သက်ကြီးစကားပြောကြားလို၍.....

Type
၁

ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်

=======================

 

သက်ကြီးစကားပြောကြားလို၍.....

====================

 

မနုဿကျော်ဝင်း (အမျိုးသားစာပေဆုရ)

 

ယခု မိမိအသက် (၇၅) နှစ် ရှိပါပြီ။ ၁၉၆၁ ခုနှစ်မှစ၍ ရန်ကုန်တက္ကသိုလ်တွင် ပညာဆည်းပူးခဲ့ရာ စနစ်ဟောင်း ရော စနစ်သစ်ပညာရေးကိုပါ မီခဲ့၏၊ ဖြတ်ကျော်ခဲ့ရ၏။ အစိုးရဌာနကြီးတစ်ခု၌ ဌာနအကြီးအကဲအဖြစ် တာဝန် ထမ်းဆောင်နေစဉ် ရန်ကုန်တက္ကသိုလ်ဌာနတစ်ခုတွင် ဘာသာရပ်ဆိုင်ရာ ပညာရှင်လိုအပ်ချက်အရ ဝန်ကြီးဌာန ချင်းညှိနှိုင်းပြီး မိမိအား အချိန်ပိုင်းပါမောက္ခအဖြစ် ခန့်ထားခဲ့သည်။ မူလညွှန်ကြားရေးမှူးချုပ် ရာထူးတာဝန် အပြင် အဆိုပါ အချိန်ပိုင်းပါမောက္ခတာဝန်ကိုပါ ပူးတွဲ ထမ်းဆောင်ခဲ့ရသည်။ ဘွဲ့လွန်ဒီပလိုမာနှင့် ပါရဂူဘွဲ့ သင်တန်းများကို သင်ကြားပို့ချပေးခဲ့ရသည်။ ၂၀၀၂ ခုနှစ် မှ စတင်ထမ်းဆောင်ခဲ့သော အချိန်ပိုင်းပါမောက္ခရာထူးတာဝန်ကို ယခုနှစ်တိုင်အောင် ဆက်လက်ထမ်းဆောင် လျက်ရှိရာ သက်တမ်း (၁၈) နှစ် ပြည့်လာပြီဖြစ်၏။

 

ရွေးချယ်တက်ရောက်ခွင့်ရှိ

 

မိမိတို့ (၁၀) တန်း အောင်မြင်သောနှစ်က အမှတ် စာရင်း တင်ပြရန်မလိုပါ။ ကြိုက်နှစ်သက်ရာ တက္ကသိုလ် ကို ရွေးချယ်တက်ရောက်ခွင့်ရှိကြ၏။ ပင်မတက္ကသိုလ်ကြီး ဟူ၍ ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်နှစ်ခု သာရှိ၏။ မိမိသည် ဆရာဝန်ဖြစ်လိုသောဆန္ဒရှိလျှင် ဘိုင်အိုဘာသာတွဲကို ယူရမည်။ အင်ဂျင်နီယာလိုင်းကို ဝါသနာပါလျှင် သင်္ချာနှင့် သိပ္ပံဘာသာတွဲကို ယူရမည်။ မြန်မာစာနှင့် အင်္ဂလိပ်စာကိုမူ ဘာသာရပ်တွဲတိုင်း၌ မယူ မနေရသင်ယူကြရမည်ဖြစ်၏။ ဒုတိယနှစ် (ဝါ) ဥပစာ တန်းအောင်မြင်ပြီးသောအခါ အရည်အချင်းပြည့်မီသူများ စာရင်းတွင်ပါဝင်လျှင် မိမိရည်မှန်းထားသော အသက်မွေး ဝမ်းကျောင်း မဟာဌာနများသို့ တက်ရောက်ခွင့်ရကြ၏။ အမှတ်မမီလျှင်တော့ ရိုးရိုးသိပ္ပံဘွဲ့၊ ဝိဇ္ဇာဘွဲ့သင်တန်းများ သို့ တက်ရောက်ကြရမည် ဖြစ်သည်။

 

