ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ အင်းစိန်ဗဟိုအကျဉ်း ထောင် အကျဉ်းသားများအတွက် ပါဆယ်ထုပ်လက်ခံသည့် အဆောက်အအုံအတွင်းနှင့် အပြင်ဘက်တို့တွင် အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းက ပေါက်ကွဲမှုများဖြစ်ပွားခဲ့သည်။ ပေါက်ကွဲ မှုကြောင့် ထောင်ဝန်ထမ်းများနှင့် ကလေးငယ်များအပါအဝင် အရပ်သားများ သေဆုံးထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့သည်။ ၎င်း သတင်းကို မီဒီယာအသီးသီးတို့က ဖော်ပြခဲ့သလို အကြမ်းဖက် အဖွဲ့နှင့် အပေါင်းအပါမီဒီယာတို့ကလည်း ၎င်းတို့၏အာဘော်များ အတိုင်း ဝါဒဖြန့်ထုတ်လွှင့်မှုများ ပြုလုပ်ခဲ့ကြသည်။
ကျိုက်ထီးရိုးတောင်တက်ကားဂိတ် ပစ်ခတ်မှုဖြစ်စဉ်နှင့် ယခု အင်းစိန်ထောင်ပေါက်ကွဲမှုဖြစ်စဉ်တို့တွင် အကြမ်းဖက်သမားတို့၏ စဉ်းစားတွေးခေါ်မှုနိမ့်ကျလှစွာဖြင့် မဆင်မခြင်၊ လက်ရဲဇက်ရဲ လုပ်ရပ်များကို ထင်ထင်ရှားရှား တွေ့မြင်နိုင်ပေရာ လက်ရှိအစိုးရ ကို အမြင်မကြည်လင်၊ ဆန့်ကျင်နေသည့်အုပ်စုများအတွင်းမှ ပင်လျှင် ဝေဖန်ကန့်ကွက်သံများ ဆူဆူညံညံပေါ်ထွက်ခဲ့သည်။ သေဆုံးခဲ့သူများထဲတွင် မည်သူ၏မိခင်လည်း ပါဝင်ကြောင်း၊ ယခုလုပ်ရပ်ကြောင့် ထောင်ထဲရှိ ၎င်းတို့၏ လူများအတွက်လည်း မည်သို့ထိခိုက်နိုင်ကြောင်း စသည်ဖြင့် ဝေဖန်ပြစ်တင်မှုများရှိ သလို ၎င်းဖောက်ခွဲတိုက်ခိုက်မှု၏ အဆင်အခြင်ကင်းမဲ့မှုအပေါ် ဆန့်ကျင်ရှုတ်ချမှုများကလည်း လူမှုကွန်ရက်စာမျက်နှာများပေါ်၌ အများအပြား ပေါ်ထွက်လာသည်။ ထိုအခါ သေဆုံးသွားသူများမှာ ပေါက်ကွဲမှုများကြောင့် သေဆုံးသွားရခြင်းမဟုတ်ဘဲ လုံခြုံရေး တပ်ဖွဲ့၏ ရမ်းသန်းပစ်ခတ်မှုများကြောင့် ဖြစ်သည်ဟူသော ပေးနေကျဆင်ခြေတစ်ခုကိုပင် အကြမ်းဖက်အုပ်စုတို့၏ အပေါင်း အပါမီဒီယာတို့က ဝိုင်းပေးကြကာ ဆင်သေကို ဆိတ်သားရေဖြင့် ဖုံးပေးခဲ့ကြသည်။
စင်စစ်အားဖြင့် ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရသည့် အကျဉ်း ဦးစီးဌာနဝန်ထမ်းဖြစ်စေ၊ မည်သူမည်ဝါနှင့် အမျိုးတော်သူ၊ မတော်သူဖြစ်စေ အားလုံးမှာ အကြမ်းဖက်မှု၏ သားကောင်ဘဝ သို့ ကျရောက်ခဲ့ကြရခြင်းဖြစ်သည်။ သေဆုံးဒဏ်ရာရသူများ တွင် အသက်ကိုးနှစ်၊ ၁၀ နှစ်အရွယ် ကလေးငယ်များ ပါဝင်နေရာ မိသားစုများအတွက် ဝမ်းနည်းဖွယ်၊ စာနာထောက်ထားဖွယ်ပင် ဖြစ်သည်။ တိုင်းပြည်ပျက်စီးရေး ကြံစည်ကြိုးပမ်းနေကြသည့် အကြမ်းဖက်သမားများနှင့် ပြည်ဖျက်မီဒီယာများက မည်သို့ပင် လိမ်လည်လှည့်ဖြားကြစေကာမူ ယခုဖြစ်စဉ်၌လည်း လက်တွေ့ ကျသော သက်သေအထောက်အထားများက အကြမ်းဖက်သမား တို့ ကျူးလွန်သည့် လုပ်ရပ်ကိုရော ပြည်ဖျက်မီဒီယာတို့၏ လိမ်ညာမှုများကိုပါ ထင်ရှားစွာပြသလျက်ရှိသည်။ သေဆုံးသူ များမှာ ပေါက်ကွဲမှုများကြောင့် သေဆုံးခြင်းဖြစ်ကြောင်း ရင်ခွဲ စစ်ဆေးမှုများအရ တွေ့ရှိရသလို လုံခြုံရေးတပ်ဖွဲ့များ နေရာ ယူထားသည့်နေရာနှင့် ပေါက်ကွဲမှုများဖြစ်ပွားသည့်နေရာတို့ တည်ရှိမှုအနေအထားအရ (ပစ်ခတ်မည်ဆိုလျှင်ပင်) မဖြစ်နိုင် ကြောင်း တွေ့ရှိရခြင်းပင်ဖြစ်သည်။
တော်လှန်ရေးဟုအမည်ခံထားသည့် အကြမ်းဖက်လှုပ်ရှားမှု များ၏နောက်ကွယ်တွင် ကိုယ်ကျိုးစီးပွား ရှာဖွေရယူနေမှုများ ပြည်ပနိုင်ငံအချို့၌ ခြေချင်းလိမ်နေကြကြောင်း ၎င်းတို့အချင်းချင်း ရန်စောင်မာန်ဖီနေမှုများ ထွက်ပေါ်လာရာမှ တွေ့မြင်နေရသည်။ ပြည်တွင်း၌ ပုန်းအောင်းခိုကပ်နေကြရသည့် အကြမ်းဖက် အုပ်စုကွဲများမှာလည်း အကာအကွယ်ကင်းမဲ့ အားနည်းသည့် အရပ်ဘက်ပစ်မှတ်များကို အလစ်အငိုက်တွင် “လုပ် - ပြေး” စနစ်ဖြင့် တိုက်ကွက်ဖော်နေကြရခြင်းဖြစ်ရာ ပြည်သူများ လက်မခံ ဖော်ထုတ်ကြသည်နှင့်အမျှ အလျင်အမြန်ကျဆုံးရမည် ဖြစ်ပါကြောင်း။ ။