
ယခုတစ်ပတ်မှာ ပရီမီယာလိဂ် ပွဲစဉ် (၁၄) ပွဲစဉ်တွေကို ယှဉ်ပြိုင် ကစားသွားမှာ ဖြစ်ပါတယ်။ လက်စတာနဲ့ မန်စီးတီး တွေ့ဆုံမှု အပါအဝင် အမှတ်ပေးဇယား ဦးဆောင်သူ အာဆင်နယ်က အမှတ်ပေးဇယား အောက်ဆုံးမှ နော်တင်ဟမ်၊ မန်ယူက ဝက်စ်ဟမ်း အသင်းတို့နဲ့ တွေ့ဆုံနေတာကြောင့် ဘယ်အသင်းက ရလဒ်ကောင်းပိုင် ဆိုင်သွားမလဲ စောင့်ကြည့်ရမှာပါ။
လက်စတာနှင့်မန်စီးတီး
ချန်ပီယံလိဂ်မှာ နောက် တစ်ဆင့် တက်ရောက်ထား နိုင်ပြီဖြစ်တဲ့ မန်စီးတီးအနေနဲ့ ယခု ပွဲစဉ်မှာ ဦးဆောင်သူ အာဆင်နယ်ကို ထက်ကြပ်မကွာ ဖိအား ပေးနိုင်ဖို့ ဖိအားကင်းကင်းနဲ့ ကစားလာမှာပါ။ လက်စတာ ရဲ့ ခြေစွမ်း အကောင်းဘက်မှာရှိနေပေမယ့် မန်စီးတီးကို ယှဉ်ပြိုင်ဖို့ခက်မယ်။
ဘရိုက်တန်နှင့်ချယ်ဆီး
ဒီနှစ်သင်း နောက်ဆုံးတွေ့ဆုံထားတဲ့သုံးကြိမ်မှာ သုံးကြိမ်စလုံး အနိုင်၊ အရှုံးမပေါ်ဘဲ သရေကျထားတယ်။ လက်ရှိခြေစွမ်းမှာ ဘရိုက်တန်ထက် ချယ်ဆီးအသင်းက သာတယ်လို့ဆိုနိုင်ပေမယ့် နိုင်ပွဲ ရရှိရေး ခြေကုန်ထုတ်လာမယ့် ဘရိုက်တန် ရလဒ်ကောင်းရရှိဖွယ်ရှိတယ်။
အာဆင်နယ်နှင့် နော်တင်ဟမ်
အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ဖို့ နော်တင်ဟမ်ကို အနိုင်ရရှိရေး အသေအချာပြင်ဆင်လာမှာပါ။ နော်တင်ဟမ်ကလည်း တန်းဆင်းဇုန်အတွင်းက ရုန်းထွက်နိုင်ဖို့ အသင်းကို အကောင်းဆုံး ပြင်ဆင်လာမှာပါ။ မည်သို့ပင်ဆိုစေ နော်တင်ဟမ်အသင်းထက် အာဆင်နယ်အသင်း ရမှတ်အပြည့် ရရှိမယ်။
မန်ယူနှင့် ဝက်စ်ဟမ်း
မန်ယူက တန်ဟက် လက်ထက်မှာ အသင်းစုဖွဲ့မှုပိုင်း ကျစ်လျစ် မှုရှိပေမယ့် တိုက်စစ်ထက်မြက်မှု လိုအပ်ပြီး အသင်းတိုင်းကို ခက်ခက် ခဲခဲကစားရလေ့ရှိတာကို သတိပြုရမယ်။ ဝက်စ်ဟမ်းက မာကျော တာကြောင့် မန်ယူအသင်း အခက်တွေ့မယ်။
အောင်ဇော်