နှလုံးသားအက္ခရာတင်ရာ ရန်ကုန်တက္ကသိုလ်

Type
၁

ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်

=========================

 

နှလုံးသားအက္ခရာတင်ရာ ရန်ကုန်တက္ကသိုလ်

==========================

 

ခိုင်(မိတ္ထီလာ)

 

“ကံ့ကော်တောကို စွန့်ခဲ့ပြီ” ဟူသောဝတ္ထုသည် ကျွန်မတို့ အလယ်တန်းကျောင်းသူဘဝကပင် တရှိုက်မက်မက် မက်ခဲ့ရသော အိပ်မက်ရှည်ဖြစ်ပါသည်။ ဝတ္ထုအမည်ကိုက လွမ်းရိပ်သန်းနေပါသည်။ ရန်ကုန်တက္ကသိုလ်အား ကံ့ကော်တောဟူသောအမည်ကို စတင်ပေးခဲ့သူ တက္ကသိုလ်ခင်မောင်အေးသည် “ကံ့ကော်တောနှင့် ဝေးခဲ့ ပြီးမှ” ဟူသော ရန်ကုန်တက္ကသိုလ်လွမ်းချင်းဖြင့်လည်း ရန်ကုန်တက္ကသိုလ်အား ကံ့ကော်တောအဖြစ် သမိုင်းတင် နိုင်ခဲ့ပါသည်။ ကံ့ကော်တောနှင့် ဝေးခဲ့ပြီးမှ မြကျွန်းညိုသို့ သတိရတိုင်း ကျွန်မတို့ မျက်ရည်ဝိုင်းရပါသည်။

 

ရန်ကုန်တက္ကသိုလ်ထွက် ကျောင်းသား ကျောင်းသူ ဟောင်းများသည် နှစ်တစ်ရာပြည့် ယခုလိုကာလမျိုးတွင် သူတို့၏အတိတ်ပုံပြင်များတွင် နစ်မြောနေကြပါလေပြီ။ သူတို့၏ခြေရာဟောင်း၊ ဒိုင်ယာရီဟောင်း၊ စာမျက်နှာ ဟောင်းများထက် အရိပ်ထင်လာသော သက်ဆိုင်ရာအဖြစ် ဟောင်းလေးများအား သတိတရလွမ်းတသသ ရှိနေပါ လိမ့်မည်။ “လွမ်းတေးမဆုံးစေနှင့် စောသခင်” ဟူသော စာသားပမာ နှစ်တစ်ရာပြည့်တက္ကသိုလ်ကာလတွင် တက္ကသိုလ်အလွမ်းတို့ကား တစ်ရာမကခဲ့ပြီ ဖြစ်သတည်း။

 

မန္တလေးဆောင်ဝယ်

 

လေတိုက်၍ သစ်ရွက်လှုပ်သည်ကိုပင် ဘာမှမဟုတ် ပါဘဲလျက် ရယ်တတ်သည့်အရွယ်တွင် ကျွန်မတို့ တက္ကသိုလ်ရောက်ခဲ့သည်။ ပုရစ်ကယ်ရွှေဥ၊ ပင်တိုင်းစု ကြသည့် နုညိုစင်ငယ်သောအရွယ်၊ ငယ်သူမို့ မသိသေး သော အရွယ်ပီပီ အရာရာဆန်းသစ်သော အကြောင်းခြင်း ရာတို့က နှလုံးသားဝယ်ငြိတော့သည်။ ကျွန်မတို့၏ မောင်မယ်သစ်လွင်ဘဝသည် စိုးတထိတ်ထိတ်နှင့် ပျော်ရွှင်ရသောကာလများဖြစ်သည်။ တက္ကသိုလ်ရောက်စ ဖရက်ရှာဘဝမို့ ကျွန်မတို့သည် ယောင်တိယောင်ချာဖြင့် ဘယ်ဆီဘယ်ဝယ်သို့ လှမ်းရမည်မသိအောင် ဝေဝေဝါးဝါး ဖြစ်ခဲ့ရ၏။ မျက်မမြင်ပုဏ္ဏား ခြောက်ယောက်ကို ပြေးသတိရမိသေး၏။ တက်ရမည့်အဆောင်တွေကလည်း မသေချာ။ အချိန်စာရင်းကို ဘယ်အရပ်တွင် ဘယ်သို့ ကူးရမည်ကိုလည်း မသိ။ ဘယ်ဆရာဘာသင်မည်ကား ဝေလာဝေးသေးသည်။ ထိုတည်းသော အူကြောင်ကြောင် ဘဝတွင် ကျောင်းသား ကျောင်းသူတွေကလည်း များလှ ပါဘိ။ တစ်ယောက်တစ်ခွန်း ပြောဆိုသံ၊ နောက်ပြောင် ပြောဆိုသံများမှာ တက္ကသိုလ်တစ်ခွင်လုံး လွင့်ပျံ့နေပါ တော့သည်။

