ကရင်ပြည်နယ်နေ့အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ စည်ကားစွာကျင်းပ

 

ဘားအံ    နိုဝင်ဘာ    ၈


(၆၇) နှစ်မြောက်    ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် မြန်မာ့အားကစား နည်းများထဲမှ တစ်ခုအပါအဝင်ဖြစ်သည့် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို     ကရင် ပြည်နယ် ဘားအံမြို့ရှိ သီရိကွင်း၌ ကျင်းပ လျက်ရှိသည်။

 


အဆိုပါ      ရိုးရာလက်ဝှေ့ပြိုင်ပွဲကို နိုဝင်ဘာ ၇ ရက်မှ  ၉ ရက်အထိ သုံးရက် ကြာ  ကျင်းပသွားမည်ဖြစ်ပြီး  နိုဝင်ဘာ ၇  ရက်က    တက်လူ  (သုံးပန်လှ) နှင့်  ကျောက်ရိုင်း  (ဓမ္မဟေဝန်)၊  ထူးသူးဖိုး (တိုက်ဂါး)   နှင့်   စိုးမင်းထိုက်  (အဲက ညော)၊ သွေးရိုင်းလေး (ဒေါနပွင့်သစ်) နှင့် ချစ်မောင်မောင်(ဖလုံပညာတဝေါင့်)၊ မင်းမောင်မောင်(တောင်ကလေး)နှင့် သွေးသစ်အောင်(ဒေါနပွင့်သစ်)၊ စူးခလိန်းမင်း(စက်ရုံ)နှင့် နေထူးထူး (တောင်ကလေး)တို့ ယှဉ်ပြိုင်ထိုးသတ်ကြပြီး အခြားပွဲစဉ်များလည်း ဆက်လက်ယှဉ်ပြိုင်ကြသည်။

 


“၂၀၂၂ ခုနှစ် (၆၇)နှစ်မြောက်  ကရင်ပြည်နယ်နေ့အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို     ပြိုင်ပွဲကျင်းပရေးအနေနဲ့    ကရင် ပြည်နယ်နေ့ ပျော်ပွဲရွှင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ကရင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကို ဦးဆောင်ပြီး ကရင်ပြည်နယ်  လက်ဝှေ့ပြိုင်ပွဲဖြစ်မြောက်ရေး   စီမံချက်ရေးဆွဲပြီးတော့   အကောင် အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ပြိုင်ပွဲအမျိုးအစားအနေနဲ့ ကတော့  ကြားအထူးပွဲရှိသလို  ကျပ် ခုနစ်သိန်း၊  ၁၀ သိန်း၊  ၁၅ သိန်း  ရိုးရာအောင်လံ၊ ပြီးရင် စာချုပ်စိန်ခေါ်ပွဲ  စုစုပေါင်း ၂၂ ပွဲကို သုံးရက် တိတိ     စည်စည်ကားကား    သိုက်သိုက်မြိုက်မြိုက်နဲ့ဖြစ်အောင်  တင်ဆက်ပေးထားခြင်း ဖြစ်ပါတယ်”ဟု  ပြည်နယ်  အားကစားနှင့်  ကာယပညာဦးစီးဌာန   ဒုတိယညွှန်ကြားရေးမှူး ဦးစတင်အောင်မြင့်ဦးက ပြောသည်။

 


(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ပြိုင်ပွဲ နှင့်  ပျော်ပွဲရွှင်ပွဲအဖြစ်  မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲများအပြင် ဒုံးအက ပြိုင်ပွဲများ၊ ဌာနဆိုင်ရာပြခန်းများ ခင်းကျင်းပြသခြင်း၊ ဒေသထွက်ကုန် အရောင်းပြခန်းများ  ပြသခြင်း၊  စင်တင်တေးဂီတ   ဖျော်ဖြေပွဲများ ဆောင်ရွက်ပေးလျက်ရှိသဖြင့်     ဒေသခံတိုင်းရင်းသားပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။


ထိန်လင်းအောင်(ပြန်/ဆက်)