
ဆောင်းပါး
======
ရေရရှိရေးလက်ရှိအခြေအနေနှင့် လုပ်ဆောင်သင့်သည်များ
==================================
ကျော်ဦး
ပစ္စည်းအမယ်တစ်မျိုးရရှိနိုင်မှုသည် အမြဲတမ်းပုံသေ ဖြစ်နေပြီး ယင်းပစ္စည်းလိုအပ်ချက် မြင့်မားလာလျှင် ရှားပါး စာရင်းဝင်လာသည်။ ယင်းနိယာမအတိုင်း ကမ္ဘာ ပေါ်ရှိ ရေထုထည်သည် ကမ္ဘာတည်ဦးစကတည်းက ယနေ့အထိ ပုံသေဖြစ်နေသော်လည်း လိုအပ်ချက်မြင့်မား လာခြင်းကြောင့် ရှားပါးစာရင်းဝင်လာသည်။ ကိန်းဂဏန်း များဖြင့်ပြောရလျှင် ရေထုထည်သည် ၃၃၂ ဒသမ ၅ သန်း ကုဗမိုင်ခန့်တွင် မပြောင်းမလဲရှိနေသည်။ ရေကို အဓိက သုံးစွဲသည့်သက်ရှိဖြစ်သော လူတို့၏အရေအတွက်သည်မူ ၁၉၀၀ ပြည့်နှစ်က သန်း ၁၆၅၀ သာရှိခဲ့ရာမှ ၂၀၀၀ ပြည့်နှစ်တွင် သန်း ၆၀၀၀ ပြည့်ခဲ့ပြီး ယနေ့ သန်း ၇၈၀၀ ကျော်သွားသည်။ လူများလာရုံတင်မဟုတ် ရေသုံးစွဲမှု သည် လွန်ခဲ့သောနှစ်ပေါင်း ၄၀ ခန့်မှစတင်၍ တစ်နှစ် လျှင် တစ်ရာခိုင်နှုန်းဖြင့် တိုးတက်လာနေသဖြင့် ယနေ့ ကမ္ဘာတွင် ရေရှားလာနေခြင်း ဖြစ်သည်။
ရှားပါးအမယ်စာရင်းဝင်ရေသည် သာမန်မျှ မဟုတ်ဘဲ လူတို့အသက်ရှင်ရေးအတွက် မရှိလျှင်မဖြစ် ရကား ရေရရှိအောင်ကြိုးပမ်းကြရာတွင် အချို့နေရာများ၌ အလုအယက်ဖြစ်လာသည်။ တစ်ဦးချင်းသာမက အုပ်စု အချင်းချင်းအငြင်းပွားလာနေသည်။ မှတ်တမ်းများအရ ရေနှင့်ဆက်နွှယ်သောပဋိပက္ခများ ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၉ ခုနှစ်အတွင်း ၈၄ ကြိမ် ဖြစ်ပွားခဲ့ပြီး ၂၀၁၀ ပြည့်နှစ် မှ ၂၀၁၈ ခုနှစ်အတွင်း ၂၆၄ ကြိမ် ဖြစ်ပွားခဲ့ရာ အကြိမ် စိပ်လာသည်ကို တွေ့ရသည်။ တစ်ချိန်တွင် ပဋိပက္ခအဆင့် ကို ကျော်ကာ ရေစစ်ပွဲများပင် ပေါ်ပေါက်လာနိုင်သည့် အန္တရာယ်လည်း ရှိနေသည်။
မြို့ပြရေပြဿနာ
ရေစစ်ပွဲ ချက်ချင်းလက်ငင်း မပေါ်နိုင်သေးသော် လည်း ရေပြဿနာသည် မြို့ကြီးများ၌ သိသာစွာ ကြီးထွားလာလျက်ရှိသည်။ အချို့သော ဖွံ့ဖြိုးပြီးနိုင်ငံ များမှအပ နိုင်ငံတိုင်းလိုလို မြို့ပြကျေးလက်မခွဲဘဲ ရေပြဿနာနှင့် ရင်ဆိုင်နေရသော်လည်း လူနေသိပ်သည်း ပြီးသား မြို့ကြီးများသို့ လူများပိုမိုပြောင်းရွှေ့လာနေခြင်း၊ မြို့ပြတိုးချဲ့ရာ၌ ရေရရှိရေးကို အလေးထား မစဉ်းစား ခဲ့ခြင်းတို့ကြောင့် မြို့ပြရေမလုံလောက်မှုသည် တစ်စ တစ်စ ကြီးထွားလာနေခြင်း ဖြစ်သည်။ ထိုသို့ကြီးထွား လာနေစဉ်၌ပင် ကျေးလက်နေလူများ မြို့ပြသို့ဆက်တိုက် ပြောင်းရွှေ့လာခြင်းကြောင့် ယခုအခါ မြို့ပြလူဦးရေသည် ကျေးလက်လူဦးရေထက် ကျော်လွန်သွားပြီ ဖြစ်သည်။ ကမ္ဘာ့လူဦးရေ၏ ၅၅ ရာခိုင်နှုန်းသည် မြို့ပြများ၌ နေထိုင်နေကြသည်။