 

ကျွန်မ၏ ဆယ်တန်းအမှတ်မှာ ၃၅၄ မှတ်ဖြစ် သဖြင့် ထိုနှစ်က စီးပွားရေးတက္ကသိုလ်သို့ လျှောက်သော် လည်း လေးမှတ်အလိုဖြင့် ရူပဗေဒသာ တက်ခွင့်ရ၏။ ထိုစဉ်က ပထမနှစ် သိပ္ပံဘာသာတွဲယူသူများမှာ မန္တလေး ဆောင်တွင် တက်ရ၍ ဝိဇ္ဇာမှာမူ ရာမညဆောင် ဖြစ်သည်။

 

ကျွန်မ၏ တက္ကသိုလ်ကျောင်းသူဘဝ နိဒါန်းအစမှာ ခန်းလုံးပြည့်မျှ များပြားလှသည့် ရူပဗေဒအခန်းတွင် တက်ရောက်ရခြင်းဖြစ်၏။ စာသူငယ်ပမာ အားငယ် စိုးထိတ်၍ ကျီးကြည့်၊ ကြောင်ကြည့် ကြည့်နေရသော ဖရက်ရှာဘဝတွင် အသစ်စက်စက် ဝတ်လာသော အဝတ်အစားနှင့် ဖိနပ်ကလည်း အသားမကျသေးသည်က တစ်မှောင့်ဖြစ်သည်။ တစ်ယောက်တစ်ခွန်း ဆူညံနေသော အတန်းထဲသို့ ကော်ကိုင်းမျက်မှန်ထူထူ၊ တိုက်ပုံအင်္ကျီအဖြူ၊ စာအုပ်အနည်းငယ်ပိုက်၍ ဆရာတစ်ဦးဝင်လာတော့မှ မီးကို ရေနှင့်ငြှိမ်းသတ်လိုက်သလို အတန်းသည် ငြိမ်သက် သွားကာ မင်္ဂလာပါဆရာဟု နှုတ်ခွန်းဆက် အရိုအသေ ပေးလိုက်၏။ ဆရာက မင်္ဂလာပါဟု နှုတ်ဆက်ရန် မလို ကြောင်းနှင့် တက္ကသိုလ်၏ အဆောင်များ၊ အထင်ကရနေရာ များသို့ နှံ့စပ်အောင် လှည့်လည်ကြည့်ရှုရန်နှင့် တက္ကသိုလ် ဓလေ့စရိုက်များအကြောင်း အာပေါင်အာရင်းသန်သန်ဖြင့် ပြောကြားသည်ကို ကျောင်းသားများ စိတ်ဝင်တစား ငေးစိုက်နားထောင်နေစဉ် “တော်လောက်ပြီ ဟေ့ကောင်၊ ဆင်းခဲ့တော့” ဟူသော အသံလာရာဆီသို့ လှမ်းအကြည့် မှာပင် “ဟဲဟဲ... ဆရာ့လက်ချာကို ဒီမှာခဏရပ်မယ်”ဟု ပြုံးဖြဲဖြဲမျက်နှာထားဖြင့် ပြောပြီးဆင်းသွားတော့မှ စီနီယာ နှစ်ကြီးသမားတို့၏ နုစဉ်က သူတို့ခံခဲ့ရသော လှည့်ကွက်ကို ကျွန်မတို့လို မနူးမနပ်ဖရက်ရှာများအပေါ် အသုံးချသွားမှန်း သိရတော့သည်။

