စာပေတာဝန် ကျေပွန်ကြစေရာ

 

စာသည်စကားကို  သင်္ကေတပြု၍  အက္ခရာတင်ကာ ရေးမှတ် သည့် စနစ်တစ်ခုဖြစ်ပြီး စာပေဟူသည်ကမူ စာကို ရသမြောက် အောင်၊  အနုပညာသဘောပါအောင်  ရေးဖွဲ့ခြင်းဖြစ်သည်ဟူ၍ ယေဘုယျသဘော  ဖွင့်ဆိုနိုင်သည်။  စာပေသည်  ယဉ်ကျေးမှု တစ်ရပ်ပင်ဖြစ်ရာ နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုအဆင့်အတန်း ဂုဏ်ဒြပ်မြင့်မားမှုကို ထိုနိုင်ငံ၏ အမျိုးသားစာပေအဆင့်အတန်း  အားဖြင့်လည်း ချိန်ထိုးသတ်မှတ်သည့်အလျောက် စာပေမြင့် မှ လူမျိုးတင့်သည်ဟူ၍ ဆိုခြင်းဖြစ်သည်။

 


မြန်မာစာပေသည် အစောပိုင်းကာလတွင် လောကီရေးနှင့် ကင်းကာ လောကုတ္တရာရေးဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။ မြန်မာ စာပေဖြစ်ပေါ်လာပုံနှင့် စပ်လျဉ်း၍ ပညာရှင်ကြီးတစ်ဦးဖြစ် သော ဆရာဇော်ဂျီက “မြန်မာစာဆိုတို့သည် မြန်မာပြည်တွင် မိမိတို့၏ လမ်းကြောင်းကို  အရာထင်အောင် ပြုနေကြဆဲတွင်  လမ်းမကြီးတစ်ခုသဖွယ်ဖြစ်သော ဗုဒ္ဓစာပေကိုရလာ၍  မိမိတို့ ၏ လမ်းကြောင်းကို ထိုစာဖြင့် ချက်ချင်းဆောက်လုပ်ခဲ့သည် ကို တွေ့ရသည်။ တစ်နည်းအားဖြင့်ဆိုသော်    မြန်မာစာပေတွင်    မြန်မာစာဆိုတို့၏ ကိုယ်ပိုင်သက်သက်ဖြစ်သော      လမ်းကြောင်း ရာသည် မထင်ရှားခဲ့။ ဗုဒ္ဓစာပေဖြင့် ဆောက်လုပ်သောလမ်းရာ အဖြစ်ဖြင့်သာ   ထင်ရှားခဲ့သည်ဟု    ဆိုနိုင်ပါသည်။”   ဟူ၍ ဂန္ထလောက မဂ္ဂဇင်း (၁၉၃၄) “မြန်မာစာပေလမ်းခင်းလာပုံ” အမည်ရှိ ဆောင်းပါးတွင် ဖော်ပြခဲ့သည်။

 


ပုဂံခေတ်နောက်ပိုင်းတွင် မြန်မာစာပေသည် စကားပြေ အရေးအသားပုံစံထက် သုတိသာယာစွာ ရွတ်ဖတ်သီဆိုရသည့် ပျို့ကဗျာများကို    ပို၍အားသန်လာကြသကဲ့သို့   အကြောင်း အရာအားဖြင့်လည်း      တောတောင်ရေမြေ   သဘာဝလောက ကြီးအကြောင်း၊   စစ်ရေးစစ်ရာ၊ အလွမ်းအဆွေးနှင့် မေတ္တာ ရေးရာ၊  နန်းမှုရေးရာ   စသည်တို့ကို  အရေးအဖွဲ့ပုံစံအမျိုးမျိုး ဖြင့်  ရေးသားခဲ့ခြင်းဖြင့်    မြန်မာစာပေဘဏ္ဍာတိုက်မှာ  ပိုမို၍ ပြည့်ဖြိုးကြွယ်ဝလာသည်။   တခမ်းတနား    ကြီးမားတင့်တယ် လာခြင်းနှင့်အတူ    ဂန္ထဝင်မြောက်သည့်    စာပေများဖြစ်ထွန်း ပေါ်ပေါက်လာခဲ့ရာ  နှောင်းခေတ်အဆက်ဆက်  စံတင်ကြရ သည်။ နည်းယူမှီငြမ်းကြရသည်။ ကိုလိုနီခေတ်တွင်မူ မြန်မာ စာသည် နေရာပေးမခံရသည့်အလျောက် နောက်တန်းသို့ ရောက်သွားရသည်။ မြန်မာစာပေတွင် ဂန္ထဝင်မြောက်သည့် စာဟူ၍ လောက်လောက်လားလား ပြစရာမရှိဟူ၍ပင် နှိမ့်ချ ခံရသည်။ မြန်မာစာကို တက္ကသိုလ်တွင် သင်ကြားနိုင်ရေးအတွက် ကိုလိုနီလက်အောက်ခံမြန်မာတို့ အားထုတ်ကြိုးပမ်းတိုက်ပွဲ ဝင်ခဲ့ကြရသည်။ မြန်မာစာကို မြန်မာလူမျိုးတို့ ချစ်မြတ်နိုးဖို့ ရန်လည်း ဆော်ဩခဲ့ကြရသည်။

 


နှစ်ပေါင်းထောင်ချီ ကြာမြင့်ခဲ့ပြီဖြစ်သော မြန်မာစာပေ သမိုင်းတစ်လျှောက်ကို ပြန်လည်ကြည့်ပါက သည်ခေတ်တွင် သည်စာဟူ၍ ပြစရာ ဂန္ထဝင်စာပေများကို ခေတ်အဆက်ဆက်မှ စာဆိုတို့က ချန်ထားရစ်ခဲ့ကြသည်။ တစ်နည်းအားဖြင့် ခေတ် အလိုက် တာဝန်ကျေစွာဖြင့်   မြန်မာစာပေဘဏ္ဍာတိုက်ကို ဖြည့်တင်းခဲ့ကြသည်။ မျက်မှောက်ကာလတွင် စာပေတာဝန် ကျေပွန်သူတို့အတွက် စာပေဆုအမျိုးမျိုး ဂုဏ်ပြုချီးမြှင့်လျက် ရှိသကဲ့သို့ အမျိုးသားအဆင့်တွင် အမျိုးသားစာပေတစ်သက်တာ ဆုနှင့်တကွ    ဘာသာရပ်အလိုက်   အမျိုးသားစာပေဆုများ ချီးမြှင့်လျက်ရှိရာ နိုင်ငံနှင့်လူမျိုး တည်ရှိနေသရွေ့  ရှိနေဦးမည့် မြန်မာစာပေအဆင့်အတန်း         မြင့်သည်ထက်မြင့်အောင် ကြိုးပမ်းစွမ်းဆောင်ကာ မိမိတို့ခေတ် စာပေတာဝန်ကို ကျေပွန် နိုင်ကြပါစေကြောင်း။        ။