မလောက်မငအခြေအနေမှ ပို၍ဆိုးရွားလာကာ ဧရာမရေပြဿနာများနှင့်ရင်ဆိုင်နိုင်ရသည့် မြို့ကြီးများ ကို ပညာရှင်တို့က ခန့်မှန်းတွက်ချက်ထုတ်ပြန်ခဲ့ရာ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့၊ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၊ ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့၊ တရုတ်နိုင်ငံ ပေကျင်းမြို့၊ ဂျပန်နိုင်ငံ တိုကျိုမြို့၊ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့၊ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၊ ရုရှားနိုင်ငံ မော်စကိုမြို့၊ တူရကီ နိုင်ငံ အစ္စတန်ဘူလ်မြို့၊ အိန္ဒိယနိုင်ငံ ချင်းနိုင်နှင့်ဘန်ဂလို၊ တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့၊ မက္ကဆီကိုနိုင်ငံ မက္ကဆီကိုမြို့တော်၊ အမေရိကန်နိုင်ငံ မိုင်ယာမီမြို့တို့ ပါဝင်သည်။
ပညာရှင်တို့ခန့်မှန်းချက်ထွက်ပေါ်ပြီး နှစ်အနည်းငယ် အကြာတွင် အဆိုပါမြို့ကြီးများထဲမှ တောင်အာဖရိက နိုင်ငံ ကိပ်တောင်းမြို့နှင့် အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့ တို့သည် ရေလုံးဝပြတ်လုနီး အခြေအနေကို နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်လိုက်ရသည့် အဦးဆုံးမြို့ကြီးများ ဖြစ်လာ သည်။
ကိပ်တောင်းသည် တောင်အာဖရိကနိုင်ငံ တောင်ဘက်စွန်း ပင်လယ်ကမ်းစပ်၌ တည်ရှိသော မြို့ဖြစ်သည်။ လူဦးရေ လေးသန်းနေထိုင်သည်။ မိုးရေချိန် တစ်နှစ်လျှင် ပျမ်းမျှလက်မ ၂၀ ခန့် ရွာသွန်းသည်။ ရေကန်ကြီး ခြောက်ကန်မှ ရေများဖြင့် အဓိကပေးဝေ သည်။
ကိပ်တောင်း၏ကန်များသည် ၂၀၁၄ ခုနှစ်အထိ ရေပြည့်နေခဲ့သော်လည်း ၂၀၁၅ ခုနှစ်မှစကာ ၂၀၁၇ ခုနှစ် အထိ သုံးနှစ်ဆက်တိုက် မိုးခေါင်၍ ရေသိသာစွာ လျော့နည်း လာခဲ့သဖြင့် ၂၀၁၈ ခုနှစ် နှစ်ဆန်းကစ၍ ပေးဝေသော ရေပမာဏကို လျှော့ချသည်။ ရေကန်ကြီးများထဲတွင် ရေမည်မျှကျန်သည်၊ မည်သည့်နေရာက ရေမည်မျှ သုံးနေ သည် စသည်တို့ကို လမ်းဆုံလမ်းခွများတွင် အီလက်ထရွန် နစ်ဘုတ်များဖြင့် အသိပေး၍ ရေချွေတာလိုစိတ်ရှိလာ အောင် လှုံ့ဆော်သည်။ လူတစ်ဦးလျှင် တစ်ရက် ဂါလန် ၅၀ နှုန်းအထိ လျှော့ချပေးဝေသည်။ ရေတစ်ခါချိုးလျှင် နှစ်မိနစ်ထက် မပိုစေရန်၊ အိမ်သာသုံးပြီးတိုင်း ရေမဆွဲဘဲ နှစ်ခါ သုံးခါ ပေါင်းပြီးမှဆွဲရန်၊ ကားရေဆေးခြင်း၊ ရေကူးကန် ရေဖြည့်ခြင်းတို့ လုံးဝမလုပ်ရန် တိုက်တွန်းသည်။
ရေဖိုးတိုးမြှင့်ကောက်ခံခြင်း၊ ရေဖိအားလျှော့ပေးခြင်း စသည်တို့ဖြင့်လည်း ရေအသုံးနည်းလာအောင် စီမံသည်။ ရေအသုံးများသော အိမ်များကိုဖော်ထုတ်၍ ဒဏ်ငွေ အမြောက်အမြား ပေးဆောင်စေသည်။