 

ဖရက်ရှာဝဲလ်ကမ်း

 

ကျွန်မတို့ မောင်မယ်သစ်လွင်များ မျှော်တလင့်လင့် ဖြင့်စောင့်စားခဲ့ရသော ဖရက်ရှာဝဲလ်ကမ်းကို ဘွဲ့နှင်းသဘင် တွင် နဖူးတွေ့၊ ဒူးတွေ့ တွေ့ရသောအခါ မအူမလည် ကျွန်မ တို့မှာ ကြီးကျယ်ခမ်းနားသော ဘွဲ့နှင်းသဘင်ကြီးအား ရင်သပ်ရှုမောအံ့ဩမဆုံး ဖြစ်ရသည်။ ပါမောက္ခချုပ်၏ ဩဝါဒသည် အစိမ်းသက်သက် ကျွန်မတို့အဖို့ မှတ်ဖွယ် များချည်း ဖြစ်သည်။ ထိုစဉ်က ပါမောက္ခချုပ်မှာ ဒေါက်တာ မောင်မောင်ခဖြစ်သည်။

 

ကျောင်းပျော်ကြီးများ၏ ကော်ရစ်ဒါတက္ကသိုလ်

 

ကျွန်မတို့ခေတ်က ရန်ကုန်တက္ကသိုလ်ကို ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်ဟု ခေါ်၏။ ပြည့်ပြည့်စုံစုံဆိုရလျှင် ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် (Rangoon Arts and Science University) ဖြစ်သည်။ အတိုကောက်အခေါ် RASU- ရာဇူး ကို အသုံးများ၏။ “ရာဇူးက မမရယ်” သီချင်းသည် တက္ကသိုလ်တစ်ခေတ်ကို လွှမ်းမိုးနိုင်ခဲ့သည်။ ကျွန်မတို့ခေတ် ရန်ကုန်တက္ကသိုလ်တွင် ကျောင်းသားအများစုသည် စာမေးပွဲနတ်ဖမ်းစားသဖြင့် အတန်းမှန်ကြသော်လည်း ကျောင်းဆွေး၊ လူဆွေး၊ ကျောင်းပျော်ကြီးများလည်း ရှိကြသည်။ သူတို့သည် စာအုပ်တစ်အုပ်စ၊ နှစ်အုပ်စကို ရင်ဝယ်ပိုက်ထားသော်လည်း စာအုပ်ထဲတွင် ဘာစာမျှ မရှိ သူများပါပေ။ သူတို့သည် ကျောင်းသာမတက် ရှိရော့မည်။ မိန်းမလှလေးများ အတန်းပြောင်းတက်ရာ ကော်ရစ်ဒါ များသို့ကား မပျက်မကွက် အတန်းပြောင်းတက်၏။ သူတို့၏ စာသင်ဆောင်သည် ကော်ရစ်ဒါများဖြစ်၏။ သူတို့ တက်ရောက်သောတက္ကသိုလ်သည် ကော်ရစ်ဒါတက္ကသိုလ် ဖြစ်၏။

 

ပျားပိတုန်းတို့ ရစ်ဝဲနေသည်

 

ရန်ကုန်တက္ကသိုလ်သို့ ကျွန်မတို့ရောက်သောနှစ်သည် ထူးခြားသောနှစ်ဖြစ်သည်။ ဝိဇ္ဇာသိပ္ပံ၏ သင်္ချာဘာသာ အဓိကတွင် ရုပ်ရှင်မင်းသမီး မေဝင်းမောင် ရှိသည်။ မိန်းမလှကျွန်း ခေါ် စီးပွားရေးတက္ကသိုလ်တွင် ဆွေဇင်ထိုက် ကျောင်းတက်နေသည်။ ကျွန်မတို့ အတန်းတွင်လည်း တက်သစ်စမင်းသားချော တစ်ဦး ရှိသည်။ အခြားတက္ကသိုလ်များက ပျားပိတုန်းတို့ ရစ်ဝဲ နေသည်မှာ ရန်ကုန်တက္ကသိုလ်၏ လှပသော အခင်း အကျင်းကြောင့်ဖြစ်သလို ဖော်ပြပါထူးခြားမှုတို့ကြောင့် လည်း ပါမည်ထင်ပါသည်။

