန်သို့ ချီတက်လာကြသည်။ ဒီဇင်ဘာလ (၄) ရက်နေ့ တွင် မကွေးသို့ ရောက်ရှိတပ်စခန်းချသည်။ အလုပ်သမား ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးတရားပွဲများ လုပ်ရန် တက္ကသိုလ်ကျောင်းသားခေါင်းဆောင်များ မကွေးသို့ ရောက်ရှိကြသည်။ ဒီဇင်ဘာလ (၁၃) ရက်နေ့ တွင် တက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုဘဟိန်းနှင့် အတွင်းရေးမှူး ကိုဗဆွေတို့ အဖမ်းခံရသည်။ နိုဝင်ဘာလ (၄) ရက်နေ့ကမှ နိုင်ငံရေးဇောက်ချလုပ်ရန် သမဂ္ဂဥက္ကဋ္ဌ ကိုအောင်ဆန်း တို့ဗမာအစည်းအရုံးသို့ ခြေစုံပစ်ဝင်သွား၍ ကိုအောင်ဆန်းအရိုက်အရာကို ကိုဘဟိန်းက ဆက်ခံ ရယူခါစကာလ ဖြစ်သည်။

 

ခေါင်းဆောင်များအဖမ်းခံရသည့် သတင်းရ၍ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ၌ အစည်းအဝေး လုပ်ကြသည်။ တက္ကသိုလ်ကျောင်းသား ခေါင်းဆောင်များ ဖမ်းဆီးထားခြင်းမှ လွှတ်ပေးရန်၊ ပုဒ်မ ၁၄၄ ကို ရုပ်သိမ်း ပေးရန် တောင်းဆိုကြသည်။ ဒီဇင်ဘာလ (၁၅) ရက်နေ့ တွင် မြို့မကျောင်းဝင်းကြီးအတွင်း၌ ကျောင်းပေါင်းစုံမှ ကျောင်းသားများစုဝေးကြပြီး ပုဒ်မ ၁၄၄ ကို ဖီဆန်ကာ ကန့်ကွက်ဆန္ဒပြ စီတန်းလမ်းလျှောက်ကြသည်။ အစိုးရ ဘက်မှ တစ်စုံတစ်ရာတုံ့ပြန်မှု မရရှိကြပေ။ ထို့ကြောင့် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အတွင်းဝန်ရုံးကြီးသို့ ချီတက်ကြသည်။ ကျောင်းသားထုက အတွင်းဝန်ရုံးကြီးကို ဝိုင်းဝန်းဆန္ဒပြ ပိတ်ဆို့ထားကြရာ နောက်ဆုံးတွင် အတွင်း ဝန်ရုံးကြီးကို ပိတ်လိုက်ရသည်။

 

အတွင်းဝန်ရုံးကြီး ပိတ်လိုက်၍ ကျောင်းသားထု တပ်ခေါက်ကာပြန်ရန် စီစဉ်နေခိုက် ဗြိတိသျှအစိုးရ လက်အောက်ခံ ပုလိပ်များက ကျောင်းသားထုအတွင်း အတင်းဝင်ရောက်ပြီး ၎င်းတို့၏ လက်ကိုင်တုတ်များဖြင့် အကြမ်းဖက်ရိုက်နှက်ကြတော့သည်။ ဆန္ဒပြကျောင်းသား ထဲမှ အယောက် (၂၀၀) ခန့် ဒဏ်ရာရရှိခဲ့ကြသည့်အထဲ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂခေါင်းဆောင် ကိုအောင်ကျော်လည်း ပါဝင်ခဲ့သည်။ ဒဏ်ရာရသူများကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြရာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သော ကိုအောင်ကျော်သည် ဒီဇင်ဘာလ ၂၂ ရက်နေ့ တွင် တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ဆုံးရှုံးခဲ့ရသည်။

 

ကျောင်းသားထု၏ တောင်းဆိုမှုအရ ကိုအောင်ကျော် ၏ ရုပ်အလောင်းကို (၇) ရက်မျှထားပြီး ၁၃၀၀ ပြည့်နှစ် ပြာသိုလဆန်း (၈) ရက်၊ ၁၉၃၈ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကြံတောသုသာန်၌ နိုင်ငံရေးခေါင်းဆောင် ဦးထွန်းရှိန်ဂူနှင့် ယှဉ်တွဲလျက် ဂူသွင်းသင်္ဂြိုဟ်ခဲ့သည်။

 

ဗိုလ်အောင်ကျော်လမ်းဟူ၍ ပြောင်းလဲခေါ်တွင်

 

တိုင်းပြည်အတွက် အသက်ပေးသွားသူ ကျောင်းသား ခေါင်းဆောင် ကိုအောင်ကျော်ကို ဂုဏ်ပြုစပ်ဆိုသော ကဗျာခေါင်းစဉ်မှာ “ဗိုလ်အောင်ကျော် နတ်သံ”ဟူ၍ အဘက တလေးတစား ရည်ညွှန်းခဲ့သည်။ ဗြိတိသျှအစိုးရက ဒုတိယကမ္ဘာစစ်အတွင်း အမှုထမ်းခဲ့သည့် သူတို့၏ ဘုရင့်ရေတပ်မတော် ကွန်မန်ဒို William Sparks ကို အစွဲပြု ဂုဏ်ယူကာ အမည်ပေးခဲ့သော ရန်ကုန်မြို့ စပတ်(စ်)လမ်းကို မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးသည့်နောက်ပိုင်း ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော်အား ဂုဏ်ပြုကာ ဗိုလ်အောင်ကျော်လမ်းဟူ၍ ပြောင်းလဲခေါ်တွင်စေခဲ့သည်။

