မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ဇယားထိပ်ပိုင်းမှအသင်းများ နိုင်ပွဲဆက်

 

ရန်ကုန် နိုဝင်ဘာ ၁၇


၂၀၂၂ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၁) ကို နိုဝင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်တို့က ဆက်လက် ကျင်းပရာဇယားထိပ်ပိုင်းမှ လက်ရှိချန်ပီယံ အား/ကာ သိပ္ပံအသင်း၊ ဇယားထိပ်ဆုံးမှ သစ္စာအားမာန်အသင်း နှင့် တတိယနေရာမှ မြဝတီအသင်း နိုင်ပွဲရရှိခဲ့သည်။

 


ဗဟန်းမြက်ခင်းတုကွင်း၌  ကျင်းပသည့်ပွဲတွင် လက်ရှိချန်ပီယံ   အား/ကာသိပ္ပံအသင်းက  YREO အသင်းကို ငါးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ လက်ရှိ ချန်ပီယံ အား/ကာသိပ္ပံအသင်းသည် နိုင်ပွဲဆက်ခဲ့သော် လည်း YREO  အသင်း၏ ရုန်းကန်မှုကြောင့် အားကုန် ထုတ်ကစားခဲ့ရပြီး ပထမပိုင်းတွင် တစ်ဂိုးသာသွင်းယူ နိုင်သလို  သုံးဂိုး-နှစ်ဂိုးအထိ   ဖိအားပေးခံရပြီးမှ   ဂိုးပြတ်အနိုင်ရခဲ့ ခြင်းဖြစ်သည်။   အား/ကာသိပ္ပံအသင်းအတွက်    ဂိုးများကို ၄၉၊ ၇၆၊ ၈၆   မိနစ်တွင်    လင်းမြင့်မိုရ်၊    မိနစ် ၆၀ တွင် ရွှေရည်ထွန်းတို့က   သွင်းယူခဲ့ကာ   ကျန်တစ်ဂိုးမှာမူ  ၁၆ မိနစ်တွင် YREO အသင်းမှ   အေးအေးထွေး    ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့ခြင်းဖြစ်သည်။  YREO အသင်းအတွက် ချေပဂိုးများကို ၆၇ မိနစ်တွင်  ဆွေမာအောင်၊ မိနစ် ၇၀ တွင် ဇင်မိုးပြည့်တို့က သွင်းယူခဲ့သည်။

 


သုဝဏ္ဏလေ့ကျင့်ရေးကွင်း-၁ ၌ ကျင်းပသည့်ပွဲတွင် သစ္စာ အားမာန်အသင်းက   တနင်္သာရီအသင်းကို ၁၀ ဂိုး - ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ သစ္စာအားမာန်အသင်းသည်  ဇယားထိပ်ဆုံး တွင် ဆက်လက်ရပ်တည်နိုင်ရန်  အမှားအယွင်းမရှိ နိုင်ပွဲ ယူခဲ့ပြီး   ဂိုးပြတ်ရလဒ်ပါ   ရရှိခဲ့သည်။  သစ္စာအားမာန်အသင်း အတွက်  ဂိုးများကို ၇၊ ၈၆ မိနစ်တွင် ဂျူလိုင်ကျော်၊ ၁၄ မိနစ် တွင်   ခင်မိုမိုထွန်း၊  ၄၁၊ ၅၉၊ ၆၂၊ ၆၉၊ ၇၃၊ ၉၀+၂ မိနစ်တွင် ဝင်းသိင်္ဂီထွန်း၊   ၇၁ မိနစ်တွင်  ယွန်းဝဒီတို့က  သွင်းယူခဲ့သည်။

 


နိုဝင်ဘာ   ၁၆ ရက်ကကျင်းပသည့်ပွဲတွင်  မြဝတီအသင်းက အား/ကာဦးစီးဌာနအသင်းကို  တစ်ဂိုး - ဂိုးမရှိဖြင့်  အနိုင်ရခဲ့ သည်။   ဇယားထိပ်ပိုင်းမှ   သစ္စာအားမာန်အသင်းနှင့် အား/ကာသိပ္ပံအသင်းကို ဖိအားပေးနိုင်ရန်အတွက်  မြဝတီအသင်း ရုန်းကန်ခဲ့ပြီး အနိုင်သုံးမှတ်  ရယူနိုင်ခဲ့သည်။  မြဝတီအသင်း အတွက် အနိုင်ဂိုးကို  မိနစ် ၂၀ တွင် မေစံပယ်ဖူးက သွင်းယူခဲ့ ခြင်းဖြစ်သည်။
ပွဲစဉ် (၁၁)   အပြီးတွင်   သစ္စာအားမာန်အသင်းက  ၁၀ ပွဲကစား   ရမှတ် ၂၇ မှတ်ဖြင့်    ဆက်လက်ဦးဆောင်နေပြီး လက်ရှိချန်ပီယံ အား/ကာသိပ္ပံအသင်းက  ကိုးပွဲကစား ၂၅ မှတ်၊ မြဝတီအသင်းက ကိုးပွဲကစား ၂၂ မှတ်၊  အား/ကာ ဦးစီးဌာနအသင်းက ကိုးပွဲကစား ၁၂ မှတ်၊ YREO အသင်းက ၁၀ ပွဲကစား  ခြောက်မှတ်၊  Young Lionesses အသင်းက ကိုးပွဲကစား ခြောက်မှတ်ရရှိထားကာ  တနင်္သာရီအသင်းမှာမူ ၁၀ ပွဲကစား ၁၀ ပွဲရှုံးဖြင့် အမှတ်မရသေးပေ။      

ရဲရင့်လွင်