မိုးဆက်ခေါင်နေသေးသဖြင့် လူတစ်ဦးလျှင် တစ်ရက် ၂၃ ဂါလန်နှုန်းအထိ ထပ်မံလျှော့ချပေးဝေသည်။ ၂၃ ဂါလန် သည် လူတစ်ဦး စက္ကန့် ၉၀ ရေချိုး၊ သောက်ရေ ဂါလန်ဝက်၊ လက်ဆေးခွက်တွင် တစ်ကြိမ်ဆေးကြော လျှော်ဖွပ်၊ ဟင်းတစ်ကြိမ်ချက်၊ လက်နှစ်ခါဆေး၊ သွားနှစ်ခါတိုက်၊ အိမ်သာအိုးတစ်ကြိမ် ရေဆွဲတို့အတွက်သာ လုံလောက် သည်။ ရေများများသုံး၍ ချက်ပြုတ်မည့်အစား ရေနည်းနည်း သာလိုသည့် အကင်၊ အကြော်တို့ကို ဦးစားပေးရန်၊ ဆေးကြောဖို့လိုသည့် ပန်းကန်များအစား တစ်ခါသုံး စက္ကူပန်းကန်နှင့် ခွက်တို့ကိုသာ သုံးရန်၊ ရေချိုးဇလုံထဲက ရေကို တစ်နည်းနည်းဖြင့် ပြန်သုံးရန်လှုံ့ဆော်ရသည်။ ကိပ်တောင်းသည် တောင်ခြေတွင်ရှိ၍ အချို့နေရာများ၌ စမ်းရေထွက်များရှိရာ ရေပုံးဆွဲ၍ တန်းစီရယူကြသည်။
မိုးမရွာနိုင်၍ လူတစ်ဦးလျှင် တစ်ရက် ၁၃ ဂါလန်နှုန်း အထိ လျှော့ချရပြန်သည်။ ရေပြတ်မည့်နေ့အတွက် ပြင်ဆင် ထားကြရန် မြို့နေလူထုအားအသိပေးသည်။ ရေပြတ် မည့်နေ့ဆိုသည်မှာ ဆေးရုံစသည့် မပေးမဖြစ် နေရာများမှ လွဲ၍ ကျန်အဆောက်အအုံအားလုံးသို့ ရေမပေးနိုင်သော နေ့ကို ခေါ်သည်။ ယင်းနေ့ကိုကြုံရလျှင် မြို့သူ မြို့သား တို့သည် လမ်းဘေးရေပေးစခန်း ၂၀၀ ခန့်သို့ သွားတန်းစီမှ လူတစ်ဦးလျှင် တစ်ရက် ခြောက်ဂါလန်ခွဲနှုန်းဖြင့် ရမည်။ ကံအားလျော်စွာ ရေပြတ်မည့်နေ့မရောက်မီ မိုးရွာချလိုက်၍ ကိပ်တောင်းသူ ကိပ်တောင်းသားများ သက်ပြင်းချနိုင် သွားသည်။
ချင်းနိုင်မြို့သည် အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်း တွင် တည်ရှိသည်။ လူဦးရေရှစ်သန်းကျော်နေထိုင်ပြီး တစ်နှစ်ပျမ်းမျှမိုးရေချိန် ၅၅ လက်မခန့် ရွာသည်။ ချင်းနိုင် မြို့ကို ကန်ကြီးလေးကန်ရှိရေတို့ဖြင့် အဓိကပေးဝေသည်။ အဝီစိတွင်းများနှင့် ရေချိုချက်စက်ရုံနှစ်ရုံလည်း ရှိသည်။
၂၀၁၆ ခုနှစ်မှစ၍ သုံးနှစ်ဆက်တိုက် မိုးခေါင်သဖြင့် ၂၀၁၉ ခုနှစ်တွင် ရေကန်ကြီးများ ခန်းသလောက် ဖြစ်သွား သည်။ ကျောင်း၊ ဟိုတယ်၊ စားသောက်ဆိုင်များကို ယာယီ ပိတ်လိုက်ရပြီး ရုံးဌာန ကုမ္ပဏီဝန်ထမ်းများကို ဖြစ်နိုင်သမျှ အိမ်မှ အလုပ်လုပ်ခိုင်းရသည်။ ရေသယ်ကားများ စီစဉ် ပေးသော်လည်း မလောက်သဖြင့် တစ်စီးလျှင် ရေဂါလန် ၂၅၀၀၀၀ ဆံ့သော ရေသယ်ရထား နှစ်စင်းဖြင့် နေ့စဉ် ရေသယ်ပေးရသည်။ အခြားမြို့က ရောက်လာသော ရေကားအချို့ကို မြို့လယ်မရောက်မီ ဆင်ခြေဖုံးရပ်ကွက်နေ သူများက တားဆီးပြီး ရေအကုန်ယူကြသည်။ ရေအလု အယက်ခပ်ရင်း ခိုက်ရန်ဖြစ်ပွားကြသည်။ လူသေဆုံးမှု များပင် ရှိသည်။ မိုးပြန်ရွာမှ ရေပြဿနာငြိမ်သွားသည်။
ကိပ်တောင်းနှင့် ချင်းနိုင်တို့၌ ရေပြဿနာတတ်ပုံ၊ ဖြေရှင်းပုံတို့ကို လေ့လာလျှင် နှစ်မြို့လုံးတွင် ကန်ရေကိုသာ အဓိကမှီခိုပေးဝေသည်။ နှစ်မြို့လုံးတွင် လူဦးရေများသဖြင့် ရေအသုံးများလာသော်လည်း ရေများများရလာအောင် ကြိုတင်စီမံမှု အလွန်အားနည်းသည်။ ရေပြတ်ပုံချင်း တူသော်လည်း ကိပ်တောင်းမြို့သားအများစုက စည်းကမ်း လိုက်နာကြပြီး အခက်အခဲကို ကျော်လွှားသည်။ ချင်းနိုင် တွင်မူ ဗရုတ်သုတ်ခနိုင်သည်။ ရေအတွက် လူသတ်သည် အထိ ဖြစ်ခဲ့သည်။