 

ဝိဇ္ဇာသိပ္ပံ၏အပျော်သည် ဒီဇင်ဘာစာမေးပွဲနီးလာ လျှင် တစ်ခန်းရပ်ပါလေပြီ။ ထိုစဉ်က ဒီဇင်ဘာလတွင် 1st Term စာမေးပွဲအမှတ် လေးဆယ်ဖိုး စစ်သည်။ Mid Term သည် ဆယ်မှတ်ဖိုး မတ်လတွင်ဖြေရပြီး ဧပြီတစ်လ၌ ကျောင်းပိတ်သည်။ Final Exam သည် အမှတ် ငါးဆယ်ဖိုး ဇွန်လနှောင်းပိုင်းတွင်ဖြေရပြီး ဇူလိုင်၊ ဩဂုတ် နှစ်လကျောင်းပိတ်၏။ 1st Term ရလဒ်အနက် Grade 4၊ Grade 5 ရသူများနှင့် ကြိုးစား ရမည့်သူများ၏ ခုံနံပါတ်ကို သက်ဆိုင်ရာဆရာက အတန်းထဲတွင် ကျောင်းပြန်အဖွင့်၌ ကြေညာပေးသည်။ တစ်နှစ်လုံး၏ရမှတ်များကား နောက်တစ်နှစ်၏ နှစ်ဦး လောက်တွင် လူအများမြင်သာအောင် ကြော်ငြာသင်ပုန်း ၌ ကပ်ထားပေးသည်မှာ မမြင်ချင်မှအဆုံး ဖြစ်တော့ သည်။

 

ကဗျာစာအုပ်ထုတ်

ကဗျာရူးစာရူး ကျွန်မသည် ဝါသနာတူ စီနီယာ များကို အလွန်လေးစားအားကျမိသည်။ အားကျသူများ တွင် တက္ကသိုလ်ကျော်ဝင်းမောင်၊ ကိုရွှေသိမ်းမင်း ဟူသော အစ်ကိုတော်များပါဝင်သည်။ စီနီယာ ကိုလင်းရောင်တင်( ယခုစာရေးဆရာ လင်းရောင်တင်) ပါဝင်သည်။ ကိုလင်းရောင်တင်သည် ကျွန်မ၏ဆရာ ဖြစ်ပါသည်။ နှစ်စဉ်ထွက်လေ့ရှိသော ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းအတွက် တက္ကသိုလ်လမ်းဆုံလမ်းခွ များ၌ ချထားသောစာမူများသည် ကျွန်မနှင့် စာပေ အမြင်တူသူ ခင်သီတာလတ်(မွန်မျိုးလတ်-မောရဝတီ တောင်တန်း) တို့အတွက် အိပ်မက်များဖြစ်ပါသည်။

စာသမား ကိုလင်းရောင်တင်မှာ တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းစီစဉ်သူများနှင့် ထဲထဲဝင်ဝင်ရှိသဖြင့် သူ့ထံမှ ကလောင်သွေးသူများ၏ စာမြည်းများကို သိရှိရ သည်မှာ အနှစ်သာရရှိလှသည်။

 