ထိုစဉ်က ရန်ကုန်တက္ကသိုလ်တွင် ပါမောက္ခချုပ် တစ်ဦးသာရှိပြီး ၎င်း၏လက်အောက်တွင် faculty ခေါ် မဟာဌာနကြီးများရှိ၏။ သာဓကအားဖြင့် ဆေးပညာ မဟာ ဌာန၊ စက်မှုသိပ္ပံမဟာဌာန၊ သစ်တောသိပ္ပံမဟာဌာန၊ ဝိဇ္ဇာ မဟာဌာန၊ သိပ္ပံမဟာဌာန၊ လူမှုရေးသိပ္ပံမဟာဌာန စသည် ဖြင့်ရှိကြ၏။ မဟာဌာနတစ်ခုစီကို သက်ဆိုင်ရာ မဟာဌာန မှူးများက အုပ်ချုပ်စီမံ၏။ သို့ရာတွင် ထိုမဟာဌာနမှူးများ အားလုံးသည် ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်၏ လက်အောက်ခံများ ဖြစ်ကြသည်။ မန္တလေးတက္ကသိုလ်တွင် ထိုစဉ်က ပါမောက္ခချုပ်ဟူ၍ မရှိသေး။ အဓိပတိဟူ၍ ခန့်ထားပြီး ဆေးပညာမဟာဌာန၊ စိုက်ပျိုးရေး မဟာဌာန၊ ဝိဇ္ဇာမဟာဌာန၊ သိပ္ပံမဟာဌာန စသည်တို့ရှိကြ၏။ မဟာ ဌာနမှူးများသည် မန္တလေးတက္ကသိုလ်အဓိပတိ၏ လက်အောက်ခံများဖြစ်ကြ၏။

 

ပါမောက္ခချုပ်အသစ်အဖြစ် ခန့်အပ်ခြင်းခံရ

 

၁၉၆၁ ခုနှစ် ရန်ကုန်တက္ကသိုလ်သို့ မိမိစတင်ရောက်ရှိ သောနှစ်တွင် ပါမောက္ခချုပ်အသစ်အဖြစ် ခန့်အပ်ခြင်းခံရသူ မှာ ဘူမိဗေဒပါမောက္ခ ဒေါက်တာသာလှ ဖြစ်၏။ ပါမောက္ခ ချုပ်အသစ်က ရန်ကုန်တက္ကသိုလ်တွင် ပညာရေးစနစ်သစ် ပြောင်းလဲကျင့်သုံးမည်ဖြစ်ကြောင်း ကြေညာသည်။

ယခင် က တစ်နှစ်တွင် စာမေးပွဲ နှစ်ကြိမ်သာ ဖြေဆိုကြရ၏။ အောက်တိုဘာလတွင် နှစ်လယ်စာမေးပွဲနှင့် မတ်လတွင် အတန်းတင်စာမေးပွဲ ဖြစ်၏။ ယခု စနစ်သစ်အရ ဘာသာရပ် အလိုက် အမှတ် (၁၀၀) ကို ပထမလပတ် စာမေးပွဲအတွက် အမှတ် (၂၀)၊ ဒုတိယလပတ်အတွက် အမှတ် (၂၀) နှင့် နောက်ဆုံးစာမေးပွဲအတွက် အမှတ် (၃၀) စသည်ဖြင့် ခွဲဝေ သတ်မှတ်မည်။

