ကျန်းမာရေးအတွက် ဆေးတစ်လက်

 

လမ်းလျှောက်ခြင်းသည်  ကျန်းမာရေးအတွက် အကောင်းဆုံး ဆေးတစ်လက်ဖြစ်သည်ဟု    ဖော်ညွှန်းကြသည်။   လွန်စွာ လွယ်ကူသလောက်  ငွေကုန်ကြေးကျလည်း  နည်းလွန်းလှ သည့် လမ်းလျှောက်ခြင်းအားဖြင့်   ရရှိလာနိုင်သည့်  ကျန်းမာ ရေးရလဒ်အကျိုးကျေးဇူးများမှာ   အံ့အားသင့်ဖွယ်ကောင်း လောက်အောင်ပင် များပြားလှသည်။ သို့ရာတွင် နေ့စဉ်မှန်မှန် မပျက်မကွက်   လမ်းလျှောက်ရန်အတွက်    မိမိကိုယ်ကို တာဝန်ယူနှိုးဆော်ထားရမည်ဖြစ်သည်။

 


ကျန်းမာရေးအတွက် လမ်းလျှောက်ခြင်းသည် တစ်ရက် လျှင်  မိနစ် ၃၀ နှုန်းဖြင့် တစ်ပတ်လျှင်  အနည်းဆုံး ငါးရက် လျှောက်ရန်လိုသည်။ အလေ့အကျင့်မရှိသေးသူအတွက် တစ်ရက်လျှင်  ၁၀ မိနစ် လမ်းလျှောက်ခြင်းဖြင့် စတင်ကာ တဖြည်းဖြည်း တိုး၍ သွားရမည်ဖြစ်သည်။ စတင်လမ်းလျှောက် သူသည် နာရီဖြင့် အချိန်မှတ်၍ သက်သောင့်သက်သာအနေ အထားဖြင့်   လျှောက်ရမည်ဖြစ်ပြီး  ရက်သတ္တတစ်ပတ်ပြီး တစ်ပတ် ၁၀ မိနစ်မှသည် ၁၅ မိနစ်၊ ၁၅ မိနစ်မှသည် မိနစ် ၂၀ - မိနစ် ၃၀ စသည်ဖြင့် တိုးမြှင့်သွားရမည်ဖြစ်သည်။

 


ထို့အပြင် လမ်းမလျှောက်မီ ရေအနည်းငယ်သောက်၍ သွေးပူလေ့ကျင့်ခန်း အနည်းငယ်လုပ်ရန်၊ လမ်းမလျှောက်မီနှင့် လျှောက်ပြီးချိန်တွင်  အကြောလျှော့ရန်၊ လမ်းလျှောက်သည့် အချိန်တွင် ဦးခေါင်းမတ်မတ်ထား၊ ရှေ့ကို တည့်တည့်ကြည့်၍ လက်လွှဲလျှောက်ရန်၊  တစ်ခါတစ်ခါ   အရှိန်မြှင့်လျှောက်၍ နှလုံးခုန်မြန်လာအောင် လျှောက်ပေးရန်၊ လှေကားအတက် ကုန်းအတက်များကို လျှောက်ရန်၊ ပို၍မြန်မြန် ပို၍ဝေးဝေး လျှောက်ပေးရန်၊ နေ့စဉ်  မိမိလမ်းလျှောက်သည့်  ကြာမြင့်ချိန် နှင့် ခြေလှမ်းမှတ်သည့်ကိရိယာရှိပါက ခြေလှမ်းအရေအတွက် တို့ကို မှတ်တမ်းတင်ရန် စသည်တို့ကို ကျန်းမာရေးပညာရှင်တို့ က အကြံပြုတိုက်တွန်းထားကြသည်။

 


တစ်နေ့လျှင် မိနစ် ၃၀ နှုန်းဖြင့် နေ့စဉ်မှန်မှန် လမ်းလျှောက် လာနိုင်သည်နှင့်အမျှ နှလုံးရောဂါဖြစ်နိုင်ခြေမှာ ၁၉ ရာခိုင်နှုန်း လျော့နည်းသွားပြီဖြစ်ပြီး နှလုံးသွေးကြောရောဂါနှင့် ကင်ဆာ ရောဂါတို့လည်း ဖြစ်နိုင်ခြေလျော့ကျသွားပြီဖြစ်သည်။ ဆီးချို ရောဂါဖြစ်နေသူများ ပုံမှန်လမ်းလျှောက်ခြင်းဖြင့် သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးနိုင်သည်။ လမ်းလျှောက်ခြင်းက ကိုယ်အလေးချိန်ကို လျော့ကျစေပြီး ကြွက်သားများကို သန်မာ စေသည်။ အဆုတ်ကို အားကောင်းစေပြီး သွေးလည်ပတ်မှုကို  ကောင်းစေသည့်အတွက် အမောခံ သက်လုံကောင်းလာစေ သည်။ လေဖြတ်၊ လေဖြန်း ကင်းစေသည်။ ကျောရိုးမကြီးကို အားကောင်းလာစေသည့်အတွက်  ခါးနာနေသူများအတွက် လေ့ကျင့်ခန်းတစ်ခုဖြစ်သည်။ စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ပြီး ဦးနှောက်အပေါ်တွင်လည်း   အကျိုးသက်ရောက်နိုင်သည့် အတွက် အယ်ဇိုင်းမားရောဂါ၊ သူငယ်ပြန်ခြင်းနှင့် ဦးနှောက်သွေးကြောပြတ်ခြင်းတို့ကို ကာကွယ်ပေးနိုင်သည်ဟုလည်း ဆိုထားသည်။

 


ကိရိယာမလို၊  နည်းစနစ်မလို၊   ငွေကုန်ကြေးကျမရှိဘဲ လူတိုင်းပြုလုပ်နိုင်ကြသည့်    လမ်းလျှောက်လေ့ကျင့်ခန်းကို  နေ့စဉ် နာရီဝက်မှန်မှန်ပြုလုပ်ခြင်းဖြင့်    အဖိုးမဖြတ်နိုင်သော    ကျန်းမာရေးလာဘ်လာဘကို  ရယူနိုင်ကြပါစေကြောင်း။      ။