လမ်းပေါ်အန္တရာယ်များ လျော့ပါးရေး စည်းကမ်းလိုက်နာမှုများ မြှင့်တင်ပေး

 

ကမ္ဘာတစ်ခွင်လုံးတွင် လမ်းပေါ်မတော်တဆမှုများကြောင့် နှစ်စဉ် ပျမ်းမျှလူဦးရေ ၁ ဒသမ ၃ သန်းခန့် အသက်ဆုံးရှုံးနေရ ပြီး လူဦးရေ သန်း ၅၀ ကျော်တို့ ထိခိုက်ဒဏ်ရာရနေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က    ထုတ်ပြန်သည့်    ၂၀၁၈   ခုနှစ် တစ်ကမ္ဘာလုံးဆိုင်ရာ လမ်းအန္တရာယ်ကင်းရှင်းရေး အစီရင် ခံစာ၌    ဖော်ပြထားသည်။    လမ်းပေါ်မတော်တဆမှုများဟု ဆိုရာတွင် ယာဉ်ချင်းတိုက်မှု၊ ယာဉ်က လူကိုတိုက်မှု၊ ယာဉ် တိမ်းမှောက်မှု၊  မော်တော်ယာဉ်နှင့်  ဆိုင်ကယ်၊  စက်ဘီး၊ အနှေးယာဉ်၊ လမ်းပေါ်သွားနေသည့်လူ  စသည်တို့ တိုက်မိမှု များ   ပါဝင်သည်။   မည်သည့်ပုံစံဖြင့်   တိုက်မိမှုမျိုးဖြစ်စေ အဓိကမှာ လူ၏အားနည်းချို့ယွင်းချက်ကြောင့်သာ ဖြစ်သည်။

 


နှစ်စဉ်သဘာဝဘေးအန္တရာယ်များထက် ယာဉ်အန္တရာယ် ကြောင့် လူ့အသက်ဆုံးရှုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုတို့က ပိုမို များပြားပြီး နိုင်ငံအများစုတွင် နှစ်စဉ် GDP ၏ သုံးရာခိုင်နှုန်း မှ ငါးရာခိုင်နှုန်းအထိ ဆုံးရှုံးနေကြရသည်။ ကမ္ဘာနှင့်ယှဉ်ပါက အာဖရိကတိုက်နှင့်        အရှေ့တောင်အာရှ     ဒေသတို့တွင် ယာဉ်မတော်တဆမှုများကြောင့် သေဆုံးမှုနှုန်းက အများဆုံး ဖြစ်ပြီး အာရှတိုက်တစ်ခုလုံးတွင် ယာဉ်အန္တရာယ်ကြောင့် သေဆုံးရမှုမှာ   ကမ္ဘာ့စုစုပေါင်း၏    ထက်ဝက်ခန့်ရှိသည်။ နိုင်ငံတကာ   လေ့လာဆန်းစစ်မှုတစ်ခုအရ   အာရှသည် မြောက်အမေရိကနှင့် ဥရောပထက် ယာဉ်အန္တရာယ်များပြား ရခြင်းမှာ ယာဉ်မောင်းနှင့် ယာဉ်တို့၏ ကြံ့ခိုင်ရေးကို ဂရုပြုမှု နည်းပါးခြင်း၊ ကြိုတင်ပြင်ဆင်မှုအားနည်းခြင်း၊ အသိပညာပေးမှုနည်းခြင်းတို့ကြောင့်ဖြစ်ကြောင်း သုံးသပ်ထားသည်။

 


ကမ္ဘာလုံးဆိုင်ရာ    ယာဉ်အန္တရာယ်၊  လမ်းအန္တရာယ် ကင်းရှင်းရေးလှုပ်ရှားမှုများ  ဆောင်ရွက်ရာတွင်   (၁)ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကြီးကြပ်မှု (Road Safety Management)၊ (၂) ပိုမိုအန္တရာယ်ကင်းသောလမ်းများ နှင့် ယာဉ်သွားလာမှု (Safer Road and Mobility)၊ (၃) ပိုမို အန္တရာယ်ကင်းသောယာဉ်များ (Safety Vehicles)၊ (၄) ပိုမို အန္တရာယ်ကင်းသည့်  လမ်းအသုံးပြုသူများ  (Safer  Road Users)၊ (၅) ယာဉ်တိုက်ခိုက်မှု ဖြစ်ပြီးပြီးချင်း တုံ့ပြန်ဆောင်ရွက် မှု (post-crash Response) ဆိုသည့် မဏ္ဍိုင်ကြီးငါးရပ်ကို ချမှတ်အကောင်အထည်ဖော်ခြင်းပင်ဖြစ်သည်။ မြန်မာနိုင်ငံ တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး လှုပ်ရှားမှု ဒုတိယ ဆယ်စု နှစ်အတွက် Myanmar National Road Safety Action Plan (2021-2030) ကို ရေးဆွဲထုတ်ပြန်ထားပြီး အကောင်အထည် ဖော်လျက်ရှိသည်။ 

 


၂၀၃၀ ပြည့်နှစ်တွင် ယာဉ်တိုက်မှုကြောင့် သေဆုံးသူဦးရေ တွက်ချက်မှု အခြေခံနှစ်ဖြစ်သည့် ၂၀၁၉ ခုနှစ် သေဆုံးမှု၏ ၅၀ ရာခိုင်နှုန်းသို့ လျှော့ချရေး ဆောင်ရွက်သွားရမည်ဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်    ၂၀၁၉  ခုနှစ်    ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ယာဉ်တိုက်မှုစုစုပေါင်း ၁၆၁၆၇ မှု ဖြစ်ပွား ခဲ့ပြီး ၅၃၂၅ ဦး သေဆုံးကာ  ၂၅၀၇၂ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။  လာမည့်ရှစ်နှစ်တာကာလအတွင်း    အထက်ပါကိန်းဂဏန်း အရေအတွက်၏ ထက်ဝက်ကို  လျှော့ချနိုင်ရေး  ကြိုးပမ်းသွား ရမည်ဖြစ်ရာ ယာဉ်မောင်းနှင်သူများနှင့်  လမ်းပေါ်သွားလာသူ များအပါအဝင်  လမ်းအသုံးပြုသူအားလုံး၏  စည်းကမ်းဥပဒေ များ သိရှိလိုက်နာမှုနှင့်  တာဝန်ရှိသူများ၏  ထိန်းသိမ်းကြပ်မတ် မှုများ  လက်ရှိအခြေအနေထက်  ပိုမိုမြှင့်တင်သွားရန် လိုအပ် မည်ဖြစ်ပါကြောင်း။         ။