ချန်ပီယံဆုအတွက် အရေးပါသည့်ပွဲတွင် လက်ရှိချန်ပီယံ အား/ကာသိပ္ပံကို သစ္စာအားမာန်အသင်း အနိုင်ယူ

 

ရန်ကုန်  နိုဝင်ဘာ  ၂၄


၂၀၂၂ ရာသီ  မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ   ပွဲစဉ်  (၁၃) ကို နိုဝင်ဘာ ၂၃၊ ၂၄ ရက်က ဆက်လက်ကျင်းပရာ သစ္စာအားမာန်အသင်း၊ အား/ကာဦးစီးဌာနအသင်းနှင့် မြဝတီ အသင်း အနိုင်ရရှိခဲ့သည်။

 


ပထမနေ့ ဗဟန်းမြက်ခင်းတုကွင်း၌ကျင်းပသည့်ပွဲတွင် သစ္စာအားမာန်အသင်းက အား/ကာသိပ္ပံအသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့်အနိုင်ရခဲ့သဖြင့် ချန်ပီယံမျှော်လင့်ချက်ရှိ လာပြီး နောက်ဆုံးပွဲတွင် အား/ကာသိပ္ပံအသင်း နိုင်ပွဲပျောက်ဆုံးပါက ချန်ပီယံဆု ရယူနိုင်မည်ဖြစ်သည်။  

 


ပွဲအစ  ၅  မိနစ်တွင်   အား/ကာသိပ္ပံအသင်း ခေါင်းဆောင် ခင်မာလာထွန်းက ဦးဆောင်ဂိုးသွင်းယူ ခဲ့သော်လည်း  ၁၈ မိနစ်တွင် နီလာဝင်းက သစ္စာ အားမာန်အသင်းအတွက် ချေပဂိုးပြန်သွင်းခဲ့သည်။ ဂိုးပြန်ရပြီးနောက်ပိုင်းတွင် သစ္စာအားမာန်အသင်း   ကစားပုံပိုကောင်းလာပြီး ၂၅ မိနစ်တွင် ဝင်းသိဂီထွန်း က  ဒုတိယဂိုးထပ်မံသွင်းယူခဲ့သည်။  အား/ကာသိပ္ပံ အသင်းအတွက်   ချေပဂိုးကို  မိနစ် ၆၀ အထိ ရုန်းကန် ခဲ့ရပြီး ၆၉ မိနစ်မှ ရွှေရည်ထွန်းက သွင်းနိုင်ခဲ့သဖြင့် နှစ်ဂိုးစီသရေကျခဲ့သည်။    သစ္စာအားမာန်အသင်း အတွက် အနိုင်ဂိုးကို  ၈၁  မိနစ်တွင်  နီလာဝင်းက သွင်းယူခဲ့ သည်။

 


သုဝဏ္ဏလေ့ကျင့်ရေးကွင်း -၁ ၌ ကျင်းပသည့် ပွဲတွင် မြဝတီအသင်းက YREO အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ မြဝတီအသင်းအတွက် အနိုင်ဂိုးကို  ၄၃  မိနစ်တွင် ရူပါခိုင်က သွင်းယူခဲ့သည်။

 


ဒုတိယနေ့တွင် အား/ကာဦးစီးဌာနအသင်းက Young Lionesses အသင်းကို လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။   အား/ကာဦးစီးဌာနအသင်းမှာမူ Young Lionesses  အသင်းကို   ဂိုးပြတ်သွင်းကာ နိုင်ပွဲပြန်ရခဲ့သည်။    အား/ကာဦးစီးဌာနအသင်း အတွက် ဂိုးများကို ၄၊ ၄၈၊ ၆၆ မိနစ်တွင် သန်းသန်းဝေ၊ မိနစ် ၇၀တွင် မိုးမမစိုးတို့ကသွင်းယူကာ Young Lionesses အသင်း အတွက် ချေပဂိုးကို၁၅မိနစ်တွင် အကူမွန်ယံက သွင်းယူခဲ့သည်။

 


ယခုပွဲအပြီးတွင်      သစ္စာအားမာန်အသင်းက ပွဲကုန် ၁၂ ပွဲ ကစား ၃၁ မှတ်၊ အား/ကာသိပ္ပံအသင်းက ၁၁ ပွဲကစား ၂၈ မှတ်၊ မြဝတီအသင်းက ၁၁ ပွဲကစား ၂၆ မှတ်ရရှိထားသည်။                                

 ရဲရင့်လွင်