မြန်မာ့ရေအခြေအနေ
ရန်ကုန်တွင် မိုးရွာသွန်းမှုနည်း၍ သိုလှောင်ရေ သတ်မှတ်ပမာဏမပြည့်သဖြင့် ရေလျှော့ပေးနေရကြောင်း၊ ရေကို ယခုမှစ၍ ချွေတာသုံးစွဲကြရန် မေတ္တာရပ်ခံထား ကြောင်း သိရသည်။ ရေသုံးသူလူထုကလည်း စည်ပင်က မေတ္တာရပ်ခံသကဲ့သို့ အချိန်ပိုင်းမျှဝေ၍ အကျိုးရှိရှိ သုံးကြ ရမည်။ သို့သော် မေတ္တာရပ်ခံရုံမျှဖြင့် မရနိုင်ပါ။ ရေ၏တန်ဖိုး၊ ရေတစ်ပုံးဖြစ်လာရန် အဆင့်ဆင့်အားထုတ်ခဲ့ရပုံတို့ကို ကျယ်ပြန့်စွာ အသိပေးစည်းရုံးဖို့လိုမည်။ ရေဖြုန်းနေသူ တို့ကို ထိရောက်စွာ အရေးယူရမည်။ အကြောင်းအမျိုးမျိုး ကြောင့် မရသောရေခွန်ရေခများ၊ သတ်မှတ်သည်ထက် လျော့နည်း၍ရနေသော ရေခွန်ရေခများကို အပြည့်အဝ ရအောင် ကောက်ခံရမည်။ မိမိပိုက်ဆံအိတ်ကို ထိလာသည့် အခါ ရေအတွက် ပိုမကုန်အောင် အဖြုန်းတင်မက အသုံးပါ လျှော့ကြလိမ့်မည်။
ရေပြဿနာတတ်ခဲ့သော ကိပ်တောင်းနှင့် ချင်းနိုင် နှစ်မြို့အနက် ကိပ်တောင်း၏ရေအခက်အခဲကိုကျော်လွှား ခဲ့ပုံသည် ရန်ကုန်အတွက် ကောင်းမွန်သောနမူနာ ဖြစ်သည်။
ရန်ကုန်ကို ခေါင်းတပ်ပြောနေသော်လည်း ရေရှားပါးမှုပြဿနာသည် နိုင်ငံအနှံ့ တစ်နှစ်ထက်တစ်နှစ် တဖြည်းဖြည်း ကျယ်ပြန့်လာနေသော ပြဿနာဖြစ်သည်။ စင်စစ် တစ်နိုင်ငံလုံး ခြုံကြည့်လျှင် မြန်မာသည် ရေအရင်း အမြစ် လွန်စွာပေါကြွယ်ဝသောနိုင်ငံ ဖြစ်သည်။ နိုင်ငံ၌ရှိသည့် ပြန်လည်ပြည့်တင်းနိုင်သောရေပမာဏသည် တစ်နှစ်လျှင် ကုဗမိုင် ၂၇၀ ရှိပြီး သုံးစွဲမှုသည် ရှစ်ကုဗမိုင်သာ ရှိသည်။ ပြန်လည်ပြည့်တင်းနိုင်သောရေဆိုသည်မှာ သဘာဝ အလျောက်ပြန်ပြည့်သော မြစ်ချောင်း၊ အင်းအိုင်ရေများနှင့် မြေအောက်ရေအချို့ ဖြစ်ကြသည်။
မြန်မာနိုင်ငံတွင် ရေပေါများသော်လည်း အချိန်ကာလ အားဖြင့်ရော နေရာအားဖြင့်ပါ မိုးရွာသွန်းမှု မညီမျှခြင်း ကြောင့် နွေရောက်တိုင်း ရေအခက်အခဲ ဖြစ်ပေါ်နေသည်။ တစ်နှစ်တွင် သုံးလကျော်သာ မိုးရွာပြီး ကမ်းရိုးတန်း ဒေသများတွင် မိုးများကာ ကျန်ဒေသများ၌ မိုးနည်းသည်။
မိုးရွာချိန်တိုးလာရန်၊ မိုးရွာဒေသများလာရန် လုပ် ဆောင်ရန် မဖြစ်နိုင်ရကား ပေါကြွယ်သည့် ရေအရင်း အမြစ်ကို တတ်နိုင်သမျှ ဖြန့်ကြက်ကာ ဒေသတိုင်း အလုံ အလောက်ရရန် ဆောင်ရွက်နိုင်ခြင်းသည် ကောင်းမွန်သော ရေအရင်းအမြစ်စီမံခန့်ခွဲခြင်းပင် ဖြစ်သည်။ မြန်မာနိုင်ငံ၌ ရေအခက်အခဲ များပြားလာခြင်းက ရေအရင်းအမြစ် စီမံ ခန့်ခွဲခြင်းတွင် လိုအပ်ချက်များရှိနေကြောင်း ညွှန်ပြနေ သည်။