ကိုလင်းရောင်တင် မိတ်ဆက်ပေးသဖြင့် သိရသော ဆရာ ဦးချစ်ဖေထံကလည်း ပရု(ဖ်)ဖတ်နည်းနှင့် စာရေးနည်း ဋီကာတို့ကို ဆည်းပူးခဲ့ရသည်မှာ အကျိုးကျေးဇူးများလှ သည်။ ကျွန်မတို့၏ဝါသနာပိုးမှာ ဤမျှနှင့်နိဋ္ဌိမတန်သေး ပါ။ အတန်းဖော်များဖြစ်ကြသော ကိုမောင်မောင်သန်း၊ ကိုငြိမ်းတင်၊ ကိုတင်နိုင်၊ ကိုစံရွှေ၊ ကိုစန္ဒာထူးမင်းဝင်း၊ ကိုသောင်းငွေ စသည့်အစ်ကိုတော်များနှင့် စုစည်း၍ ကဗျာစာအုပ် ထုတ်ကြပါသေးသည်။

အစ်ကိုကြီး ကိုရွှေသိမ်းမင်းက သူတို့ခေတ်ကဗျာ စာအုပ်များအကြောင်းကို “ပန်းဖလက်လို့ခေါ်တဲ့ ကဗျာ စာခေါက်လေးတွေ၊ ကဗျာစာအုပ်လေးတွေ တစ်မတ်၊ ငါးမူးနဲ့ လာရောင်းတာရှိ ဝယ်ပါတယ်။ စာသင်ခန်းထဲ လည်း ဆရာ မဝင်ခင် လာရောင်းတတ်ကြပါတယ်။ အတန်းကြီးသမားတွေပေါ့။

နောက်နှစ်တွေကျ ကျွန်တော် တို့လည်း ကဗျာဝယ်သူအဖြစ်ကနေ ရောင်းလည်းရောင်း၊ ဝယ်လည်းဝယ်ဘဝ ရောက်ပါတော့တယ်” ဟု ဆိုပါသည်။ ကျွန်မတို့ခေတ် ကဗျာစာအုပ်ရောင်းဈေးမှာ ၇၅ ပြား ဖြစ်သည်။ အရင်း တစ်ယောက် ၁၅ ကျပ်စီ ထည့်ဝင်၍ ထုတ်သော ကဗျာစာအုပ်မှာ စာပေစိစစ်ရေးလည်း မရှိ သေးသောခေတ်တွင် မကြာမတင်ကာလမှာပင် ထွက်လာပါသည်။ ရန်ကုန်တက္ကသိုလ်အပန်းဖြေရိပ်သာ (R.C) တွင် တွေ့သမျှဖြတ်သွားဖြတ်လာကျောင်းသား များကို ရောင်းခဲ့သော ထိုဘဝကား မှတ်မှတ်ရရ ရှိလွန်း လှ၏။ တစ်သက်နှင့်တစ်ကိုယ် တစ်ခါမျှမလုပ်ဖူးသော အလုပ်ပေမို့ ကနဦးအစတွင် ရှက်သလိုလို ကြောက်သလို လိုဖြစ်သဖြင့် ရှေ့မျက်နှာနောက်ထားရောင်းရသော် လည်း တက္ကသိုလ်၏အရှိန်အဝါသည် ကြီးမားလှပေရကား ကျွန်မတို့အုပ်စုသည် ပျော်မဆုံးမော်မဆုံး ဖြစ်ခဲ့ရပါသည်။

 

တက္ကသိုလ်ရောက်စက အဆောင်ကျောင်းသူဘဝ ကို မက်မောရသော အာသီသသည် ယနေ့တိုင်ရှင်သန် နေဆဲပါပင်။ ခံစားမှုအသစ်၊ အခင်းအကျင်းအသစ်နှင့် ထိတွေ့ရသော အဆောင်ကျောင်းသူဘဝသည် ကမ္ဘာသစ် ကိုရောက်သွားခြင်းတစ်မျိုးဟု စိတ်ကူးယဉ်ခဲ့မိသည်။ အခန်းနီးဝန်းကျင်ကို ကိုယ့်အခန်းမှပင် ကျယ်ကျယ် လောင်လောင် နောက်ပြောင်အော်ပြောလိုက်၊ စကားနိုင် လုလိုက် တစ်ခန်းဝင်တစ်ခန်းထွက် အစားများ ထွက် တစ်လုပ်၊ ဝင်တစ်လုပ်စားလိုက်ဖြင့် စိတ်လွတ်ကိုယ်လွတ် ဖြင့် ပျော်ရပုံများကို ကျွန်မတို့အပေါ် လွှမ်းမိုးခဲ့လေသော တက္ကသိုလ်နောက်ခံဝတ္ထုများမှ နှစ်သက်ခြင်းရသ ခံစား ရသလို သိပ္ပံအဆောက်အအုံနှင့် ကျောချင်းကပ်တည်ရှိ သော ရတနာဆောင်သို့ ချစ်သူငယ်ချင်း စန်းစန်းယဉ်နှင့် လိုက်သွားတိုင်းလည်း တွေ့မြင်နေရသည်။

