အနာဂတ်အတွက် လူငယ်များဘဝမြှင့်တင်

အယ်ဒီတာ့အာဘော်

===========

 

အနာဂတ်အတွက် လူငယ်များဘဝမြှင့်တင်

========================

 

သဘာဝအရင်းအမြစ်များသည် လူသားများ အဆက်မပြတ်ထုတ်ယူအသုံးပြုမှုကြောင့် တစ်နေ့သောအခါတွင် ကုန်ခန်းသွားနိုင်သည်။ လူသားအရင်း အမြစ်များသည် စနစ်တကျပြုစုပျိုးထောင်နိုင်ပါက ကုန်ခန်းသွားခြင်းမရှိဘဲ သုံး၍မကုန်နိုင်သည့် အစဉ်အမြဲတိုးတက်သစ်လွင်နေသော အရင်းအမြစ်များ ဖြစ်သည်ကို ကမ္ဘာ့နိုင်ငံများ နားလည်သိရှိ လက်ခံလာကြသည်။

 

လူ့ဘဝသက်တမ်းတစ်လျှောက်တွင် လူငယ်လူရွယ်များသည် ဘဝများ၏ အဖြူထည် အနုအထွတ်အညွန့်အဖူးလေးများ ဖြစ်သည်။ အသွေး အရောင်ကြွယ်ပြီး နုပျိုလန်းဆန်းကြည်လင်နေသည့် တက်ကြွသည့်အားမာန် များ၊ ပြင်းပြသည့်လုံ့လများ၊ ဆန်းသစ်သည့် တီထွင်ကြံဆမှုများ ရှိသည်။ လူငယ်လူရွယ်များသည် စိတ်အစဉ်များ အမြဲတမ်းလှုပ်ရှားနေပြီး ပြောင်းလွယ်၊ ပြင်လွယ်၊ တက်လွယ်၊ ကျလွယ်ရှိသဖြင့် အရောင်အမျိုးမျိုးခြယ်မှုန်းရန် လွယ်ကူသည်။ လူငယ်လူရွယ်များအား ကြည်လင်လန်းဆန်း တိုးတက် တောက်ပြောင်အောင် စီမံနိုင်သလို ညစ်ထေးနောက်ကျိအောင်လည်း အရောင်ဆိုးနိုင်သည်။

 

လူငယ်လူရွယ်များသည် အပြောင်းအလဲအသစ်အဆန်းများကို လိုလား ကြသဖြင့် ကောင်းသောပတ်ဝန်းကျင်များ အစဉ်အမြဲဖန်တီးပေးနိုင်ရန် လမ်းခင်းပေးဖို့လိုသည်။ ပြည်သူများအား ဦးစားပေးသည့်ခေတ်တွင် လူငယ် များအတွက် အခင်းအကျင်းသစ်များ ပိုမိုပေါ်ထွက်လာသည်။ ကြီးမားသော အခက်အခဲများနှင့် စိန်ခေါ်မှုများအား ချဉ်းကပ်ဖြေရှင်းနေရသော မျက်မှောက် ကာလ၌ မြန်မာနိုင်ငံတွင် လူငယ်ရေးရာမူဝါဒ ပြဋ္ဌာန်းထားပြီး လက်တွေ့ အကောင်အထည်ဖော်ရန်အတွက် လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာစီမံချက်ကို တရားဝင်မျှဝေပေးခဲ့သည်။

ဒီဇင်ဘာလ ၂၈ ရက်ကကျင်းပသည့် လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်(၂၀၂၀-၂၀၂၄)စာအုပ် မိတ်ဆက် ဖြန့်ချိခြင်းအခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး ရေရှည်တည်တံ့ဖို့ဆိုရင်တော့ နိုင်ငံသားတွေရဲ့ စွမ်းရည်အရင်း အမြစ်တွေကို စဉ်ဆက်မပြတ် မြှင့်တင်ပေးကြရမှာ ဖြစ်ပါတယ်။ အခြေခံ ကျကျ အားထားရမှာကတော့ ကျွန်မတို့ရဲ့ လူငယ်တွေပါပဲ။ လူငယ်တွေ တစ်ဦးချင်း တစ်ဦးချင်းစီကို အသိပညာ၊ အတတ်ပညာသာမက စွမ်းရည် မြင့်မားပြီး ဆင်ခြင်တုံတရားကြီးမားတဲ့သူတွေ ဖြစ်လာအောင်လို့ ပြုစု ပျိုးထောင်ပေးရမှာပါ” ဟု Video Message ပေးပို့ခဲ့သည်။

 