မိုးရွာသည့်လထက် မိုးပြတ်သောလက များနေ ခြင်း၊ နိုင်ငံဧရိယာကျယ်ဝန်းနေခြင်း၊ ရေစီမံချက် အား နည်းခြင်းတို့အပေါ် ရာသီဥတုပြောင်းလဲမှုကထပ်ဆင့် သက်ရောက်ထိခိုက်လာသောအခါ ရေရှားပါးဒေသ တစ်နှစ်ထက်တစ်နှစ် တိုးပွားဆိုးရွားလာရသည်။
ယင်းဖြစ်ရပ်သည် ဝင်ငွေပုံသေရှိနေသော မိသားစု တွင် အိမ်သားတိုးပွားကာ စားအိုးကြီးလာခြင်းနှင့် တူသည်။ စားအိုးကြီးလာလျှင် ရသမျှဝင်ငွေနှင့် တင်းတိမ် နေ၍ မဖြစ်တော့ဘဲ နည်းလမ်းမျိုးစုံရှာကြံ၍ ဝင်ငွေ တိုးပွားလာအောင် အလုပ်လုပ်နိုင်သူမိသားစုတိုင်း အားထုတ်ကြရသကဲ့သို့ ရေရှားလာသော အခြေအနေကို ကျော်လွှားရန် ရေသုံးစွဲသူတိုင်း ရေအရင်းအမြစ်မျိုးစုံကိုတိုးချဲ့ရှာဖွေ၍ အကျိုးရှိစွာ သုံးစွဲနိုင်အောင် လုပ်ဆောင် ကြရမည်။
မိုးရေကိုအသုံးချ
အမျိုးမျိုးသောရေအရင်းအမြစ်များထဲတွင် နိုင်ငံ့ အခြေအနေနှင့်အကိုက်ညီဆုံး၊ လက်တွေ့လည်း အကျ ဆုံးဖြစ်ပြီး အမြန်ဆုံး အကောင်အထည်ဖော်နိုင်သည်မှာ မိုးရေကို အကျိုးရှိရှိအသုံးချရေး ဖြစ်သည်။ လက်ရှိသုံးစွဲ နေသော ကန်ရေ၊ မြစ်ရေ၊ မြေအောက်ရေတို့၏ မူလ ဇာစ်မြစ်သည် မိုးရေပင် ဖြစ်သည်။ သို့သော် မိမိရပ်ရွာ ဒေသအပေါ်၊ မိမိတို့၏ ခြံဝင်းပေါ်၊ အိမ်အမိုးပေါ် တိုက်ရိုက် ရွာကျ လာသော မိုးရေကိုမူ ခံယူသုံးစွဲမှု နည်းသေးသည်။
မိုးရေသည် သဘာဝတရားက ပင်လယ်ရေငန်ကို နေရောင်ဖြင့် အပူပေးချက်လုပ်ကာ မိမိရပ်ရွာခြံဝင်းပေါ်သို့ အခမဲ့သယ်ဆောင်ရွာချပေးသော ရေချိုများဖြစ်ကြ သည်။ မိုးနည်းလွန်းသော သို့မဟုတ် ရသည့် မိုးရေဖြင့် မလုံလောက်သော ကမ်းရိုးတန်းနိုင်ငံအချို့သည် ပင်လယ် ရေငန်ကို ငွေကုန်ကြေးကျ အမြောက်အမြားခံ၍ ရေချို ချက်လုပ်ရယူနေကြသည့်အချိန်တွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံအချို့၌ အခမဲ့ရသောမိုးရေကို အကျိုးရှိရှိ အသုံးမချ နိုင်၍ ပင်လယ်ထဲသို့ ပြန်လည်စီးဝင်သွားခြင်းမှာ များစွာ နှမြောဖွယ်ကောင်းလှသည်။
တစ်ကမ္ဘာလုံးပျမ်းမျှယူလျှင် မိုးရေ ၄၀ ရာခိုင်နှုန်း ကိုသာ လူတို့ရယူအသုံးချနိုင်ကြပြီး ကျန် ၆၀ ရာခိုင်နှုန်း သည် မသောက်ရမသုံးရဘဲ အငွေ့ပျံခြင်း၊ မြစ်ချောင်း များမှတစ်ဆင့် ပင်လယ်ထဲသို့ စီးဝင်ခြင်းတို့ဖြင့် ဆုံးရှုံး နေသည်။
အမှုမဲ့ဆိုလျှင် မိမိတို့၏အိမ်အမိုးပေါ် ရွာကျလာ သော မိုးရေပမာဏက မများလှဟု ထင်စရာဖြစ်သည်။ တစ်နှစ်မိုးရေချိန် လက်မ ၂၀ ရွာသောဒေသရှိ စတုရန်းပေ ၄၀၀ သို့မဟုတ် ပေ ၂၀ ပတ်လည် အမိုးတစ်ခုအပေါ် ရွာကျသောမိုးရေသည် ဂါလန် ၃၀၀၀ မျှ ရှိသည်။ ယင်း ပမာဏမှ ဂါလန် ၁၀၀၀ မျှကို နည်းလမ်းမှန်ကန်စွာ ဆောက်လုပ်ထားသော မိုးရေခံစနစ်ဖြင့် ခံယူသိုလှောင် နိုင်လျှင်ပင် မိုးပြတ်သည့်ခြောက်လအတွင်း လူခြောက်ဦး ရှိ မိသားစုတစ်စုအတွက် သောက်ရေဖူလုံသည်။ ထို့ကြောင့် မိုးရေခံစနစ်၊ မိုးရေလှောင်ကန်များသည် မိုးအနည်းဆုံးဒေသများ၏ သောက်ရေအခက်အခဲကို ကောင်းစွာဖြေရှင်းပေးနိုင်ကြောင်း ထင်ရှားနေသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မိုးရေခံစနစ်များ တည်ဆောက်အသုံးချ၍ မိုးရွာတုန်းရေခံကြရန် ယခုနှစ် မိုးဦးကျက တိုက်တွန်းနှိုးဆော်ခဲ့သည်။
