
ရန်ကုန် နိုဝင်ဘာ ၂၉
၂၀၂၂ ခုနှစ် ပဉ္စမအကြိမ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ကွန်ဂရက် (5th MFF Congress 2022) ကို နိုဝင်ဘာ ၂၉ ရက်က Video Conferencing ဖြင့် ကျင်းပရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်း သိန်းဇံ၊ အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ Salman bin Ibrahim Al Khalifa နှင့် တာဝန်ရှိသူများ၊ အာဆီယံဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး Wiston Lee၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဒုတိယဥက္ကဋ္ဌများဖြစ်သည့် ဒေါက်တာ စိုင်းဆမ်ထွန်းနှင့် ဦးပြည့်ဖြိုးတေဇ၊ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာ နေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းတာဝန်ရှိသူများ၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်ပေါင်း ၂၃၃ မြို့နယ်များမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးသည်။
ပဉ္စမအကြိမ် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ညီလာခံတွင် ရှေးဦးစွာ တက်ရောက်လာသော အဖွဲ့အစည်းများစာရင်း ကြေညာပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ၂၀၂၂ ခုနှစ် လှုပ်ရှားမှုများအား Video Clip ဖြင့် ပြသသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံက အဖွင့်မိန့်ခွန်း ပြောကြားသည်။ ဆက်လက်၍ အာရှဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ Salman bin Ibrahim Al Khalifa မှ ကြိုဆိုနူတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော် က ကြိုဆိုနူတ်ခွန်းဆက်စကားပြောကြားကာ ပဉ္စမအကြိမ် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ညီလာခံအခမ်းအနားအား အစီအစဉ်များအတိုင်း ဆက်လက်ပြုလုပ်ခဲ့သည်။
ပဉ္စမအကြိမ်မြောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ညီလာခံ အခမ်း အနားသို့ မဲပေးခွင့်ရှိသူ ၂၆၄ ဦးအနက် ၂၃၃ ဦး တက်ရောက်ခဲ့သဖြင့် အခမ်းအနား အစီအစဉ် အတည်ပြုကြောင်း ကြေညာပြီး အွန်လိုင်းမှ ကြိုတင်ဆန္ဒမဲပေးခြင်းနှင့် မဲရေတွက်ခြင်းများအတွက် ကိုယ်စားလှယ် များမှ ရွေးချယ်ထားသည့် ကြီးကြပ်သူ အဖွဲ့ဝင် သုံးဦးအဖြစ် ကျိုက်မရောမြို့နယ် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစောထူးလေး၊ ရှမ်း ယူနိုက်တက်အသင်း အမှုဆောင်အရာရှိချုပ် ဦးရဲမျိုးထွန်း၊ ဒဂုံဆိပ်ကမ်း မြို့နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်စွာမြင့်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ညီလာခံ၏ တရားဝင်မှတ်တမ်းများအတွက် ကိုယ်စားလှယ်များ ရွေးချယ်ထားသည့် စစ်ဆေးမည့် အဖွဲ့ဝင် သုံးဦးအဖြစ် မင်းဘူးမြို့နယ် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမြင့်သိန်း၊ သီပေါမြို့နယ် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအုန်းလွင်၊ ကျုံပျော်မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင် မင်းထွန်းတို့ကို မဲပေးခွင့်ရှိသူ ၂၆၄ ဦးအနက် ၂၃၃ဦးက သဘောတူညီခဲ့ သောကြောင့် ရွေးချယ်ခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် ဘဏ္ဍာ ရေးနှင့် ဈေးကွက်ရှာဖွေရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းက ဘဏ္ဍာရေး အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏၂၀၂၂ ဘဏ္ဍာရေးနှစ် ရငွေ/သုံးငွေနှင့် လက်ကျန်စာရင်းတင်ပြရာတွင် မဲပေးခွင့်ရှိသူ ၂၆၄ဦးအနက် ၂၃၃ဦးက သဘောတူထောက်ခံခဲ့သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ဖွဲ့စည်းပုံစည်းမျဉ်းများ ပြင်ဆင် ပြောင်းလဲခြင်းနှင့်ပတ်သက်၍ ဥပဒေရေးရာကော်မတီဥက္ကဋ္ဌ ဦးဇော် မင်းစိန်က Video Clip ဖြင့် ရှင်းလင်းတင်ပြရာတွင် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်နှင့် အာရှဘောလုံးအဖွဲ့ချုပ်တို့၏ ညွှန်ကြားချက်အရ မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ဖွဲ့စည်းပုံစည်းမျဉ်း စည်းကမ်းများ ပြင်ဆင် ခြင်းများကို ၂၀၂၂ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့် အာရှဘောလုံးအဖွဲ့ချုပ် တို့မှ ပေးပို့လာသော လမ်းညွှန်ချက်များအတိုင်း ပြုလုပ်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ဖွဲ့စည်းပုံစည်းမျဉ်း စည်းကမ်းထဲရှိ အပိုဒ်ခွဲ ၃၇ ဒသမ ၂ တွင် ပါရှိသော အားကစားနှင့် လူငယ်ရေးရာ၊ ကျန်းမာရေး၊ ပညာရေးဝန်ကြီးဌာနဆိုင်ရာများမှ အလုပ်အမှုဆောင် ကော်မတီဝင် သုံးဦးအား အလုပ်အမှုဆောင် အဖွဲ့ဝင်အကြံပေး အဖြစ် ပြောင်းလဲပြင်ဆင်ခဲ့ပါကြောင်း၊ ဖွဲ့စည်းပုံစည်းမျဉ်းစည်းကမ်း ထဲရှိ အပိုဒ်ခွဲ ၃၇ ဒသမ ၃ တွင်ပါရှိသော တိုင်းနှင့် ပြည်နယ်များမှ အလုပ်အမှုဆောင်ကော်မတီဝင် ခြောက်ဦးအား အထက်မြန်မာပြည်မှ သုံးဦး၊ အောက်မြန်မာပြည်မှ သုံးဦးဖြင့် ရွေးချယ်မှုကို ထည့်သွင်း ပြင်ဆင်ခဲ့ပါကြောင်း၊ ဖွဲ့စည်းပုံစည်းမျဉ်း စည်းကမ်းထဲရှိ အပိုဒ်ခွဲ ၃၇ ဒသမ ၅ တွင်ပါရှိသော ဥက္ကဋ္ဌသက်တမ်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌသက်တမ်းသည် တစ်ကြိမ်လျှင် လေးနှစ်၊ စုစုပေါင်း ၁၂ နှစ်ဖြစ်ပြီး ဥက္ကဋ္ဌ ရာထူးနေရာသည် အများဆုံး ၁၂ နှစ်သာ တာဝန်ယူဆောင်ရွက်ရန်ဟု သတ်မှတ်ပြဋ္ဌာန်းထားပါ ကြောင်း စသည်ဖြင့် ထည့်သွင်းပြောကြားခဲ့သည်။
ယင်းနောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ဖွဲ့စည်းပုံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ အမြဲတမ်း ညွှန်ကြားချက်နှင့် အခါအားလျော်စွာ ထုတ်ပြန်သည့် ဥပဒေစည်းမျဉ်းများအား ပြုပြင်ပြောင်းလဲရန် အဆိုပြု ခြင်း၊ အတည်ပြုခြင်းများပြုလုပ်ခြင်းကို မဲပေးခွင့်ရှိသူ ၂၆၄ဦး အနက် ၂၃၃ ဦးက သဘောတူထောက်ခံခဲ့သည်။ ထို့နောက် စာရင်းပိုင်းဆိုင်ရာ စစ်ဆေးရန်နှင့် အတည်ပြုပေးရန် မှတ်ပုံတင် စာရင်းကိုင်အဖွဲ့ ဥက္ကဋ္ဌအဖြစ် ဦးဝမ်တင်အား ခန့်အပ်ကြောင်း ကြေညာ ခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ကိုညီလေး