
ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့ဖလား အုပ်စု (င) နောက်ဆုံးပွဲစဉ်များတွင် ဂျပန်နှင့်ဂျာမနီအသင်းတို့ နိုင်ပွဲရ ရှိခဲ့သည်။
ဂျပန်နှင့် စပိန်အသင်းတို့ပွဲစဉ်တွင် ဂျပန်အသင်းက နှစ်ဂိုး- တစ်ဂိုး ဖြင့် အနိုင်ရရှိခဲ့သည်။ ယခုအနိုင်ပွဲကြောင့် ဂျပန်အသင်းသည် သုံးပွဲ ကစား ရမှတ် ခြောက်မှတ်နှင့်အတူ အုပ်စုပထမဖြင့် နောက်တစ်ဆင့်တက်လှမ်းနိုင်ခဲ့သည်။
စပိန်အတွက် သွင်းဂိုးကို ပွဲချိန် ၁၁ မိနစ်တွင် ရရှိခဲ့ပြီး မိုရာတာက သွင်းယူပေးခဲ့သည်။ ဂျပန်အတွက် သွင်းဂိုးများကို ပွဲချိန် ၄၈ မိနစ်နှင့် ၅၁ မိနစ်တွင် ဒိုအန်နှင့် တာနာကာတို့က သွင်းယူပေးခဲ့သည်။
ကော့စတာရီကာနှင့် ဂျာမနီအသင်းတို့ပွဲစဉ်တွင် ဂျာမနီက လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဂျာမနီအသင်းသည် ယခုပွဲအနိုင်ရရှိခဲ့သော် လည်း စပိန်အသင်းနှင့် ရမှတ် လေးမှတ်တူ၊ ဂိုးကွာခြားချက်ဖြင့် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီ ဖြစ်သည်။
ဒီဇင်ဘာ ၂ ရက် ည ၉ နာရီခွဲတွင် ယှဉ်ပြိုင်သည့် အုပ်စု (ဇ) ဒုတိယ ပွဲစဉ်များတွင် ဥရုဂွေးက ဂါနာကို နှစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရပြီး တောင်ကိုရီးယားက ပေါ်တူဂီကို နှစ်ဂိုး- တစ်ဂိုးဖြင့် အနိုင်ရရှိသည်။
ယင်းအုပ်စုတွင် ပေါ်တူဂီက သုံးပွဲကစား နှစ်ပွဲနိုင် တစ်ပွဲရှုံး ရမှတ် ခြောက်မှတ်ဖြင့် အုပ်စုဗိုလ်ရရှိကာ တောင်ကိုရီးယားနှင့် ဥရုဂွေးတို့ တစ်ပွဲနိုင်၊ တစ်ပွဲ သရေ၊ တစ်ပွဲရှုံး ရမှတ်လေးမှတ်စီ တူသော်လည်း ကိုရီးယားက ရဂိုး လေးဂိုး၊ ပေးဂိုး လေးဂိုးနှင့် ဥရုဂွေးက ရဂိုး နှစ်ဂိုး၊ ပေးဂိုး နှစ်ဂိုးရရှိကာ ဂိုးကွာခြားချက်မရှိသော်လည်း သွင်းဂိုးပိုများသည့် တောင်ကိုရီးယားက အုပ်စုဒုတိယဖြင့် ၁၆ သင်းအဆင့်သို့ တက်လှမ်း သွားခဲ့သည်။
ဇော်ဇော်