သို့သော် လိုက်နာအကောင်အထည်ဖော်မှု ရှိသင့်သလောက် မရှိဟု မြင်သည်။ အမှန်တကယ်လုပ်ခဲ့သင့်ပါလျက်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း တိုက်တွန်း ခဲ့ပါလျက်နှင့် အကြောင်းကြောင်းကြောင့် မလုပ်နိုင် ခဲ့လျှင် မိုးပြတ်သွားပြီဖြစ်သော ယခုအချိန်သည် အိမ်သုံး၊ ရပ်ရွာသုံး မိုးရေခံစနစ်များကို စတင်ဆောက်လုပ်ကြရန် အချိန်ကောင်းပင် ဖြစ်သည်။ ယခုခြောက်သွေ့ရာသီတွင် စဆောက်မှ လာမည့် မိုးတွင်း ၌ ရွာကျလာမည့်မိုးရေများကို အပြည့်အဝ သိုလှောင်ကာ နောက်နောင်နွေများတွင် အသုံးချနိုင်လိမ့်မည်။
မိုးရေခံစနစ်ဟုဆိုရာတွင် မြေပေါ်အုတ်ကန်၊ ကွန်ကရစ်ကန်၊ မြေသားကန်များကိုသာ ဆိုလိုခြင်း မဟုတ်ပေ။ မြေအောက်ရေကြောများထဲသို့ မိုးရေများ ဖြည့်သွင်းထားခြင်းဖြင့်လည်း လိုသည့်အချိန်တွင် ပြန်လည်ထုတ်ယူသုံးစွဲနိုင်သည်။ အိန္ဒိယနိုင်ငံသည် ယင်းစနစ်ကို ကျယ်ပြန့်စွာ အသုံးပြုနေသောနိုင်ငံ ဖြစ်သည်။ အိန္ဒိယမြို့ကြီး အချို့တွင် အဆောက်အအုံများ ဆောက်လုပ်သည့်အခါ မိုးရေခံယူကာ မြေအောက် ရေကြောထဲသို့ဖြည့်ပေးသောစနစ်ပါ ထည့်သွင်း ဆောက်လုပ်ရန် ဥပဒေပြဋ္ဌာန်းထားသည်။
မိုးနည်းရေရှားအရပ်တွင် တွေ့ရတတ်သော သဲချောင်းများ၌လည်း မိုးရေကိုသိုလှောင်နိုင်သည်။ သဲလုံးများအကြား လွတ်နေသောကွက်လပ်များတွင် မိုးရေသိုလှောင်သောစနစ် ဖြစ်သည်။ သဲချောင်းများတွင် ရေစီးကို ကန့်လန့်ဖြတ်၍ အောက်ခံမြေမာအထိတူးချပြီး အုတ် သို့မဟုတ် ကွန်ကရစ်ဖြင့် တမံနိမ့်တည်ဆောက် သည်။ မိုးရေစီးဆင်းလာသည့်အခါ တမံနောက်တွင် သဲနှင့်ရေများ ကျန်ရစ်ပြီး တမံထိပ်အထိ တဖြည်းဖြည်း မို့တက်လာသည်။ မျက်မြင်၌ သဲကိုသာ တွေ့ရသော်လည်း သဲထု၏ ၂၅ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ ရေများ ဖြစ်ကြသည်။ ယင်းရေများကို လက်ယက်တွင်းများ ဖြင့်လည်းကောင်း၊ လက်ဆွဲတုံကင်များဖြင့်လည်းကောင်း ရယူအသုံးချနိုင်သည်။ တမံကို မြေပေါ်မဟုတ်ဘဲ သဲထု အောက်တွင် မြှုပ်၍လည်း တည်ဆောက်နိုင်သည်။ သဲတမံများ၏ အဓိကအားသာချက်မှာ မြေပေါ် ဟင်းလင်းပွင့် ရေကန်ကဲ့သို့ အငွေ့ပျံဆုံးရှုံးမှုမရှိခြင်း ဖြစ်သည်။ အာဖရိကတိုက် မိုးနည်းဒေသကျေးရွာ အများအပြားတွင် သဲတမံများဖြင့် ရေအခက်အခဲကို အောင်မြင်စွာ ကျော်လွှားနေကြသည်။ မြန်မာနိုင်ငံတွင် သဲတမံအချို့ရှိသော်လည်း ယခုထက် ကျယ်ပြန့်စွာ ဆောက်လုပ်အသုံးပြုဖို့ လိုနေသေးသည်။