 

“ ရတနာမှာက မနက်စောစောကော်ဖီ၊ နံနက်စာ ထမင်း၊ နေ့ခင်း ကော်ဖီနဲ့ပေါင်မုန့်၊ ညစာထမင်း ဒါဆို လုံလောက်နေပြီပဲ။ မနက် ကော်ဖီကို မသောက်ဘဲ ဓာတ်ဘူးနဲ့ ထည့်ယူသွားလို့ရတယ်။ ကျောင်းမှာ နေ့ခင်း ဆာရင် မုန့်ဟင်းခါးအလွတ်တစ်ပွဲ ပြား ၂၀၊ ပဲကြော်နဲ့မှ ၂၅ ပြား၊ အအေးက ရေခဲသုပ် ၂၅ ပြား၊ ကျောက်ကျော သံပရာရည် ၂၅ ပြား တစ်နေကုန်လုံးမှာ ပြား ၅၀ ပဲကုန် မယ်၊ လောက်နိုင်ပါတယ်” ဟူသည်မှာ တက္ကသိုလ် ရောက်စ ကျွန်မတို့၏ ငွေကြေးသုံးစွဲမှုမဟုတ်ပါ။ ၁၉၅၉-၆၀ ပညာသင်နှစ် ထီးတန်းကောလိပ်အဖြစ် နောက်ဆုံး တက်စဉ် ကာလ၏ခေတ်ကြေးမုံကို စာရေးဆရာမ ရွှေကူမေနှင်းက ငါတို့ခေတ်က တက္ကသိုလ်ဝတ္ထုတွင် ထင်ဟပ်ထားခြင်းဖြစ်သည်။

 

ကျွန်မတို့ခေတ်တွင် ကျောင်းအသွားကားခ ပြား ၃၀၊ လမ်း ၅၀ မှ လင်းစဒေါင်း ၈ ဂိတ်အစသို့ ၁၀ ပြား၊ ၈ ဂိတ်မှ ကျောင်းအရောက် ပြား ၂၀ ဖြစ်သည်။ ကျောင်းသားတွေ အောတိုက်နေသော ၈ ဂိတ်တွင် ၈ အနီလာပါစေ ဆုတောင်း၊ ၈ အနီက ရာမညရှေ့ ပြည်လမ်းကသွားသည်မို့ ကမာရွတ် ရဲစခန်းကိုဖြတ်၍ လမ်းမလျှောက်ရတော့ ထိုအခါ ကျောင်းသားအများစုက နှစ်သက်သည်။ အပြန်တွင် ရာမညဆောင်မှလမ်းကူး၍ ၆ ကားစီးရသည်။ ထိုအခါက ကျောင်းသားကြီးများသည် ဇဝနဉာဏ်ထက်သန်စွာ ၆ ကားစီး၏ စကားလိမ်အနက်ကို ဘာသာပြန်၍ နောက်ပြောင် လေ့ရှိသည်။ ၆ ကားဖြင့် ဟံသာဝတီအဝိုင်းအထိ ၁၀ ပြား၊ ဟံသာဝတီအဝိုင်း ၁၂ ဂိတ်စမှ လမ်း ၅၀ အထိ ပြား ၃၀၊ လမ်းစရိတ် ပြား ၇၀ ကုန်သည်။ မန္တလေးကင်န်တင်းတွင် အသုပ်တစ်ပွဲ ပြား ၅၀ ပေးရသော ကျွန်မတို့ခေတ်တက္ကသိုလ်၊ ကျောင်းလခ ၁၅ ကျပ်ပေးရသော ကျွန်မတို့ခေတ် တက္ကသိုလ်သည် လွန်ခဲ့သော ၁၃ နှစ် ဆရာမ ရွှေကူမေနှင်း တို့နှင့် အတန်ငယ်ခြားနားနေခဲ့လေပြီ။ ကျွန်မတို့ ဖရက်ရှာ ကျောင်းသူဘဝမှ နှစ် ၅၀ မျှ ကွာလှမ်းလာသည့် ယနေ့ ခေတ်နှင့်ကား ဝေးစွခြောက်ပါး၊ တွေးမှမြောက်မြားဟုပင် ပြောရမတတ်ဖြစ်လေပြီ။