လူငယ်များအား လေ့ကျင့်ပြုစုပျိုးထောင်ပေးရာ၌ လူငယ်များအား အသိအမြင်ဗဟုသုတနှင့် စွမ်းရည်မြင့်မားအောင် ပျိုးထောင်ပေးကြရမည် ဖြစ်သလို တစ်ဦးနှင့်တစ်ဦး နားလည်စာနာခြင်း၊ သည်းခံခွင့်လွှတ်ခြင်း၊ အနစ်နာခံလိုစိတ်ရှိခြင်း၊ အတူပူးပေါင်းဆောင်ရွက်လိုခြင်း စသည့်စိတ်ဓာတ် များ၊ နှလုံးသားများ ကိန်းအောင်းနေစေရန် အခက်အခဲများနှင့် ကြုံတွေ့ ရသောအခါ နောက်မတွန့်သည့် ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် ရည်မှန်းချက်ကို အောင်မြင်အောင် ဆောင်ရွက်နိုင်သည့်၊ ဆောင်ရွက်တတ်သည့် အရည်အချင်း များနှင့်ပြည့်စုံအောင် ကြိုးစားဖြည့်ဆည်းပေးရမည် ဖြစ်သည်။

 

ယခုအခါ ကိုဗစ်-၁၉ ရောဂါ၏ စိန်ခေါ်မှုများကြောင့် လူမှုဘဝနှင့် နယ်ပယ်အသီးသီးတွင် လူငယ်များပါဝင်လာပြီး အွန်လိုင်းအစီအစဉ်များလည်း ပိုမိုအသုံးပြုလာသည်။ လူငယ်လူရွယ်များအနေဖြင့် အွန်လိုင်းအသုံးပြုမှု အလေ့အထရှိပြီးဖြစ်၍ ယင်းကို ကောင်းမွန်သော အခွင့်အလမ်းတစ်ခုအဖြစ် ဖန်တီးကြရမည်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါကြောင့် နိုင်ငံ၏လူမှုစီးပွား မယိမ်းယိုင်သွားအောင် ကြိုးပမ်းနေသောအခါတွင် လူမှုရေးနှင့် စီးပွားရေး ရပ်ဝန်းများကို ဒစ်ဂျစ်တယ်ပလက်ဖောင်းသို့ အသွင်ကူးပြောင်းလျက်ရှိရာ လူငယ်လူရွယ်များအနေဖြင့် မိမိတို့စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ တိုးတက်ဖွံ့ဖြိုးရေး တို့အပြင် ကမ္ဘာ့စီးပွားရေး၊ မြန်မာ့စီးပွားရေးကို မျက်ခြည်မပြတ် လေ့လာပြီး အများပြည်သူ ယုံကြည်အားကိုးနိုင်သည့် ဒစ်ဂျစ်တယ်ပလက်ဖောင်း ဖြစ်အောင် ပါဝင်ဆောင်ရွက်ကြရမည် ဖြစ်သည်။

 

ယခုမိတ်ဆက်ဖြန့်ချိပေးလိုက်သော လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်သည် လူငယ်များ၏အနာဂတ်အတွက် မူဝါဒနှင့် ရည်မှန်းချက်များပြည့်မီအောင် စစ်မှန်သည့်လမ်းကြောင်းများဖြင့် လမ်းခင်းပေးထားသည်။ မကြာမီကာလတွင် နှစ်သစ်တစ်နှစ်သို့ ကူးပြောင်း ရောက်ရှိတော့မည် ဖြစ်သည်။ လူငယ်များအနေဖြင့် လာမည့်နှစ်ကာလများ တွင် မိမိတို့နိုင်ငံ ပြောင်းလဲဖြစ်ပေါ်တိုးတက်ရေးအတွက် ထုဆစ်ဖန်တီးပေးကြမည့်သူများဖြစ်ရာ အရည်အသွေးမြင့်မားသော လူငယ်များအဖြစ် ပုံဖော် ပေးမည့်သူများကလည်း မဟာဗျူဟာစီမံချက်ပါအတိုင်း စဉ်ဆက်မပြတ် လက်တွေ့ဖော်ဆောင်ရမည် ဖြစ်သည်။

 

သို့ဖြစ်ရာ လူငယ်များအနာဂတ်သည် တိုင်းပြည်၏အနာဂတ်ဖြစ်၍ မိတ်ဆက်ဖြန့်ချိလိုက်သော လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်(၂၀၂၀-၂၀၂၄)ကို လက်တွေ့ကျကျ ဝိုင်းဝန်းအကောင် အထည်ဖော်ကြရမည်ဖြစ်ပါကြောင်းနှင့် လူငယ်များဘဝ မြှင့်တင်ရေးကို အလေးထားဆောင်ရွက်ပြီး ထာဝရငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များပါ ပေါက်မြောက်အောင်မြင်အောင် မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယများဖြင့် ညီညီညွတ်ညွတ်လက်တွဲဆောင်ရွက်ပေးကြပါရန် တိုက်တွန်း အပ်ပါကြောင်း။ ။