ရေတွင်းနှင့်အဝီစိတွင်း အဟောင်းအသစ်များထဲသို့ မိုးရေဖြည့်ခြင်းကို တစ်နိုင်တစ်ပိုင် လုပ်ဆောင်နေသူများ ရှိသော်လည်း အဆိုပါရေဖြည့်စနစ်များနှင့် သဲတမံများကို ဘူမိပညာရှင်များ၏အကူအညီဖြင့် လုပ်ဆောင်ပါက ပိုစနစ်ကျ ရလဒ်ပိုကောင်းလာမည်။
ရေရှားလာသောကမ္ဘာ၌ မြစ်ရေ၊ ကန်ရေ၊ မြေအောက် ရေများအပြင် ပင်လယ်ရေငန်မှ ရေချိုချက်ခြင်း၊ ရေဆိုး ပြန်လည်သန့်စင်အသုံးချခြင်းတို့ကိုလည်း လုပ်ဆောင် သင့်သည့် အရင်းအမြစ်များအဖြစ် လက်ခံလာကြသည်။ ကုန်ကျစရိတ်မြင့်မားနေသေးသည့်အတွက် ယင်းတို့သည် အချို့နိုင်ငံများအတွက် အနည်းငယ် အလှမ်းဝေးနေသေး သော်လည်း အခြေအနေပေးလာသည်နှင့်အမျှ မဖြစ်မနေ လုပ်ဆောင်လာကြရမည့် နည်းပညာများ ဖြစ်ကြသည်။
ရေအလေအလွင့်လျှော့ချရေးနှင့် ချွေတာသုံးစွဲမှု
ကုန်ကျစရိတ်မရှိသည့်အပြင် ချက်ချင်းထလုပ်၍ ရပြီး အကျိုးရှိစွာသုံးစွဲနိုင်သည့်ရေပမာဏတိုးမြင့်လာသော ကြောင့် “အရင်းအမြစ်”တစ်ခုသဖွယ် သဘောထားခံနေ ရသည့် လုပ်ဆောင်ချက်မှာ ရေချွေတာသုံးစွဲမှုနှင့် အလေ အလွင့် လျှော့ချရေး ဖြစ်သည်။
တစ်ဖက်က ရေအရင်းအမြစ်အသစ်များကို ငွေကုန် ကြေးကျခံ၍ရှာဖွေနေချိန်တွင် ရေအလေအလွင့်ကို မထိန်းနိုင် မလျှော့နိုင်လျှင် အိတ်ပေါက်နှင့် ဖားကောက် သကဲ့သို့ဖြစ်နေကြောင်း သဘောပေါက်လာကြပြီဖြစ် သည်။
ခန့်မှန်းတွက်ချက်မှုတစ်ခုအရ တစ်ကမ္ဘာလုံးရှိ ရေပေးရေးစနစ်များမှ ပေးဝေနေသော ရေများအနက် တစ်ရက်လျှင် ရေလီတာ ဘီလီယံပေါင်း ၃၅၀၀ ခန့်သည် ပိုက်လိုင်းယိုစိမ့်မှု၊ ဖြုန်းတီးမှုစသည့် အကြောင်းအမျိုးမျိုး ကြောင့် လေလွင့်ဆုံးရှုံးနေသည်ဟု ဆိုသည်။ ယင်းသည် ရန်ကုန်မြို့ကို တစ်နှစ်ကြာပေးဝေနေသော ရေပမာဏနှင့် အကြမ်းအားဖြင့် တူညီသည်။
ဂျာမနီ၊ ဒိန်းမတ်တို့ကဲ့သို့ ပြုပြင်ထိန်းသိမ်းမှု ကောင်းသော နိုင်ငံများတွင်ပင် လေလွင့်ဆုံးရှုံးသော ရေပမာဏသည် ပေးဝေပမာဏ၏ ခုနစ်ရာခိုင်နှုန်း၊ ကနေဒါ နိုင်ငံ မွန်ထရီယယ်နှင့် အီတလီနိုင်ငံ နေပယ်လ်မြို့တို့တွင် ၃၀ ရာခိုင်နှုန်းကျော် ရှိနေသည်။ ရန်ကုန်တွင် တစ်ရက်တာ ပေးဝေသော ရေဂါလန် ၂၀၅ သန်းအနက် လေလွင့်ဆုံးရှုံးမှု ၃၀ ရာခိုင်နှုန်းနှင့်တွက်လျှင်ပင် တစ်ရက် ရေဂါလန်သန်း ၆၀ ကျော် ဆုံးရှုံးသည်။ ရန်ကုန်ရေပေးရေး ကန်လေးကန် အနက် ဖူးကြီးကန်မှ တစ်ရက်လျှင် ရေဂါလန် ၅၄ သန်း ပေးနိုင်ရာ ရေဂါလန်သန်း ၆၀ ကျော်ကို မဆုံးရှုံးအောင် စီမံနိုင်ခြင်းသည် ဖူးကြီးကန်ကဲ့သို့သော ရေအရင်းအမြစ် တစ်ခုကို ရှာဖွေသုံးစွဲနိုင်ခြင်းနှင့်အတူတူပင် ဖြစ်သည်။