 

အသီးတစ်ရာအညှာတစ်ခု

 

ရန်ကုန်တက္ကသိုလ်၏ လှပသော အခင်းအကျင်းများ အနက် တစ်ဦးအရေးရှိက တစ်ဦးက ရိုင်းပင်းတတ်သော ချစ်သူငယ်ချင်းများ၏ သွင်ပြင်သည် မနေ့တစ်နေ့ကလိုပင် ရှင်သန်ဆဲပါပေ။ ကျွန်မတို့ခေတ်တွင် စာပေးစာယူသင်တန်း လည်း မရှိသေး၊ အဝေးသင်တက္ကသိုလ်လည်း ဝေလာဝေးမို့ ဆယ်တန်းကို (က)အဆင့်ဖြင့် အောင်သူတို့၏ တစ်ခုတည်း သော အားကိုးရာသည် တက္ကသိုလ်သာ ဖြစ်ပါသည်။ ထိုစဉ် က ဆယ်တန်းအောင်သူလည်း နည်းသေးသည်။ (ခ)အဆင့် ဖြင့်အောင်လျှင်မူ တက္ကသိုလ်တက်ခွင့်မရပါ။ အလုပ်ကား လျှောက်ထားနိုင်၏။

 

နှလုံးသားအက္ခရာတင်ဖို့အတွက်တော့ အကြင်အရပ် တွင် “သစ်ရွက်ရော်ရီနီ၊ ဣန္ဒနီဝယ်၊ သိင်္ဂီတစ်ဝက်၊ မြတစ်ဝက်နှင့်၊ ဖက်၍ဆေးစုံ ခြယ်သောပုံသို့” ဆိုညွှန်းဖွယ် ပန်းချီကားရှိပါသည်။ ဥဩငှက်က လွမ်းအောင်ဖန်သည့် သံစဉ်တေးသွားတို့ ပျံ့လွင့်ရာ မြကျွန်းညိုညို တည်ပါသည်။ အင်းလျားကန် အိုင်မင်းနှင့် ခက်လက်စိမ်းမို့ ညို့တို့တို့၊ ရေတမာတန်း၊ စိန်ပန်းလမ်း၊ ငုဝါပိတောက်၊ ပင်တိုင်းလျှောက် နှင့် သော်ကထင်းရှူး၊ ကံ့ကော်ဦးတို့တည်ရာ တောအုပ်ထူး တို့ ရှိပါ၏။ အကြင်အရပ်ဝယ် ဂျပ်ဆင်ဘုရားကျောင်း၊ ဝိဇ္ဇာ ခန်းမ၊ သိပ္ပံခန်းမ၊ သမိုင်းဝင် သစ်ပုပ်ပင်၊ တက္ကသိုလ် စာကြည့်တိုက်၊ မန္တလေး၊ အမရ၊ ရာမည၊ တောင်ငူ၊ ဝေသာလီ၊ ဒဂုံ၊ ရွှေဘို၊ သထုံ၊ ပဲခူး၊ ပင်းယ၊ စစ်ကိုင်း၊ အင်းဝ၊ ရတနာ၊ အင်းလျား၊ သီရိ၊ မာလာအဆောင်များသည် မြင့်မြင့်စွင့်စွင့်နှင့် ခံ့ခံ့ထည်ထည် အသရေကို ဆောင်လျက် တိုင်းကျိုးထမ်းရွက်ခဲ့သူများအကြောင်း ပြန်ပြောင်းပြောနေပါသည်။

