အခွင့်ကောင်းနှင့် ကြုံသည့်အခိုက်

 

ပြည်ထောင်စုနယ်မြေ    နေပြည်တော်၊  ဒက္ခိဏသီရိမြို့နယ် တွင် မာရဝိဇယ  ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့်တကွ ပိဋကတ် သုံးပုံကျောက်စာရုံ ဓမ္မစေတီတော်များ၊ မုစလိန္ဒအိုင်၊ သုဓမ္မာ ဇရပ်များ၊    သာသနာ့ဗိမာန်တော်ကြီး   စသည့်သာသနိက အဆောက်အအုံများစွာပါဝင်သည့် ဗုဒ္ဓဥယျာဉ်တော်ကြီးတစ်ခု ကို တည်ဆောက်လျက်ရှိသည်။ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး ထုဆစ်တည်ထားမှုလုပ်ငန်းများ  ပြီးစီးသည့်အခါ ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားဆင်းတုတော် များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည်ဖြစ်ရာ  နိုင်ငံ တော်၏    ကျက်သရေဆောင်၊   နေပြည်တော်မြို့တော်၏   ကျက်သရေဆောင်   သာသနိကနယ်မြေကြီးတစ်ခုအဖြစ် ပေါ်ထွန်းလာမည်ဖြစ်သည်။

 


ယခုအခါ   ပွင့်လင်းရာသီ    ရောက်ရှိလာပြီဖြစ်သည့် အလျောက် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဥယျာဉ် တော်ကြီးအတွင်းရှိ        သာသနိကအဆောက်အအုံများ  တည်ဆောက်ပူဇော်မှုလုပ်ငန်းများ၊      စိမ်းလန်းစိုပြည်ရေးသစ်ပင်ပန်းမန်စိုက်ပျိုးမှုလုပ်ငန်းများကို  အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိသည်။    တည်ဆောက်မှုလုပ်ငန်းများတွင် ကျောက်စာရုံစေတီတော်ပေါင်း ၇၂၀၊ သာသနာ့ဗိမာန်တော် သိမ်တော်ကြီး    မုစလိန္ဒအိုင်တို့    အပါအဝင်  သာသနိက အ‌ဆောက်အအုံများကို   တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ၊     စေတနာရှင်များ၊   တိုင်းရင်းသားပြည်သူ ကုသိုလ်ရှင်   အလှူရှင်များ၏    စုပေါင်းလှူဒါန်းမှုများဖြင့် တည်ဆောက်ပူဇော်လျက်ရှိရာ  အလှူငွေများ  ထည့်ဝင် လှူဒါန်းကြခြင်းဖြင့် ဘုရားဒါယကာ၊ ဒါယိကာမများအဖြစ် ခံယူနိုင်ကြသည်။

 


“မာရ” ဟူသည်  အသက်ကို   စွန့်စေခြင်း၊   သေခြင်း တရားဖြစ်ပြီး    မာရ်ငါးပါးတွင်      ဒေဝပုတ္တမာရ်တည်းဟူ  သော မာရ်နတ်၊ ကိလေသမာရ် တည်းဟူသော တစ်ထောင့် ငါးရာကိလေသာ၊ အဘိသင်္ခါရမာရ် တည်းဟူသော ဘဝသစ် ဖြစ်ပေါ်လာအောင် ပြုပြင်စီမံသည့် ကံ၊ ခန္ဓမာရ်တည်းဟူသော ခန္ဓာငါးပါး၊ မစ္စုမာရ်တည်းဟူသော သေခြင်းတရားတို့ ပါဝင်၍ “မာရဝိဇယ”ဟူသည်  မာရ်ငါးပါးကို   အောင်မြင်ခြင်းဟူသည့် အနက်အဓိပ္ပာယ်ကို  ဆောင်သည်။ ‌ဂေါတမမြတ်စွာဘုရားအလောင်းတော်သည်  မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန် လပြည့်နေ့တွင် သဗ္ဗညုတဉာဏ်တော်ကိုရ၍  ဘုရားအဖြစ် ရောက်တော်မူခဲ့သည်။  ဘုရားအလောင်းတော်သည် မဟာ သက္ကရာဇ် ၁၀၃ ခုနှစ်  ကဆုန်လဆန်း ၁၄ ရက် ညနေတွင် ဗောဓိပင်ရင်း၌  သောတ္တိယမြတ်ရိတ်လုလင်  လှူဒါန်းသည့် မြက်ရှစ်ဆုပ်ကို ဖြန့်ခင်းရာမှ ပေါ်ထွက်လာသည့် အပရာဇိတ ပလ္လင်တော်တွင်  ထက်ဝယ်ဖွဲ့ခွေထိုင်တော်မူပြီး “ဘုရားမဖြစ် သမျှ ဤနေရာမှ မထပြီ” ဟု  အဓိဋ္ဌာန်ကာ ဈာန်သမာပတ် ဝင်စားလျက်နေစဉ် နေဝင်ခါနီးအချိန်တွင် မာရ်နတ်သည် စစ်အင်္ဂါလေးပါး အခြံအရံ၊  လက်နက်ဗိုလ်ပါ  နောက်လိုက် အခြံအရံများနှင့်တကွ ရောက်ရှိလာကာ တိုက်ခိုက်ဖျက်ဆီးရန် အားထုတ်ခဲ့သော်လည်း  မြတ်စွာဘုရားရှင်က   မာရ်နတ်ကို အောင်နိုင်ခဲ့သည်။ 

 


နေပြည်တော်တွင်   တည်ဆောက်ပူဇော်လျက်ရှိသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည်  မိမိတို့နိုင်ငံတွင် ထေရဝါဒ    ဗုဒ္ဓသာသနာတော်ကြီး    ခိုင်မာစွာထွန်းလင်း တောက်ပလျက်ရှိသည်ကို   ကမ္ဘာသို့ပြသရန်၊  တိုင်းပြည် အေးချမ်းသာယာရန်၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်း ပြည်ပ ဘုရားဖူးများ  လာရောက်ခြင်းဖြင့်  ဒေသတိုးတက် စည်ကားမှုဖြစ်စေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု အထောက် အကူဖြစ်စေရန်ဟူသော ရည်ရွယ်ချက်များဖြင့် တည်ထား ခြင်းဖြစ်ရာ အခွင့်ကောင်းနှင့် ကြုံသည့်အခိုက်တွင် လှူဒါန်း ပါဝင်ကုသိုလ်ပြုနိုင်ကြရေးအတွက် အကျိုးမျှော်ကာ နှိုးဆော် တိုက်တွန်းအပ်ပါကြောင်း။         ။