ရန်ကုန်၌ တကယ်လေလွင့်နေသောရေပမာဏသည် ထို့ထက်များနိုင်ရာ အမှန်နှင့်အနီးစပ်ဆုံး ကိန်းဂဏန်းကို လေ့လာတွက်ချက်၍ အများသိအောင် ထုတ်ပြန်ပေးလျှင် ယခုကဲ့သို့ ကန်ရေလျော့နည်းလာချိန်တွင် ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာကာ ဆုံးရှုံးမှုပမာဏ ကို အထိုက်အလျောက် လျှော့ချနိုင်သည့်အပြင် ရေချွေတာ သုံးစွဲတတ်သည့် အလေ့အကျင့်များ တိုးပွားလာနိုင်သည်။ တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့ ရေလုံးဝပြတ်မည့် အရေးမှ ရှောင်လွှဲနိုင်ခဲ့ခြင်းသည် ပြည်သူများတာဝန်သိစွာ ပူးပေါင်း၍ ရေသုံးစွဲမှု လျှော့ချခြင်းက အဓိကဖြစ်သည်။
ရာသီဥတုပြောင်းလဲ
အရင့်အရင်အချိန်များက မိုးနည်းနှစ် နောက်ပိုင်းတွင် မိုးပြန်မှန်လာသဖြင့် ရေအခက်အခဲ မကြီးမားခဲ့သော်လည်း ရာသီဥတုပြောင်းလဲမှု၏ ရိုက်ခတ်မှုကို ခံရမည့်နိုင်ငံများ ထဲတွင် ထိပ်ပိုင်းမှပါဝင်သည့် မြန်မာနိုင်ငံတွင် မိုးပြန်မှန် လာမည်ဟုပုံသေတွက်၍ မရနိုင်တော့ချေ။ ကိပ်တောင်းနှင့် ချင်းနိုင်တို့တွင်ကဲ့သို့ နှစ်ရှည်မိုးနည်းလာခဲ့လျှင် မည်သို့ လုပ်ဆောင်မည်နည်းဆိုသည်ကို အလေးအနက် စဉ်းစား ပြင်ဆင်ထားဖို့ လိုအပ်သည်။
ရာသီဥတုပြောင်းလဲမှုနှင့်အတူ ရေအခက်အခဲ သည်လည်း ယခုရာစုနှစ်အတွင်း ပို၍ဆိုးရွားလာရန်သာ ရှိသဖြင့် ယခုထက်ပိုအာရုံစိုက်ကာ ပံ့ပိုးမှုများ ပိုပေးဖို့ လိုလာသည်။
နိုင်ငံတစ်နိုင်ငံ၏ အခြေခံအဆောက်အအုံများ အနက် ထိပ်ဆုံးတွင်ပါသည့် ရေနှင့်လျှပ်စစ်တို့ကို ယှဉ်ပြောလျှင် လျှပ်စစ်လုံလောက်ရေးသည် ဘတ်ဂျက် ရှိလျှင် ရှိသည့်အတိုင်း ပြီးမြောက်အောင်မြင်နိုင်သည်၊ အယ်လ်အင်န်ဂျီ ခေါ် သဘာဝဓာတ်ငွေ့ရည်များကို ဝယ်ယူကာ လျှပ်စစ်လုံလောက်အောင် ဆောင်ရွက် နေသည့်နည်းအတိုင်း လျှပ်စစ်ထုတ်နိုင်သည့်အရင်းအမြစ် များ မိမိထံ၌ မရှိလျှင် အခြားမှဝယ်ယူနိုင်သည်။
ရေကိုမူ ဘတ်ဂျက်ရှိတိုင်း လုံလောက်အောင် မရနိုင်ချေ။ ပြည်တွင်း၌ ရေအရင်းအမြစ် လုံလောက်စွာ ရှိဖို့လိုသည်။ ငွေအရင်းအမြစ် အလျှံပယ်ပေါများသော် လည်း ရေအရင်းအမြစ် ချို့တဲ့လှသဖြင့် ရေချွေတာရေးကို နိုင်ငံတော်အဆင့်၌ ဦးစားပေးထားရှိကာ ကြိုးပမ်း နေရသော ဆော်ဒီအာရေဗျကို ကြည့်နိုင်သည်။
မြန်မာနိုင်ငံတွင်မူ တစ်နိုင်ငံလုံးခြုံကြည့်လျှင် ရေအရင်းအမြစ်လုံလောက်ရုံတင်မက ပိုလျှံ၍ပင် နေသော်လည်း မှန်ကန်ကောင်းမွန်သော စီမံခန့်ခွဲမှု လိုအပ်နေသဖြင့် ရေရှားဒေသများ ကျယ်ပြန့်လာသော အခြေအနေကို တားဆီးကျော်လွှားနိုင်ရန် နိုင်ငံတော်က အချိန်မဆိုင်းဘဲ ကူညီပံ့ပိုးရန် လိုအပ်သည်။
အချိန်မဆိုင်းဘဲဟု ဆိုရခြင်းမှာ ရေပေးဝေရေး စနစ်တစ်ခုတည်ဆောက်ပြီးစီးရန် ပမာဏတူ လျှပ်စစ် ပေးဝေရေးစနစ်ထက် အချိန်များစွာပိုယူရသဖြင့် တတ်နိုင်သမျှ စောစီးစွာ စတင်ကိုင်တွယ်ထားမှ မလိုလား အပ်သော ပြဿနာများကို ရှောင်ကွင်းနိုင်ပါကြောင်း ရေးသားတင်ပြရပါသည်။ ။
- Log in to post comments