ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်များ မျိုးဆက်သစ်များသို့ စဉ်ဆက်မပြတ်လက်ဆင့်ကမ်း

 

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ အနုပညာရှင် ၁၈၀၀ ကျော်တို့  ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် (၂၃) ကြိမ်မြောက် မြန်မာ့ ရိုးရာယဉ်ကျေးမှု  အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးမှာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။ နိုင်ငံတစ်ဝန်းမှ ရောက်ရှိ လာကြသည့် ပြိုင်ပွဲဝင်အနုပညာရှင် တိုင်းရင်းသား  တိုင်းရင်းသူ ညီအစ်ကိုမောင်နှမများ ဤပြိုင်ပွဲကြီးတွင် ဆုံစည်းခဲ့ကြပြီး ပြိုင်ပွဲ ကာလတစ်လျှောက် တစ်ဦး၏ အနုပညာကို တစ်ဦးက  လေ့လာ ခွင့်ရရှိခြင်း၊ တွေ့ဆုံရင်းနှီးခွင့် ရရှိခဲ့ခြင်းတို့ကလည်း  ပြိုင်ပွဲမှရရှိ သည့် အကျိုးတစ်ရပ်ပင်ဖြစ်သည်။

 


“မျိုးဆက်သစ်များအနေဖြင့်    ယခုပြိုင်ပွဲကြီးမှရရှိသည့် အောင်မြင်မှုများနှင့်အတူ  အမျိုးသားရေးစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်သွား ကြရန်၊ အတူတကွ ပြိုင်ပွဲဝင်ခဲ့ကြသည့် တိုင်းဒေသကြီး၊ ပြည်နယ် များအနေဖြင့် တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေရေး ဆက်လက်ကြိုးစားတည်ဆောက်သွားကြရန်၊ မိမိတို့ယဉ်ကျေးမှု၊ မိမိတို့ဓလေ့ထုံးစံမှသည် မိမိတို့နိုင်ငံနှင့် မိမိ တို့နိုင်ငံသားများအပေါ်  မျိုးချစ်စိတ်ဓာတ်နှင့်  ပြည်ထောင်စု စိတ်ဓာတ်    ခိုင်မာရှင်သန်ရေးကို    ဆက်လက်သယ်ဆောင်   လက်ဆင့်ကမ်းသွားကြရန်၊ ဝါရင့်အနုပညာရှင်၊ သက်ကြီးအကဲဖြတ် ပညာရှင်များအနေဖြင့်    မိမိတို့နှစ်ပေါင်းများစွာက   လေ့လာ သင်ယူခဲ့ရသည့်     အနုသုခုမပညာရပ်များကို    မျိုးဆက်သစ် သားငယ်သမီးငယ်များထံ စဉ်ဆက်မပြတ် လက်ဆင့်ကမ်း အမွေ ပေးဝေနိုင်ကြစေရေးတို့အတွက်   မိမိတို့၏    တစ်ကိုယ်ရေ  ကျန်းမာရေးမှအစ  အထူးဂရုပြု  စောင့်ရှောက်နေထိုင်ကြပါရန် အလေးအနက်ထား ပန်ကြားလိုပါကြောင်း” ဖြင့် နိုင်ငံတော်အကြီး အကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲနှင့်   ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက် ချီးမြှင့် အမှာစကားပြောကြားရာ၌  ထည့်သွင်းပြောကြားခဲ့ရာ မျိုးဆက်သစ်များနှင့်   ဝါရင့်အနုပညာရှင်ကြီးများက  အလေး အနက် ဆက်လက်ဆောင်ရွက်သွားကြမည်ဟု ယုံကြည်သည်။

 


ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေး စရိုက်လက္ခဏာ များကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ပိုမိုမြင့်မားအောင် မြှင့်တင် ခြင်းတို့မှာ နိုင်ငံနှင့်လူမျိုးကို ယဉ်ကျေးမှုမျက်နှာစာမှ ကာကွယ် စောင့်ရှောက်ခြင်းပင်ဖြစ်ပြီး    မျက်မှောက်ကာလနည်းပညာ ခေတ်တွင် မျိုးဆက်သစ်လူငယ်များ  မပျက်မကွက်  ကြိုးပမ်း ထမ်းဆောင်ကြရမည့်       အမျိုးသားရေးတာဝန်ပင်ဖြစ်ရာ အဆိုပါတာဝန်ကို   ထမ်းဆောင်လျက်ရှိကြသည့်  လူငယ် မျိုးဆက်များအား ထိုက်တန်စွာ  ဂုဏ်ပြုအပ်သည်သာ   ဖြစ်သည်။ အောင်မြင်စွာ   ကျင်းပပြီးစီးခဲ့ပြီဖြစ်သည့်  (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုတို့မှ  ပြိုင်ပွဲဝင် အမျိုးသား အမျိုးသမီး စုစုပေါင်း ၁၈၃၈ ဦး  ဝင်ရောက်ယှဉ်ပြိုင်၍ အနုပညာ အရည်အသွေးများကို ထုတ်ဖော်ပြသခဲ့ကြပြီး  ရွှေ၊ ငွေ၊  ကြေး၊ နှစ်သိမ့်ဆု၊ အထူးဆုများ ဆွတ်ခူးနိုင်ခဲ့ကြသည်။

 


ဆယ်စုနှစ်ထက်ဝက်ကျော်  ကြာမြင့်ပြီးနောက်မှ  ပြန်လည် ကျင်းပခဲ့ရသည့်  မြန်မာ့ရိုးရာယဉ်ကျေးမှု  အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးဆီသို့  ကိုဗစ်-၁၉ ကပ်ရောဂါ  အကန့်အသတ် အပါအဝင် အခက်အခဲများ၊ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှား ကာ တက်လှမ်းယှဉ်ပြိုင်နိုင်ခဲ့ကြသည့် မြေပြန့်တောင်တန်းဒေသ အသီးသီးတို့မှ မျိုးဆက်သစ် အနုပညာရှင်များအနေဖြင့် အနာဂတ် ပြိုင်ပွဲများတွင်လည်း ဆက်လက်ယှဉ်ပြိုင် အောင်ပွဲဆင်နိုင်ကြပါစေကြောင်း။        ။