လက်တွေ့လေ့ကျင့်ခန်းဖြေဆိုမှုများ အတွက် အမှတ်(၂၀) ၊ ကျောင်းတက်မှန်ကန်မှုအတွက် (၁၀) မှတ် စုစုပေါင်း အမှတ် (၁၀၀) ပေးမည်ဖြစ်ရာ အမှတ် (၄၀) သည် အောင်မှတ်ဖြစ်၏။ လပတ်စာမေးပွဲများကို ပုံမှန်ဖြေဆိုသွားလျှင်၊ လက်တွေ့လေ့ကျင့်ခန်းများကို ပုံမှန် ဖြေဆိုသွားလျှင်၊ ကျောင်းမှန်မှန်တက်လျှင် စာမေးပွဲ အောင်မြင်ရန် အခက်အခဲမရှိပါ။ သို့ရာတွင် နယ်ကျောင်း များမှ (၁၀) တန်းအောင်မြင်လာသူ မိမိကဲ့သို့ ကျောင်းသား များအဖို့မူကား ခက်ခဲ၏။ ဘာသာရပ်အလိုက် သင်ခန်းစာ များကို ကောင်းစွာနည်းမလည်သေးခင် တစ်လခန့်အကြာ၌ စာမေးပွဲဖြေဆိုရခြင်းမှာ မလွယ်ကူပါ။ အထူးသဖြင့် မိမိ သင်ယူနေသော ဘိုင်အိုဘာသာတွဲလို သိပ္ပံပညာရပ်များ ကို ရက်တိုတိုအတွင်း သင်ယူတတ်မြောက်နိုင်ရန်မှာ ခက်ခဲ လှ၏။ ထို့ကြောင့် မိမိအဖို့ စာမေးပွဲကျရှုံးရန် သေချာနေ၏။ ဤအခြေအနေကို သုံးသပ်မိသဖြင့် မဆိုင်းမတွပင် ဘိုင်အို သိပ္ပံဘာသာတွဲမှ ဝိဇ္ဇာဘာသာတွဲသို့ ပြောင်းလဲလိုက်၏။ ထိုစဉ်က တက္ကသိုလ်ဖွင့်ပြီး တစ်လအတွင်း ဘာသာတွဲများ ပြောင်းလဲလိုက ပြောင်းလဲခွင့်ပြုထား၏။ ထိုအခွင့်အရေးကို အသုံးချပြီး မိမိနှင့်အသင့်တော်ဆုံး ဘာသာတွဲတစ်ခုကို ပြောင်းလဲလိုက်ခြင်းဖြစ်၏။ လူမှန်လိုင်းမှန်ဖြစ်သွားသောကြောင့် အလွန်ပင်အဆင်ပြေ၏။ ကျောင်းနေပျော်၍ စာတော်လာရ၏။ တစ်ဖက်တွင်လည်း တက္ကသိုလ်အရန် တပ်ရင်းသို့ဝင်ပြီး အခြေခံစစ်ပညာများကို သင်ယူခဲ့၏။ တစ်ကိုယ်ရေစည်းကမ်းကောင်းမွန်ရေး၊ စုပေါင်းဆောင်ရွက် ရေးကိစ္စတို့အတွက် အလေ့အကျင့်ရရှိ၏။

 

ဘာသာရပ်ဆိုင်ရာ ရည်ညွှန်းစာအုပ်များ

 

အိုင်အေ (ခေါ်) ဒုတိယနှစ် ဥပစာတန်းကို အမှတ် ကောင်းကောင်းဖြင့် အောင်မြင်ခဲ့သောကြောင့် ဝိဇ္ဇာပထမ နှစ်တွင် ဂုဏ်ထူးတန်းတက်ခွင့်ရခဲ့၏။ မိမိစိတ်အဝင်စားဆုံး သော ဘာသာရပ်ကို ရွေးချယ်ပြီး ဂုဏ်ထူးတန်းတက်ရောက်ခဲ့ ၏။ စာသင်ခန်းတွင် ဆရာများ၏ သင်ကြားပို့ချပေးမှုကို ဂရုတစိုက် သင်ယူမှတ်သားရုံသာမက တက္ကသိုလ်ဗဟို စာကြည့်တိုက်နှင့် အခြားစာကြည့်တိုက်များသို့ သွားရောက် ၏၊ မိမိသင်ယူနေသော ဘာသာရပ်ဆိုင်ရာ ရည်ညွှန်းစာအုပ် များကို ရှာဖွေဖတ်ရှု၏၊ မှတ်စုစာအုပ်တွင် ကူးယူမှတ်သား ၏၊ ကျက်မှတ်၏၊ ပြင်ပဗဟုသုတဆိုင်ရာ စာအုပ်များကို လည်း ဥပေက္ခာပြုမထားဘဲ လေ့လာဖတ်ရှု၏။

 

ဂုဏ်ထူးတန်း ပထမနှစ် (အတန်းအားဖြင့် တတိယ နှစ်) တွင် အရေးအခင်းတစ်ခုကြောင့် တက္ကသိုလ်ကို ရက် အကန့်အသတ်မရှိ ပိတ်လိုက်၏။ ထိုစဉ်က နိုဝင်ဘာလတွင်ဖြစ်ရာ အတန်းတင်စာမေးပွဲကို ဖြေဆိုရန် လေးလခန့် လိုသေး၏။ နေရပ်သို့ပြန်ပြီး မိဘအိမ်တွင် နေထိုင်ကာ စာမေးပွဲကျင်းပမည့်အချိန်ကို စောင့်ဆိုင်း နေခဲ့ရ၏။ ကျောင်းမပိတ်မီအထိ သင်ကြားပြီးသမျှကိုသာ စာမေးပွဲတွင် မေးခွန်းထုတ်မည်ဟု ဖြေလျှော့ပေးခဲ့ပြီး စာမေးပွဲကိုလည်း မိမိနေထိုင်ရာပြည်နယ်အတွင်းရှိ သတ်မှတ် စာစစ်ဌာနကြီးတစ်ခုတွင် ဖြေဆိုခဲ့ရ၏။

