ဗိုင်းရပ်စ်ပိုးအသွင်ပြောင်းမှုကို သတိမူ

အယ်ဒီတာ့အာဘော်

===========

 

ဗိုင်းရပ်စ်ပိုးအသွင်ပြောင်းမှုကို သတိမူ

=====================

 

 

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ နေ့စဉ်တွေ့ရှိမှုနှုန်း လျော့နည်းကျဆင်းလာသည်မှာ ရက်သတ္တ တစ်ပတ်ခန့်ရှိပြီဖြစ်သည်။ နေ့စဉ်ရောဂါပိုးတွေ့ရှိမှုမှာ လူနာ ၂၀၀၀ မှ ၁၅၀၀၊ ၁၀၀၀ နှင့်အောက်သို့ကျဆင်းနေသည်မှာ ဝမ်းသာစရာအခြေအနေ ဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံတွင် ရောဂါပိုးတွေ့ရှိမှု အများဆုံးဖြစ်သည့် ရန်ကုန်မြို့တွင် လူနာ ၁၀၀၀ အောက်မှ ၅၀၀ အောက်သို့ပင် ကျဆင်းလာ သဖြင့် မြန်မာနိုင်ငံအတွက် အလားအလာကောင်းတစ်ခုဖြစ်လာပြီဟု ဆိုနိုင် သည်။

 

ကမ္ဘာပေါ်ရှိနိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနှုန်း မြင့်မားနေပြီး ရောဂါကာကွယ်ရေးအတွက် နိုင်ငံကြီးအချို့၌ ကာကွယ်ဆေးပင် စတင် ထိုးပေးနေပြီ ဖြစ်သည်။ ရန်သူဟူသည်မှာ အခွင့်သာခိုက်တွင်ဖြစ်စေ၊ အလစ် အငိုက်တွင်ဖြစ်စေ တိုက်ခိုက်ဖျက်ဆီးလေ့ရှိပြီး ထိုသို့တိုက်ခိုက်ရန် အခွင့် မသာလျှင် ပုံသဏ္ဌာန်အသွင်ပြောင်းလဲ၍ တစ်မျိုးတစ်ဖုံ ပြောင်းလဲတိုက်ခိုက် ရန် ကြိုးပမ်းလေ့ရှိသည်။ အလားတူရောဂါပိုးရန်သူသည်လည်း အခြေအနေ အပြောင်းအလဲဖြစ်လာလျှင် မျိုးဗီဇပုံစံအသွင်ပြောင်းလဲ၍ ရောဂါပြန့်ပွားရန် အားထုတ်သည်။

 

မျိုးဗီဇပြောင်းလဲမှု၏ ကောင်းကျိုး၊ ဆိုးကျိုးမှာ ခန့်မှန်းရခက်ပေသည်။ တစ်ခါတစ်ရံတွင် ဗီဇအသစ်သည် ဗီဇအဟောင်းထက် ပိုမိုအားကောင်းသွား သည်မျိုးရှိပြီး တစ်ခါတစ်ရံတွင် အားပျော့ပြီး သူ့အလိုလို ပျက်ပြယ်သွားသည် မျိုးလည်းရှိသည်ဟု သိရသည်။ ယခုနောက်ဆုံး အင်္ဂလန်နိုင်ငံ အရှေ့တောင် ပိုင်းတွင် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးတို့၏ သဘာဝအရ ဗီဇပြောင်းလဲမှုအသစ်ဖြစ်ပေါ်နေသည်ကို တွေ့ရှိခဲ့ပြီး လက်ရှိဗိုင်းရပ်စ်ပိုးထက် ပိုမိုကူးစက်ပျံ့နှံ့လွယ်သည်ကိုတွေ့ရကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ထိုပိုးသစ်သည် ရောဂါလက္ခဏာကို ပိုမိုဆိုးရွားစေခြင်း၊ ပေါ်ထွက်ထိုးနှံနေသော ကာကွယ် ဆေးများဖြင့် ရောဂါပိုးသစ်ကို ထိန်းချုပ်၍ ရနိုင်၊ မရနိုင် တိကျစွာမသိနိုင်ခြင်း တို့ကြောင့် ဆေးပညာရှင်များက မျက်ခြည်မပြတ် စောင့်ကြည့်နေကြသည်။

