
ရန်ကုန် ဒီဇင်ဘာ ၇
ဘင်္ဂလားဒေ့ရှ်နိုင်ငံက အိမ်ရှင်အဖြစ်၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင်ကျင်းပမည့် အသက်(၁၄)နှစ် အောက် နိုင်ငံတကာလူငယ်တင်းနစ်ပြိုင်ပွဲသို့ မြန်မာတင်းနစ် အားကစားသမားများ ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ်မှ သိရ သည်။
“ဘင်္ဂလားဒေ့ရှ်မှာလုပ်မယ့် ပွဲက U-14 လူငယ်ပြိုင်ပွဲပါ။ အဲဒီပွဲက နှစ်စဉ်လုပ်ပါတယ်။ ဒီနှစ်ဝင်ပြိုင်ဖို့အတွက် လူရွေးပွဲကို မကြာခင် ပြုလုပ်မှာဖြစ်ပါတယ်။ အဲဒီလူရွေးပွဲကမှ ယောကျ်ားလေးနှစ်ယောက်နဲ့ မိန်းကလေး နှစ်ယောက်ကို စေလွှတ်ယှဉ်ပြိုင်စေမှာ ဖြစ်ပါ တယ်” ဟု လူငယ်တင်းနစ်ပြိုင်ပွဲ ကျင်းပရေး တာဝန်ရှိသူ ဦးသိန်းအောင်က ပြောသည်။
သုံးမျိုးပါဝင်မည်
မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ်အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စေလွှတ်ယှဉ်ပြိုင်မည့် လူငယ်အားကစားသမား လူရွေးချယ်ပွဲကို ဒီဇင်ဘာ ၈ ရက်နှင့် ၉ ရက်တို့တွင် ပြုလုပ် မည်ဖြစ်ပြီး တင်းနစ်အဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ပြိုင်ပွဲကိုလည်း ဒီဇင်ဘာ ၁၆ ရက်မှ ၁၈ ရက်အထိ ပြုလုပ်မည်ဖြစ်ကာ ယင်းအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ပြိုင်ပွဲတွင် အေကလပ်၊ ဘီကလပ်နှင့် အမျိုးသမီး ပြိုင်ပွဲအမျိုးအစား သုံးမျိုးပါဝင်မည်ဖြစ် ကြောင်း သိရသည်။
ဖွင့်သင်ကြားပေးလျက်ရှိ
လက်ရှိတွင် မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ် အသစ်မှ ပြိုင်ပွဲများဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် လက်ရွေးစင် တင်းနစ်ကစားသမားများ ပုံမှန် လေ့ကျင့်လျက်ရှိကြပြီး တင်းနစ်ပြိုင်ပွဲများတွင် မှန်ကန်စွာ အမှတ်ပေးနိုင်ရေး၊ အမှတ်ပေး စည်းမျဉ်းစည်းကမ်း၊ ဥပဒေနှင့် ဒိုင်တာဝန် ထမ်းဆောင်ရမည့်သူများ သိရှိလိုက်နာရမည့် အချက်များအတွက် သုံးရက်တာဒိုင်သင်တန်း ကိုလည်း ယနေ့နံနက်ပိုင်းမှ ဒီဇင်ဘာ ၉ ရက် အထိ ဖွင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အာကာစိုး၊ ဓာတ်ပုံ-တင်စိုး