လက်ရည်စစ်ဂေါက်ရိုက်ပြိုင်ပွဲကျင်းပမည်

 

ရန်ကုန်  အောက်တိုဘာ   ၂၂


မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေတို့ ပူးပေါင်းစီစဉ်သည့် လက်ရည်စစ်  ဂေါက်ရိုက်ပြိုင်ပွဲကို ၂၀၂၂ ခုနှစ်  နိုဝင်ဘာ ၃၊ ၄ ရက်တွင် ရန်ကုန်မြို့ရှိ ရန်ကုန်ဂေါက်ကွင်း (တညင်းကုန်း)၌ ကျင်းပမည်ဖြစ်သည်။

 


လက်ရည်စစ်ဂေါက်ရိုက်ပြိုင်ပွဲတွင်  Tour Pro၊  Senior Pro နှင့် Teaching Pro ဟူ၍ သုံးမျိုးခွဲ၍  ကျင်းပမည်ဖြစ်သည်။ လက်ရည်စစ် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြသည့် ကစားသမားများအနေဖြင့်  နှစ်ရက် ပေါင်း ရိုက်ချက် ၁၅၂ ချက်ရရှိပါက Tour Pro အဆင့်၊ ၁၅၈ ချက်ရရှိပါက Teaching Pro အဆင့်နှင့်  ၁၆၂  ချက်ရရှိပါက Senior Pro အဆင့်တို့ အတွက် လက်ရည်စစ်ပွဲအောင်မြင်မည်ဖြစ်ပြီး   မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသော ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိမည်ဖြစ်သည်။ ကစားသမားများသည်   နိုဝင်ဘာ  ၃၊  ၄  ရက်တွင်  ရိုက်ချက်ဖြင့်   ယှဉ်ပြိုင်ရမည်ဖြစ်ပြီး   နိုဝင်ဘာ  ၅  ရက်တွင်   အခြေခံ ဂေါက်သီးစည်းမျဉ်းများ   ရှင်းလင်းခြင်းနှင့်   ဖြေဆိုခြင်းပြုလုပ်ရမည် ဖြစ်သည်။

 


လက်ရည်စစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လိုသူ အမျိုးသားကစား သမားများသည်    ဝါသနာရှင်အဆင့် (H’Cap 0-12)  ရှိရမည်ဖြစ်ပြီး Senior Professional အတွက်ကိုမူ  ပြိုင်ပွဲကျင်းပမည့်နေ့တွင်  အသက် ၅၀ ပြည့်ပြီးသူများသာ ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။   လက်ရည်စစ်ပွဲ တွင်ပါဝင်ယှဉ်ပြိုင်ကြမည့် ဂေါက်သီးရိုက်အားကစားသမားများသည် အောက်တိုဘာ ၃၀ ရက်   မွန်းလွဲ ၂  နာရီနောက်ဆုံး၍  ဖုန်း- ၀၉ ၄၂၁၀၀၂၂၅၉ သို့  အမည်စာရင်းများ  ပေးသွင်းနိုင်ပြီး  ဝင်ကြေးအဖြစ် ငွေကျပ်ခြောက်သောင်း သတ်မှတ်ထားသည်။                        

ကိုညီလေး