ကမ္ဘာတစ်ဝန်းတွင် တစ်နှစ်ခန့်ကြာ ဖြစ်ပွားနေသော လက်ရှိကိုဗစ်-၁၉ ရောဂါသည် ဆက်လက်၍ ကြာရှည်စွာဖြစ်ပွားနေဦးမည်ဟု နိုင်ငံတကာ ဆေးပညာရှင်များက ခန့်မှန်းထားရာ ယခုမျိုးဗီဇပြောင်းလဲမှုသည် ကောင်းသော လက္ခဏာမဟုတ်သည်မှာ သေချာပါသည်။ ကနဦးတွေ့ရှိသည့် ကိုရိုနာ ဗိုင်းရပ်စ်ပိုးအပေါ်မူတည်၍ စမ်းသပ်ထုတ်လုပ်ထားသော ခုခံကာကွယ် ဆေးကို အန်တုတိုက်ခိုက်နိုင်ရန်အတွက် မျိုးဗီဇအသွင်ပြောင်းလဲလေသည် လားဟု သတိပြုဆင်ခြင်ရမည် ဖြစ်သည်။ ရောဂါဖြစ်ပွားမှု ထူထပ်ရာနေရာ တွင် ပိုးများလေသလားဟု ထင်မြင်ရသည်။ ကာကွယ်ဆေးဖြင့် အကာအကွယ် ရယူထားသူကို အသွင်ပြောင်း၍ တိုက်ခိုက်နိုင်ဦးမည်ဆိုလျှင် ကာကွယ်ဆေး များကို အသစ်အသစ် အဆင့်မြှင့်အမီလိုက် ထုတ်လုပ်နေရဦးမည် ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအတွင်းတွေ့ရှိသည့် ဆားစ်ကိုရိုနာဗိုင်းရပ်စ် ပိုး၏မျိုးဗီဇတစ်ခုလုံး လေ့လာသော သုတေသနပြုမှုများကို ဆောင်ရွက်နိုင် ခဲ့ပြီး လက်ရှိကူးစက်ဖြစ်ပွားနေသော ဗိုင်းရပ်စ်ပိုး မျိုးဗီဇတစ်ခုလုံးကိုလည်း ဆက်လက်စစ်ဆေးလေ့လာသွားမည် ဖြစ်သည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု လျော့နည်းကျဆင်းလာနေရာ ယင်းအကျိုးရလဒ် ကောင်းသည် ပြည်သူလူထုအသိတရားဖြင့် ရောဂါကာကွယ်ရေးတွင် ပါဝင် လိုက်နာဆောင်ရွက်နိုင်မှုကြောင့်ဟု ဆိုရမည်ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ပိုး အသွင်ပြောင်းသည့် ဗီဇပိုးသစ်နှင့်ကြုံရသည်ဖြစ်စေ၊ မကြုံရသည်ဖြစ်စေ၊ ရောဂါ ပြင်းထန်သည်ဖြစ်စေ၊ မပြင်းထန်သည်ဖြစ်စေ၊ ကာကွယ်ဆေး ထိုးနိုင်သည်ဖြစ်စေ၊ မထိုးနိုင်သည်ဖြစ်စေ ပြည်သူလူထု၏ ကျန်းမာရေးအသိနှင့် ပူးပေါင်းပါဝင်လိုက်နာဆောင်ရွက်နိုင်မှုသည်သာ အရေးအကြီးဆုံးဖြစ်သည်။ မည်သည့်အန္တရာယ်၊ မည်သည့်စိန်ခေါ်မှုကို ကြုံတွေ့ရသည်ဖြစ်စေ ပြည်သူလူထုသည်သာ အဓိက၊ ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကျော်လွှားအောင်မြင်နိုင်မည် ဖြစ်သည်။

 

ယခုအခါ ကာကွယ်ဆေးရရှိပြီး ကာကွယ်ဆေးစတင်ထိုးနှံနေပြီ ဖြစ်သော ကမ္ဘာ့နိုင်ငံကြီးများတွင် ရောဂါကူးစက်ပျံ့နှံ့မှုနှုန်း စံချိန်တင်မြင့်မား နေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုကို ကျန်းမာရေးဘက်တွင် စေတနာတရားဖြင့် ဖိဖိစီးစီး ဆောင်ရွက်မှု၊ ပြည်သူများ၏ အသိတရားဖြင့် ပူးပေါင်းပါဝင်မှုတို့ကြောင့် ပြည်တွင်း၌ရောဂါကူးစက်မှု တဖြည်းဖြည်းလျော့နည်းကျဆင်းလာပြီး ကူးစက် ပြန့်ပွားမှု လုံးဝမရှိတော့သည့် “သုည” ဖြစ်သည်အထိ ရည်မှန်းဆောင်ရွက် နေသည်။ ထိုသို့ဆောင်ရွက်နိုင်ရေးမှာ ပြည်သူသာအဓိက ဖြစ်သည်။

သို့ဖြစ်ရာ လျင်မြန်စွာ ကူးစက်မှုလွယ်ကူမြန်ဆန်သည့် ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ အသွင်ပြောင်း ပိုးအသစ်ဖြစ်ပေါ်လာမှုကို သတိပြုဆင်ခြင်ပြီး ရောဂါဖြစ်ပွားနှုန်း “သုည” ဖြစ်သည်အထိ ဆက်လက်ကျဆင်းလာအောင် အသိတရားဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြကာ ကျန်းမာစွာနေထိုင်ပြုမူ တတ်သည့် အလေ့အထကောင်းများကို ပြည်သူတိုင်း အစဉ်အမြဲကြိုးစား အားထုတ်ကြရမည် ဖြစ်ပါကြောင်း။ ။