 

သီးခြားတက္ကသိုလ်များ

 

စာမေးပွဲအောင်စာရင်းများထွက်ပြီး တက္ကသိုလ် များပြန်ဖွင့်သည့်အခါ တက္ကသိုလ်၏ ပညာရေးစနစ်က လုံးဝပြောင်းလဲသွားရ၏။ မိမိပညာသင်ယူနေရာ ပင်မရန်ကုန်တက္ကသိုလ်သည် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်ဘဝသို့ ပြောင်းလဲလာရသည်။ ထို့ပြင် ယခင် က မဟာဌာနများအားလုံး သီးခြားတက္ကသိုလ်များ ဖြစ်လာကြရ၏။ သာဓကအားဖြင့် ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ် စသည်ဖြင့် ပြောင်းလဲပေါ်ထွန်းလာကြရသည်။ သို့ရာတွင် တက္ကသိုလ် ဆိုသော်လည်း ယင်းတို့ကို အင်္ဂလိပ်လို Institute ဟုသာခေါ်၏။ ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်ကိုသာ University ဟု ခေါ်ဆို၏။ ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်တွင်လည်း စနစ် ဟောင်းကလို ဘာသာတွဲစနစ်ဖြင့် သင်ကြားခြင်းမျိုး မဟုတ်တော့။ ထိုစဉ်အခေါ် အဓိက (Major) နှင့် သာမန် ဘာသာ (Minor) ဟူ၍ ခွဲခြားသတ်မှတ်သင်ကြား၏။ ဂုဏ်ထူးတန်းကျောင်းသားဖြစ်သူ မိမိတို့မှာမူကား စနစ်ဟောင်း၏ နောက်ဆုံးအသုတ်ကျောင်းသား ကျောင်းသူများ ဖြစ်လာရသည်။ မိမိသည် စတုတ္ထနှစ် (ဝါ) ဒုတိယနှစ် ဂုဏ်ထူးတန်းတွင် တက်ရောက်နေရပြီဖြစ်ရာ ထိုနှစ်တွင် စာမေးပွဲဖြေဆိုရမည်မဟုတ်။ ပဉ္စမနှစ် (ဝါ) နောက်ဆုံးနှစ်ဂုဏ်ထူးတန်းတွင်မှ စာမေးပွဲဖြေဆိုရမည် ဖြစ်၏။

 

တက္ကသိုလ်ကျောင်းဆောင်များကိုလည်း အဓိက ဘာသာရပ်အလိုက် သတ်မှတ်နေထိုင်စေရာ မူလက နေထိုင် ခဲ့သော ပဲခူးဆောင်မှ ပင်းယဆောင်သို့ ပြောင်းရွှေ့နေထိုင် လာရ၏။ မိမိသည် ပင်းယဆောင်တွင် အဆောင်သာယာရေး ကော်မတီ၏ အတွင်းရေးမှူးအဖြစ် ရွေးချယ်တင်မြှောက် ခြင်းခံခဲ့ရသဖြင့် အဆောင်နှင့် အဆောင်သားတို့၏ အကျိုး ကို သယ်ပိုးဆောင်ရွက်ခွင့်ရခဲ့သည်။ “မြန်စာဂုဏ်” အမည်ရှိ စာစောင်များကို ပုံနှိပ်ထုတ်ဝေနိုင်ခဲ့သည်။

 

