
ONE ON PRIME VIDEO 5 ပြိုင်ပွဲကို မြန်မာစံတော်ချိန် ဒီဇင်ဘာ ၃ ရက် နံနက်အစောပိုင်းက ကျင်းပရာ အဓိကတွဲဆိုင်းဖြစ်သည့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲတွင် ဒီရစ်ဒါအရေးနိမ့်ပြီး ချန်ပီယံ ခါးပတ်လက်လွှတ်ခဲ့ရသည်။
ယင်းပြိုင်ပွဲမှာ အမေရိကန်နိုင်ငံမှ ပရိသတ်များအတွက် ရည်ရွယ် ကျင်းပခြင်းဖြစ်သောကြောင့် မြန်မာစံတော်ချိန် နံနက်အစောပိုင်း တွင် ကျင်းပခြင်းဖြစ်ပြီး အဓိကတွဲဆိုင်းအဖြစ် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲတွင် လက်ရှိချန်ပီယံ နယ်သာ လန်နိုင်ငံသား ဒီရစ်ဒါနှင့် စိန်ခေါ်သူ ရုရှား နိုင်ငံသား အန်နာတိုလီမာလီကင်တို့ ယှဉ်ပြိုင် ထိုးသတ်ခဲ့သည်။ ဒီရစ်ဒါသည် ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်တွင် မြန်မာ MMA ဖိုက်တာ အောင်လ အန်ဆန်ကို မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီး ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲများတွင် ဆက်တိုက် အနိုင်ယူကာ ONE Championship ၏ MMA ပြိုင်ပွဲများတွင် ရုတ်တရက် နာမည်ရလာသူဖြစ်ပြီး ၁၆ ပွဲ ရှုံးပွဲမရှိမှတ်တမ်းနှင့် ၎င်း၏ချုပ်ကွက်များ ကြောင့်လည်း ပိုမိုထင်ရှားလာသူဖြစ်သည်။ ဒီရစ်ဒါသည် ယခုပွဲတွင် ၎င်း၏နာမည်ကျော် ချုပ်ကွက်ကို အသုံးပြုနိုင်ခြင်းမရှိဘဲ Interim ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံတစ်ဦးဖြစ်သူ အန်နာတိုလီမာလီကင်က အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့သည်။
အန်နာတိုလီမာလီကင်သည် ဒီရစ်ဒါ ၏ အချုပ်မခံရသလို ဘယ်၊ ညာ လက်သီးချက် များဖြင့် တုံ့ပြန်ခဲ့ရာ ဒီရစ်ဒါ အထိနာခဲ့သည်။ အန်နာတိုလီမာလီကင်၏ အားပါလှသည့် လက်သီးများမှာ ဒီရစ်ဒါ၏ မျက်နှာကို ဆက်တိုက်ထိမှန်ခဲ့ပြီး ပထမအချီမှာပင် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ အန်နာတိုလီ မာလီကင်သည် အားပါလှသည့် လက်သီးချက် များဖြင့် ဆက်တိုက်ပစ်သွင်းကာ ပထမအချီ ၄ မိနစ် ၃၅ စက္ကန့်တွင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရ ခဲ့သည်။
အနိုင်ရခဲ့သည့် အန်နာတိုလီမာလီကင် သည် Interim ဟဲဗီးဝိတ်တန်းနှင့် လိုက်ဟဲ ဗီးဝိတ်တန်းတို့၏ ဝိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံ ဖြစ်လာပြီး အရေးနိမ့်ခဲ့သည့် ဒီရစ်ဒါမှာမူ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံအဖြစ်သာ ဆက်လက်ရပ်တည်နိုင်ခဲ့သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-ONE