
ယူအီးအက်ဖ်အေ ယူရိုပါလိဂ်အုပ်စုပွဲစဉ် (၅) ကို အောက်တိုဘာ ၂၈ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ မန်ယူ၊ ရိုးမား၊ လာဇီယို အသင်းတို့ နိုင်ပွဲရရှိခဲ့သည်။
မန်ယူနှင့် ရှီးရစ်ဖ်အသင်းတို့ပွဲစဉ်တွင် မန်ယူအသင်းက ပွဲချိန် တစ်လျှောက် ခြေအသာ၊ ဂိုးအသာဖြင့် ဖိအားပေးကစားနိုင်ခဲ့ပြီး လိုအပ်သည့် နိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့သည်။ ထို့အပြင် မန်ယူ အသင်းသည် ယခုအနိုင်ပွဲကြောင့် ရမှတ် ၁၂ မှတ်နှင့်အတူ နောက် တစ်ဆင့် တက်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။
မန်ယူအသင်းသည် ရီးရစ်ဖ်အသင်းဘက်သို့ ဂိုးကန်သွင်းခွင့် ၂၄ ကြိမ်ထက်မနည်း ပြုလုပ်နိုင်ခဲ့ပြီး ဂိုးပေါက်တည့်မတ်မှု ၁၀ ကြိမ်တွင် သွင်းဂိုး သုံးဂိုးရရှိခဲ့သည်။ ပြိုင်ဘက်ရှီးရစ်ဖ်အသင်းက ယခုပွဲစဉ်တွင် ပုံစံကောင်းပျောက်ဆုံးခဲ့ပြီး မန်ယူအသင်းဘက်သို့ ဂိုးကန်သွင်းခွင့် ပြုလုပ်ထားနိုင်ခြင်း မရှိသည်ကို တွေ့ရသည်။
မန်ယူအသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၄၄ မိနစ်တွင် ဒါးလော့၊ ပွဲချိန် ၆၅ မိနစ်တွင် ရပ်ဖို့ဒ်နှင့် ပွဲချိန် ၈၁ မိနစ်တွင် စီရော်နယ်ဒိုတို့က သွင်းယူပေးနိုင်ခဲ့သည်။ မန်ယူအသင်းသည် လာမည့်ပွဲစဉ်အဖြစ် ပရီမီယာလိဂ်တွင် ဝက်စ်ဟမ်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
အခြားသောနာမည်ကြီးပွဲစဉ်ရလဒ်များတွင် ရိုးမားက အိတ်ချ် ဂျေကေအသင်းကို နှစ်ဂိုး-တစ်ဂိုး၊ လာဇီယိုက မစ်ဂျေးလန်းအသင်း ကို နှစ်ဂိုး-တစ်ဂိုး၊ ဆိုစီဒက်က အိုမိုနီးယားအသင်းကို နှစ်ဂိုးပြတ် အနိုင်ရရှိခဲ့သည်။
မိုးဇက်