သွင်းကုန်အစားထိုး ကုန်ထုတ်လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးရေး ကြိုးပမ်းဆောင်ရွက်

မိမိတို့နိုင်ငံတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင် ရေးအတွက် အခြေခံကောင်းများ ရှိထားသည်။ စိုက်ပျိုးမွေးမြူ ရေး ကုန်ထုတ်လုပ်ငန်းများက နိုင်ငံ့လူဦးရေ ၇၀ ရာခိုင်နှုန်း ပါဝင် မှီခိုနေကြရသည့် အဓိကစီးပွားရေးလုပ်ငန်းများဖြစ်သည့်အတွက် မိမိတို့နိုင်ငံတွင် မည်သည့်အခါမျှ စားနပ်ရိက္ခာပြတ်လပ်မှုမရှိ။ သို့ရာတွင် ကုန်ကြမ်းထုတ်ရောင်းသည့် အဆင့်၌သာရှိပြီး ကုန်ချောထုတ်လုပ်နိုင်သည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ အားကောင်းမောင်းသန်မရှိခြင်း၊ လုပ်ငန်း ရှင်များအနေဖြင့်လည်း ကုန်ထုတ်လုပ်မှုထက် ကုန်သွယ်မှုလုပ်ငန်း များကိုသာ ပိုမိုလုပ်ကိုင်ကြခြင်း စသည်တို့ကြောင့် နိုင်ငံဖွံ့ဖြိုး တိုးတက်မှုမှာ နှေးကွေးနေရသည်။ ပြီးခဲ့သည့် အစိုးရလက်ထက်တွင် ပြည်တွင်းကုန်ထုတ်လုပ်မှု ကို အားပေးဆောင်ရွက်ခဲ့ခြင်းမရှိဘဲ သွင်းကုန်ကို အဓိကထားခဲ့ ခြင်းကြောင့် ကုန်သွယ်မှုလိုငွေပြမှု ဖြစ်ပေါ်ခဲ့ရသည်။ ပြည်ပမှ ကုန်ပစ္စည်းများ တင်သွင်းရာတွင် ပြည်တွင်း၌ ထုတ်လုပ်နိုင်သည့် ကုန်ပစ္စည်းများကိုပါ တင်သွင်းခြင်းဖြင့် ပြည်တွင်းကုန်ထုတ်လုပ် မှုများကို ထိခိုက်စေနိုင်ပြီး ရေရှည်တွင် နိုင်ငံ့စီးပွားဖွံ့ဖြိုးမှုအတွက် အဓိကအရေးပါသည့် MSME လုပ်ငန်းများကို အားနည်းချည့်နဲ့ သွားစေနိုင်သည်။ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ဆုံးရှုံးစေနိုင်သည်။ ပြည်တွင်း၌လိုအပ်သည့် ကုန်ပစ္စည်း များကို ပြည်ပမှ ဝယ်ယူတင်သွင်းရာတွင် ပြည်တွင်း၌ ထုတ်လုပ် နိုင်သည့် ကုန်ပစ္စည်းများတင်သွင်းမှုကို ကန့်သတ်ထိန်းချုပ်ခြင်း၊ သွင်းကုန်အစားထိုးကုန်ပစ္စည်းများကို အရည်အသွေးကောင်းမွန် စွာ ပြည်တွင်း၌ထုတ်လုပ်နိုင်ရန် အားပေးဆောင်ရွက်ခြင်းတို့ ပြုလုပ်သွားကြရမည်ဖြစ်သည်။ ပြည်တွင်းမှာ ထွက်ရှိနေသည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုသီးနှံကုန်ကြမ်းများ၊ သစ်တော ထွက်ကုန်ကြမ်းများ၊ သဘာဝသယံဇာတ ကုန်ကြမ်းများကို အသုံးပြု၍ အမယ်ပေါင်းမြောက်မြားလှစွာသော လူသုံးကုန်၊ အိမ်သုံးကုန်၊ စားသောက်ကုန်များ၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ စက်မှုကုန်ချောများ၊ လျှပ်စစ်ပစ္စည်းများ၊ စက်အရန်ပစ္စည်းများ စသည်တို့ကို နိုင်ငံတကာအရည်အသွေးမီထုတ်လုပ်နိုင်သည်။ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြီးခဲ့သည့်ရက်အတွင်း မွန်ပြည်နယ်အတွင်းရှိ MSME လုပ်ငန်း ရှင်များနှင့် တွေ့ဆုံရာတွင် “ပြည်တွင်းကုန်ထုတ်လုပ်မှုကို လုံလောက်စွာ ဆောင်ရွက်နိုင်မည်ဆိုပါက ဝယ်လိုအားနှင့် ရောင်းလိုအား မျှတလာမည်ဖြစ်သဖြင့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို လျော့ကျလာစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းလိုအပ် သည့် ကုန်ပစ္စည်းများ ထိုက်သင့်သည့် ဈေးနှုန်းများဖြင့် ဝယ်ယူရရှိ နိုင်ရန်လိုကြောင်း၊ ပြည်ပအစားထိုးသွင်းကုန်များကို မိမိနိုင်ငံ အတွင်း၌ အရည်အသွေးမီ ထုတ်လုပ်ခြင်းနှင့် ပြည်ပသို့ တင်ပို့ ခြင်းများကို ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်းပြည်ပ စီးပွားရေး လုပ်ငန်းများ ကောင်းမွန်လာမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။ ပြည်တွင်းလိုအပ်ချက်အရ အိမ်နီးချင်းနိုင်ငံများအပါအဝင် ပြည်ပမှတင်သွင်းနေရသည့် သွင်းကုန်ပစ္စည်းအများအပြားမှာ ပြည်တွင်းမှ ကုန်ကြမ်းများနှင့် ပြည်တွင်း၌ပင် ထုတ်လုပ်နိုင်သည့် ပစ္စည်းများဖြစ်ရာ အရည်အသွေးကောင်းကောင်း၊ အဆင့်မီမီ ထုတ်လုပ်ကာ ပြည်တွင်း၌လည်းသုံးစွဲ ပြည်ပသို့လည်းတင်ပို့ နိုင်ခြင်းဖြင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်နိုင်ပါစေကြောင်း။ ။