မြန်မာ့တိုင်းရင်းဆေးပညာ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးသို့

 

ခေတ်မီဆေးဝါး အတတ်ပညာများ မပေါ်ပေါက်မီ ကမ္ဘာ့နိုင်ငံ အသီးသီးရှိ    လူ့အဖွဲ့အစည်းတို့တွင်    ကျန်းမာရေးအတွက် ရိုးရာဆေးပညာ ကုထုံးများနှင့် ဆေးဝါးများကိုသာ အားကိုး အားထားပြု   သုံးစွဲခဲ့ကြရသည်။   မြန်မာ့တိုင်းရင်းဆေးသည် လည်း   ရှေးနှစ်    ထောင်နှင့်ချီသည့်      ကာလကပင်ရှိခဲ့ပြီး တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊  ပင်းယ၊ အင်းဝ၊ ကုန်းဘောင် စသည့် ခေတ်အဆက်ဆက်တို့တွင် တစ်စတစ်စ ခိုင်မြဲအခြေကျ လာခဲ့ခြင်းဖြစ်သည်။ မြန်မာ့တိုင်းရင်းဆေးပညာတွင် အိန္ဒိယ ဆေးကျမ်းများ၏ ဩဇာလွှမ်းမိုးမှုများရှိခဲ့သလို မြန်မာမင်း များက ပတ်ဝန်းကျင်နိုင်ငံများကို သိမ်းသွင်းရာမှ ဆေးဝါးအတတ် ကျွမ်းကျင်သူများ၊ အရိုးကျိုး အရိုးဆက် ကျွမ်းကျင်သူများကိုပါ ခေါ်ဆောင်လာခဲ့သည်များလည်း ပေါင်းစည်းပါဝင်ခဲ့သည်။

 


မြန်မာ့တိုင်းရင်းဆေးပညာသမိုင်းတွင် မြန်မာတို့ ကိုလိုနီ လက်အောက်ခံဘဝ  ကျရောက်ခဲ့ရပြီးနောက် မြန်မာ့တိုင်းရင်း ဆေးကဏ္ဍမှာလည်း   မှေးမှိန်သွားခဲ့ရကြောင်းနှင့်  ဒုတိယ ကမ္ဘာစစ်ကာလတွင်မူ အနောက်တိုင်းဆေးဝါးများ  ရှားပါး ပြတ်လပ်မှုများနှင့် တွေ့ကြုံရမှုကြောင့် မြန်မာ့တိုင်းရင်းဆေး ပညာနှင့်   ဆေးဝါးများကို   အဓိက ပြန်လည်သုံးစွဲလာကြရ ကြောင်းကို  တွေ့ရှိရသည်။ စစ်ကြိုခေတ် ၁၉၃၀ ပြည့်နှစ်တွင် တိုင်းရင်းဆေးပညာ စုံစမ်းရေးကော်မတီတစ်ရပ် ထွက်ပေါ်လာ ပြီး အဆိုပါကော်မတီက  တိုင်းရင်းဆေးပညာကျောင်း ဖွင့်လှစ် ရေး၊ ပရဆေးဥယျာဉ်တည်ဆောက်ရေး၊   တိုင်းရင်းဆေးရုံနှင့်   ဆေးခန်းများ    တည်ထောင်ရေးတို့ကို    ဗြိတိသျှအစိုးရအား အစီရင်ခံခဲ့သော်လည်း    အကောင်အထည်ပေါ်လာခြင်းမရှိခဲ့။ သို့ရာတွင်    မြန်မာ့တိုင်းရင်းဆေးပညာရှင်  အသိုက်အဝန်းမှာ နိုးကြားလာခဲ့ကြသည်ဟုဆိုသည်။

 


လွတ်လပ်ရေးရပြီးနောက် ၁၉၅၃   ခုနှစ်တွင်   တိုင်းရင်းဆေး   အခမဲ့     ဆေးခန်းများ၊ ရန်ကုန်နှင့် မန္တလေးတို့တွင်  ပေါ်ပေါက် လာပြီး     ၁၉၅၅   ခုနှစ်တွင်   တိုင်းရင်းဆေးဆရာအဖွဲ့    အက်ဥပဒေနှင့်     နည်းဥပဒေများပြဋ္ဌာန်း၍     တိုင်းရင်းဆေး ဆရာများကို မှတ်ပုံတင်စေခဲ့ရာ ၁၉၆၂ ခုနှစ်သို့  ရောက်ရှိ သည့်အခါ    မှတ်ပုံတင်တိုင်းရင်းဆေးဆရာ ၂၂၅၈၃ ဦး ရှိခဲ့ သည်။ ယင်းနှစ်တွင်  စနစ်တကျ အရည်အချင်းစစ်စာမေးပွဲဖြင့်   စစ်ဆေးခြင်းမပြုဘဲ  မှတ်ပုံတင်ပေးထားသော တိုင်းရင်းဆေး ဆရာများကို   ဖျက်သိမ်း၍    ဒေသနာနယ၊   ဘေသဇ္ဇနယ၊  နက္ခတ္တနယ ဟူသော  ဘာသာရပ်သုံးမျိုးဖြင့်       အရည်အချင်း စစ်ဆေးပြီး     အောင်မြင်သူများကိုသာ  တိုင်းရင်းဆေးဆရာ မှတ်ပုံတင်ထုတ်ပေးခဲ့သည်။    ၁၉၆၉   ခုနှစ်တွင်  ရန်ကုန် တက္ကသိုလ်  ဘွဲ့နှင်းသဘင်ခန်းမ၌ တိုင်းရင်းဆေးပညာ   နှီးနှော ဖလှယ်ပွဲကိုလည်းကောင်း၊     ၁၉၇၂   ခုနှစ်တွင်   ရန်ကုန်မြို့ ကျိုက္ကဆံကွင်း၌   တိုင်းရင်းဆေးပညာ    ဆွေးနွေးပွဲကြီးကို လည်းကောင်း ကျင်းပခဲ့သည်။

 


၂၀၀၀ ပြည့်နှစ်တွင် စတင်ကျင်းပခဲ့သည့် မြန်မာ့တိုင်းရင်း ဆေးသမားတော်များ ညီလာခံမှာ    ယခုနှစ်တွင်    (၂၁)ကြိမ် မြောက်အဖြစ်  ကျင်းပတော့မည်ဖြစ်သည်။ ညီလာခံနှင့်အတူ မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကိုပါ နေပြည်တော် MICC II တွင်  ဒီဇင်ဘာ ၈ ရက်နှင့် ၉ ရက်တို့တွင် ကျင်းပသွား မည်ဖြစ်ရာ မြန်မာ့တိုင်းရင်းဆေးပညာ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး၊ အရည်အသွေးပြည့်ဝသည့်    တိုင်းရင်းဆေးပညာကုထုံးများ၊ တိုင်းရင်းဆေးဝါးများနှင့်   ပြည်သူလူထု၏   ကျန်းမာရေးကို ပိုမိုထိရောက်စွာ      စောင့်ရှောက်ပေးနိုင်ရေး၊    အစွမ်းထက် တိုင်းရင်းဆေးဝါးများနှင့်ကုထုံးများ  ပေါ်ထွက်လာရေးအတွက် သုတေသနလုပ်ငန်းများ    ပိုမိုဆောင်ရွက်နိုင်ရေး စသည်တို့ အပါအဝင် အကျိုးရလဒ်ကောင်းများ  ပေါ်ထွက်လာနိုင်မည် ဟု ယုံကြည်ပါကြောင်း။          ။