 

ရန်ကုန်တက္ကသိုလ်မုခ်ဦးမှ ဘွဲ့နှင်းသဘင်ခန်းမ အရောက် ဖြူးဖြူးဖြောင့်ဖြောင့်တည်လေရစ်သော အဓိပတိ လမ်းနှင့် စစ်ကိုင်းလမ်း၊ ဒဂုံလမ်း၊ ပိတောက်လမ်း အမည်ရ သထုံလမ်း၊ ပုဂံလမ်းက စောင့်နေမယ်သီချင်းကြောင့် ပိုထင်ရှားလာသော ပုဂံလမ်းကိုကား ချစ်သူတို့ လျှောက် သောလမ်းများဟု အကြင်အရပ်က ကမ္ပည်းတင်နေပါသည်။ ပညာဆည်းပူး ပန်းသို့ခူးနိုင်သော အကြင်ရပ်ဝန်းဝယ် အနုပညာအသင်း၊ လှေလှော်ရွက်တိုက်အသင်း၊ ခြေလျင် တောင်တက်အသင်း၊ တက္ကသိုလ်အရန်တပ်ရင်း (UTC)၊ ပုဂံလမ်းဘောလုံးကွင်းတွင် ဘောလုံးပွဲ၊ တက္ကသိုလ် အပန်းဖြေရိပ်သာ(R.C) တွင် ဘော်လီဘောနှင့် ဘတ်စကက် ဘောပြိုင်ပွဲ စသည့်လှုပ်ရှားမှုတို့ကလည်း ရန်ကုန် တက္ကသိုလ်အား စွယ်စုံရတက္ကသိုလ်ကြီးဟု ဖော်ကျူး နေပြန်သည်။

 

ယခုအခါ ရန်ကုန်တက္ကသိုလ် မန္တလေးဆောင်အနီးတွင် ကံ့ကော်ဥယျာဉ်ဟူသည်ကို တွေ့မြင်နိုင်ပြီ ဖြစ်သည်။ “ကံ့ကော်တောကို စွန့်ခဲ့ပြီ” ဟူသောဝတ္ထုသည် ကျွန်မတို့ အလယ်တန်းကျောင်းသူဘဝကပင် တရှိုက်မက်မက် မက်ခဲ့ရသော အိပ်မက်ရှည် ဖြစ်ပါသည်။ ဝတ္ထုအမည်ကို က လွမ်းရိပ်သန်းနေပါသည်။ ရန်ကုန်တက္ကသိုလ်အား ကံ့ကော်တောအမည်စတင်ပေးခဲ့သူ တက္ကသိုလ် ခင်မောင်အေး သည် ကံ့ကော်တောနှင့်ဝေးခဲ့ပြီးမှ ဝတ္ထုဖြင့်လည်း ရန်ကုန်တက္ကသိုလ်အား ကံ့ကော်တောဟု သမိုင်းတင်နိုင် ခဲ့ပါသည်။

ကျွန်မတို့ရန်ကုန်တက္ကသိုလ်ထွက် သူငယ်ချင်း များ၏ နှလုံးသားတွင် အကြင်တက္ကသိုလ်ပရဝဏ်အလှ များသည် နှစ်သက်စွာ စိတ်ကိုစိုးမိုးထားသည်မှာ ရွှေရတု တစ်ခေတ် (နှစ် ၅၀ ဝန်းကျင်)ပင် ကြာခဲ့ပါလေပြီ။ ဤ ကာလတိုင် နှလုံးသားအက္ခရာတင်ထားသော ကံ့ကော် တောနှင့်ဝေးခဲ့ပြီးမှ မြကျွန်းညိုကို သတိရတိုင်း ကျွန်မ တို့ မျက်ရည်ဝိုင်းရသည်ကို ရာပြည့်ရန်ကုန်တက္ကသိုလ်ကြီး အသိဖြစ်ပါပေလိမ့်မည်။ ။