 

နိဂုံးချုပ်အနေဖြင့် ဤနေရာတွင် ဦးလေးသန့်တင် ရေးခဲ့သောစာမှ မှတ်သားအတုယူဖွယ်၊ စိတ်ဝင်စားဖွယ် အရာတစ်ခုကို ထုတ်နုတ်ဖော်ပြလိုပါသည်။

 

နှစ်လခန့်အကြာ

 

၁၉၃၈ ခု နှစ်လယ်ပိုင်းလောက်တွင် မြန်မာနိုင်ငံ၌ လူမျိုးရေးအဓိကရုဏ်းကြီးတစ်ခု ဖြစ်ပွားခဲ့သည်။ ပြည်တွင်း ငြိမ်သက်ရေးအတွက် ဗြိတိသျှအစိုးရက ကြိုးပမ်းနေသည့် ကာလဖြစ်သည်။ ငြိမ်သက်မှုအတော်အသင့် ပြန်လည် ရရှိခါစ နှစ်လခန့်အကြာ ရေနံမြေမှ ချီတက်လာသည့် သပိတ်တပ်ကြီး ရန်ကုန်မရောက်အောင် ကြိုးစားကြသည်။

 

ထိုအချိန် ဦးလေးသန့်တင်က ရွှေဘိုမှာ ကျောင်းဆရာ ကြီးဖြစ်ပြီး ရွှေဘိုမြို့၌ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် ကာလဖြစ်သည်။ ရွှေဘိုကျောင်းသားများက သပိတ်ကြီးကို အားပေးကာ သပိတ်မှောက်တော့မည့် အခြေအနေရောက်၍ ကျောင်းများပိတ်လိုက်ရသည်။ ကျောင်းသားများ အာဏာ ဖီဆန် စီတန်းဆန္ဒပြကြလျှင် ပုဒ်မ ၁၄၄ နှင့် ထိပ်တိုက် တိုးကာ ဒုက္ခရောက်ကြတော့မည်။ ပုဒ်မ ၁၄၄ ကို အခြေအနေအရ ထုတ်ပြန်ရသူက ဦးလေးသန့်တင်နှင့် အဘတို့၏ စာပေနောင်တော်ကြီး မြို့ပိုင် ICS ဦးစိန်တင် (ကိုဝ/သိပ္ပံမောင်ဝ) ဖြစ်နေသည်။ ကျောင်းသားများကို ထိန်းထိန်းသိမ်းသိမ်းရှိရေး တာဝန်ရှိနေသူက ကျောင်းဆရာ ကြီး ဦးသန့်တင်၊ တကယ်တော့ ဦးသန့်တင်က သူကိုယ်တိုင် အမျိုးသားရေးဆန္ဒပြပွဲများကို စိတ်ဝင်စား အားပေးခဲ့သူ၊ သပိတ်မှောက်လျှင် ပါဝင်ခဲ့သူ၊ ဗြိတိသျှ လက်အောက်တွင် မနေလို၊ တိုင်းပြည်လွတ်လပ်ရေးကို လိုလားသူတစ်ဦးမို့ ကျောင်းသားများ၏ ခံစားမှုကို နားလည်သည်။

သို့သော်ငြားလည်း ကျောင်းဆရာတစ်ဦး အနေဖြင့် တပည့်ကျောင်းသားများ ရင်ဆိုင်ရမည့် အန္တရာယ်၊ ကျောင်းသားများ ဘေးကင်းရေးက အဓိက ဖြစ်သည်။ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသူ နိုင်ငံ့ဝန်ထမ်း၊ သူငယ်ချင်းမြို့ပိုင်က တစ်ဖက်၊ ကျန်တစ်ဖက်က ချုပ်ချယ်မှု မလိုလား အာဏာဖီဆန်ရန် တာစူနေကြသည့် သူချစ်သော၊ စာနာသော ကျောင်းသားများ။ ချစ်သူနှစ်ဦး ကြား ဗျာများနေရသူကတော့ ကျောင်းဆရာကြီး ဦးသန့်တင်။

 

နောက်ဆုံးတော့ တက္ကသိုလ်တစ်ကျောင်းထဲက ထွက်လာခဲ့ကြသည့် ညီတော်၊ နောင်တော် နှစ်ဦး၊ အခြေအနေအရ ကျရာတာဝန်ကိုထမ်းနေရသော်လည်း ကျောင်းသားများကိုချစ်ပြီး တိုင်းပြည်လွတ်လပ်ရေးကို လိုကြသူနှစ်ဦးတို့ ခေါင်းချင်းဆိုင် စိတ်စေတနာမှန်စွာ တိုင်ပင်ကာ ကျောင်းသားများ ဒုက္ခမရောက်ရေး အဖြေ ရှာနိုင်ခဲ့ပေသည်။ ။