စာပေကျက်မှတ်ကြိုးစားခဲ့သဖြင့် မိမိသည် ဝိဇ္ဇာ (ဂုဏ်ထူးတန်း)ကိုလည်း ထူးထူးချွန်ချွန်အောင်မြင်ပြီး ဝိဇ္ဇာ (ဂုဏ်ထူးဘွဲ့) ရရှိခဲ့ပါသည်။ မဟာဝိဇ္ဇာတန်း အရည် အချင်းမီသဖြင့် တက်ရောက်ခွင့် ရရှိခဲ့ပါသည်။ ဘွဲ့လွန် သင်တန်းတက်ရောက်သောအခါ တက္ကသိုလ်ကျောင်းဆောင် တွင် နေထိုင်ခွင့်မရတော့ပါ။ ပြင်ပပုဂ္ဂလိကပိုင် အဆောင် တစ်ခုတွင် ငှားရမ်းနေထိုင်ရပြီး ထမင်းဟင်းကိုလည်း မိမိ ဘာသာ ချက်ပြုတ်စားသောက်ခဲ့ရပါသည်။ ထိုအခါတွင်မှ တက္ကသိုလ်ကျောင်းဆောင်တွင် နေထိုင်ရခြင်းဘဝကို အထူးပင်အောက်မေ့သတိရ လွမ်းဆွတ်မိလာရသည်။ မိမိတို့ခေတ်က ကျောင်းဆောင်တွင်နေထိုင်စရိတ်အတွက် တစ်လလျှင် ၅၇ ကျပ်သာ ပေးသွင်းရ၏။ ကောင်းမွန် လုံခြုံသောအခန်း၌ ရေမီးအပြည့်အစုံဖြင့် သက်သောင့် သက်သာနေထိုင်ရသည်။ တစ်နေ့လျှင် ထမင်း နှစ်နပ် အပြင် ကော်ဖီနှင့်မုန့်တို့ကိုလည်း ဝဝလင်လင် စားသောက် ရသည်။ ကျွေးမွေးသော ဟင်းလျာများမှာလည်း အသင့် အတင့်ကောင်းမွန်သည်။ ယခုပြင်ပပုဂ္ဂလိကပိုင် ကျောင်း ဆောင်တွင် နေထိုင်ရသောအခါ အထက်ပါအခွင့်အရေး များ၏ သုံးပုံတစ်ပုံခန့်သာရတော့၏။ ငွေလည်းကုန်သည်။ လူလည်းပင်ပန်းသည်။ ထို့ကြောင့် တက္ကသိုလ်ကျောင်း ဆောင်တွင် နေထိုင်ခဲ့ရခြင်းဘဝကို အလွန်နှမြောတသ၍ မဆုံးတော့ပါ။

သက်ကြီးစကား သက်ငယ်ကြားဆိုစကားအတိုင်း မျိုးဆက်သစ်တို့အနေဖြင့်-

(က) မိမိနှင့်အသင့်တော်ဆုံးသော ဘာသာရပ်မျိုးကို ရွေးချယ်၍ လေ့လာသင်ယူဆည်းပူးကြပါ၊ အတတ် နိုင်ဆုံး လိုင်းမှန်လူမှန်ဖြစ်စေရန် ကြိုးစားကြပါ။

 

(ခ) ဘွဲ့လက်မှတ်ရရုံလောက်သာ ခပ်ပေါ့ပေါ့ ရည်ရွယ် ချက်မျိုး မထားပါနှင့် မိမိလေ့လာသင်ယူသော ဘာသာရပ်ကို ထဲထဲဝင်ဝင် သိရှိနားလည်စေရန် အစွမ်းကုန်ကြိုးစားပါ။

 

(ဂ) အတန်းထဲတွင် ဆရာသင်ကြားပေးသော မှတ်စု လောက်ဖြင့် တင်းတိမ်ရောင့်ရဲခြင်းမျိုး မဖြစ်စေဘဲ တက္ကသိုလ်ဗဟိုစာကြည့်တိုက်ကြီးနှင့် အခြား စာကြည့်တိုက်များကို အားကိုးအားထားပြုကြပါ။ လေ့လာဖတ်ရှု မှတ်သားကြပါ။ စာများများ ဖတ်ပါ။

 

(ဃ) ဘွဲ့ရပြီး၍ အမိတက္ကသိုလ်ကို စွန့်ခွာလျှင် မိမိ လေ့လာသင်ယူခဲ့သော ပညာရပ်များကို ကျောင်း တွင် ချန်မထားခဲ့ကြပါနှင့်။

 

(င) မိမိလေ့လာသင်ယူခဲ့သော ပညာရပ်၊ ဘာသာရပ် တို့နှင့် မကိုက်ညီသည့်ဌာနမျိုး၊ လုပ်ငန်းမျိုးတွင် အကြောင်းမသင့်၍ တာဝန်ထမ်းဆောင်ရလျှင် လည်း စိတ်ဓာတ်မကျပါနှင့်။ မိမိလေ့လာဆည်းပူး ခဲ့သောဘာသာရပ်ကို တစ်ဖက်တစ်လမ်းမှ အသုံးချနိုင်ရန် ကြိုးပမ်းအားထုတ်ခြင်းဖြင့် နိုင်ငံတော်နှင့် အများပြည်သူတို့ကို အကျိုးပြုနိုင် ကြပါစေ။ ။